ငလျင်ကြောင့် ပျက်စီးခဲ့သည့် ကျောင်းများအား ၂၀၂၅-၂၀၂၆ ပညာသင်နှစ်အမီ ဖွင့်လှစ်မည်

ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့သည့် တက္ကသိုလ်၊ ပညာရေးဒီဂရီကောလိပ်နှင့် အခြေခံပညာကျောင်းများကို ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ကျောင်းဖွင့်ချိန်အမီ ဖွင့်လှစ်နိုင်ရန် ဆောင်ရွက်မည်ဖြစ်ပြီး လိုအပ်ပါက ယာယီစာသင်ဆောင်များ ဖြည့်စွက်သွားမည်ဖြစ်ကြောင်း သိရသည်။ 

ကျောင်းများဖွင့်လှစ်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ပြီးခဲ့သည့် ဧပြီလ (၁၈) ရက်နေ့တွင် နေပြည်တော် ပညာရေးဝန်ကြီးဌာန ရုံးအမှတ် (၁၃) ရှိ အစည်းအဝေးခန်းမ၌ ကျင်းပရာ ပညာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။ 

ပညာရေးသည် ပြန်လည်တည်ဆောက်ရေးနှင့် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် အရေးကြီးသောကြောင့် လာမည့် ပညာသင်နှစ်တွင် ကျောင်းနေအရွယ် ကလေးအားလုံး မပျက်မကွက် ပညာသင်ကြားနိုင်ရန် ပညာရေးဝန်ထမ်းများ၊ ဆရာ/ဆရာမများနှင့် မိဘပြည်သူများအားလုံး ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ 

လက်ရှိအခြေအနေတွင် မြေငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးမှုများ ဖြစ်ပေါ်ခဲ့သည့် စာသင်ကျောင်းပေါင်း (၂,၅၀၀) ကျော်ရှိပြီး အသေးစားပြင်ဆင်ရန် လိုအပ်သော အဆောက်အအုံများကို ကျောင်းဖွင့်ချိန်မတိုင်မီ အချိန်မီ ပြီးစီးအောင် ဦးစားပေးပြုပြင်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

ထို့အပြင် အန္တရာယ်ရှိကျောင်းအဆောက်အအုံများကို အမြန်ဆုံး စနစ်တကျ ရှင်းလင်းဆောင်ရွက်ကြရမည်ဖြစ်ပြီး ထိခိုက်ပျက်စီးခဲ့သည့် ကျောင်းများနှင့် အဆောက်အအုံများကို အသေးစားပြင်ဆင်ခြင်း၊ အကြီးစားပြင်ဆင်ခြင်း၊ အသစ်တည်ဆောက်ခြင်းဟူသော သတ်မှတ်ချက် (၃) မျိုးနှင့်အညီ စနစ်တကျ စာရင်းပြုစုထားရမည်ဖြစ်သည်။

၂၀၂၅ ခုနှစ်၊ ဇွန်လဆန်းတွင် ကျောင်းများ ပြန်လည်ဖွင့်လှစ်နိုင်ရေးအတွက် လမ်းညွှန်ချက်များနှင့်အညီ ပြင်ဆင်ရန်၊ လိုအပ်သောဒေသများတွင် ယာယီစာသင်ဆောင်များနှင့် ယာယီလူနေဆောင်များကို စနစ်တကျ ဖြည့်ဆည်းသွားကြရန်နှင့် အဆောက်အအုံများ ပြုပြင်တည်ဆောက်ရာတွင် မပြုပြင်မီ၊ ပြုပြင်ဆဲနှင့် ပြုပြင်ပြီး မှတ်တမ်းဓာတ်ပုံများ စနစ်တကျထားရှိ ဆောင်ရွက်ကြရန် အစည်းအဝေးတွင် ပြောကြားခဲ့သည်။

Source - ပြန်ကြားရေးဝန်ကြီးဌာန

======================

ပညာရေးဆိုင်ရာ သတင်းအချက်အလက် အစုံအလင်ကို
Telegram နှင့် Viber မှာလည်း အလွယ်တကူ ဖတ်ရှုနိုင်ပါတယ်။

https://t.me/eudcationguide (Telegram)

https://invite.viber.com/? (Viber)

နှစ်ပတ်တစ်ကြိမ် ပေးပို့နေတဲ့ Education Bulletin ကို
ရယူဖို့လည်း Subscribe လုပ်ထားနိုင်ပါတယ်။

https://shorturl.at/ktCaP

Latest Post Local News Read 22 times