Polytechnic University များကို တိုင်းနှင့်ပြည်နယ် (၆) ခုတွင် ထပ်မံတိုးချဲ့ ဖွင့်လှစ်မည်

ပညာတတ် လူသားအရင်းအမြစ် လိုအပ်ချက်ကြောင့် Polytechnic University များကို တိုင်းဒေသကြီးနှင့် ပြည်နယ် (၆) ခုတွင် ထပ်မံတိုးချဲ့ ဖွင့်လှစ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

မတ်လ (၂၁) ရက်နေ့၊ နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်းဗဟိုဌာန-၁ တွင် ကျင်းပပြုလုပ်ခဲ့သော "၂၀၂၅ အလွန် ဗဟုဝင်ရိုးကမ္ဘာတွင် မြန်မာနိုင်ငံကြုံတွေ့လာရမည့် စိန်ခေါ်မှုများနှင့် အခွင့်အလမ်းများ" သုံးသပ်ဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနားတွင် စကစဥက္ကဌက အဖွင့်အမှာစကား ပြောကြားခဲ့သည်။ 

အဖွင့်အမှာစကားတွင် စီးပွားရေးနှင့် ဖွံ့ဖြိုးတိုးတက်မှုတို့အတွက် အခြေခံလိုအပ်ချက်များမှာ လူ့စွမ်းအားအရင်းအမြစ် (HR) နှင့် ရင်းနှီးမြှုပ်နှံမှုဖြစ်ပြီး နိုင်ငံတွင် လူဦးရေ (၅၁) သန်းခန့်ရှိသည့်အထဲမှ ပညာရေးကဏ္ဍ၌ လိုအပ်ချက်များ ရှိနေသည်ကို တွေ့ရကြောင်း စကစ ဥက္ကဌက ပြောသည်။

ထို့ကြောင့် ပညာတတ် လူသားအရင်းအမြစ်များ လိုအပ်သဖြင့် အခြေခံပညာရေးစနစ်ကို မြှင့်တင်နိုင်ရေးအတွက် စိုက်ပျိုးမွေးမြူရေးနှင့် စက်မှုအထက်တန်းကျောင်းများကို နိုင်ငံအနှံ့ ဖွင့်လှစ်ပေးထားပြီး Polytechnic University များကိုလည်း တိုင်းဒေသကြီးနှင့် ပြည်နယ် (၆) ခုတွင် ထပ်မံတိုးချဲ့ ဖွင့်လှစ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် အထက်တန်းပညာနှင့် တွဲဖက်၍ စိုက်ပျိုးရေးသင်တန်း၊ မွေးမြူရေးသင်တန်းနှင့် စက်မှုနည်းပညာသင်တန်းတို့ကို စာတွေ့၊ လက်တွေ့ သင်ကြားပေးနေသည့် စိုက်ပျိုးမွေးမြူရေးနှင့် စက်မှုအထက်တန်းကျောင်း (၈၅) ကျောင်း ဖွင့်လှစ်ထားပြီး ၂၀၂၄ ပညာသင်နှစ်တွင် Naypyitaw State Polytechnic University နှင့်အတူ Polytechnic University (၇) ခုကို ဗန်းမော်၊ လာရှိုး၊ ကျိုင်းတုံ၊ ပင်လုံ၊ မြိတ်၊ ထားဝယ်နှင့် မအူပင်မြို့တို့တွင် ဖွင့်လှစ်နိုင်ခဲ့သည်။ 

Polytechnic University ဆိုသည်မှာ သိပ္ပံ၊ နည်းပညာ၊ အင်ဂျင်နီယာ၊ သင်္ချာပညာရပ်နှင့် အသုံးချသိပ္ပံ၊ စီးပွားရေး၊ စီမံခန့်ခွဲမှုဆိုင်ရာ အဆင့်မြင့်ပညာရပ်များကို ဘွဲ့ကြိုသင်တန်းများသာမက ဘွဲ့လွန်သင်တန်းများ၊ သုတေသနလုပ်ငန်းများအထိ လက်တွေ့ကျကျ လေ့ကျင့်သင်ကြားမှုများအပြင် လက်တွေ့လုပ်ငန်းခွင်နှင့် ချိတ်ဆက်သင်ကြားပို့ချပေးသည့် တက္ကသိုလ်တစ်ခုဖြစ်သည်။ 

Latest Post Local News Read 85 times