ပြီးခဲ့တဲ့ အပတ်တုန်းက ၂၀၂၄ ခုနှစ်အတွင်း ပညာရေးဝန်ကြီးဌာနကနေ ညွှန်ကြားခဲ့တဲ့ ပုဂ္ဂလိကပညာရေးဆိုင်ရာ အမိန့်စာတွေ၊ မူဝါဒအသစ်တွေကို စုစည်း ဖော်ပြပေးခဲ့ပြီး ဖြစ်ပါတယ်။
ဒီတစ်ပတ်မှာတော့ ပုဂ္ဂလိကကျောင်းတွေ၊ နိုင်ငံတကာကျောင်းတွေအနေနဲ့ ပြောင်းလဲသွားတဲ့ မူဝါဒအသစ်တွေအပေါ်မှာ ဘယ်လိုလိုက်လျောညီထွေ ဖြစ်အောင် လုပ်ဆောင်နေရလဲ၊ ဘယ်လိုအခက်အခဲတွေ ရှိနေလဲ၊ အကျိုးသက်ရောက်မှုတွေကရော ဘာဖြစ်နိုင်မလဲ ဆိုတာနဲ့ အနာဂတ်အလားအလာ အခြေအနေတွေကို Myanmar Education Guide မှ PISA (Private International Schools Association) ရဲ့ Vice President နဲ့ တွေ့ဆုံ မေးမြန်းထားပါတယ်။
ဆရာကိုယ့်ကိုယ်ကိုယ် မိတ်ဆက်ပေးပါ။
ကျွန်တော်က PISA (Private International Schools Association - ပုဂ္ဂလိက နိုင်ငံတကာကျောင်းများ အသင်း) ရဲ့ Vice President ဖြစ်ပြီး BFI Education Services Co,.Ltd. ရဲ့ PR Director လည်းဖြစ်တဲ့ ဒေါက်တာဦးအောင်ကျော်ဆန်းပါ။
မြန်မာနိုင်ငံရဲ့ ပညာရေးစနစ်မှာ ပုဂ္ဂလိကကျောင်းတွေက ဘယ်လောက်အထိ အထောက်အကူပြုလဲ?
မြန်မာနိုင်ငံရဲ့ ပညာရေးစနစ်မှာ ပုဂ္ဂလိကကျောင်းတွေက တော်တော်လေး အထောက်အကူ ပြုပါတယ်။ နိုင်ငံတကာမှာလည်း အထောက်အကူပြုတာ တွေ့ရပါတယ်။ နိုင်ငံခြားမှာဆိုရင် ပုဂ္ဂလိကကျောင်းတွေကို နိုင်ငံတော်အစိုးရက ကျောင်းသားတွေအတွက် ပျမ်းမျှ ဒေါ်လာ ၂ သောင်းလောက်အထိ ထောက်ပံ့ပေးတာ တွေ့ရပါတယ်။ ဘာကြောင့်လဲဆိုရင် အစိုးရကျောင်းတွေက သူတို့မှာရှိတဲ့ ပညာရေးစနစ်ကို ပုဂ္ဂလိကကျောင်းတွေက ပိုပြီးတော့ ကောင်းအောင် Upgrade လုပ်ပေးလို့၊ နိုင်ငံတကာပညာရေးနဲ့ လိုက်မီအောင် ကြိုးစား ပံ့ပိုးပေးလို့ပါ။
မြန်မာနိုင်ငံမှာဆိုရင် အခြေခံပညာကျောင်းတွေရဲ့ သင်ရိုးအတိုင်း သင်တဲ့ ပုဂ္ဂလိကကျောင်းတွေ များစွာ ရှိပါတယ်။ International Schools ကတော့ Private Schools လောက် မများသေးပါဘူး။
Private School နဲ့ International School တွေမှာကျတော့ ကျောင်းစာအပြင် Extracurricular Activities တွေ ထည့်သွင်း သင်ကြားရပါတယ်။ အားကစား၊ အနုပညာ စသဖြင့် ကလေးတွေ ဘက်စုံဖွံ့ဖြိုးအောင် သင်ကြားပေးရပါတယ်။ တချို့ ပုဂ္ဂလိကကျောင်းတွေမှာဆို နိုင်ငံခြားက ဆရာ/ဆရာမတွေပါ ခန့်ပေးထားပါတယ်။ အဲဒီတော့ မြန်မာ့ပညာရေးအတွက် ပုဂ္ဂလိကကျောင်းတွေက အများကြီး အထောက်အကူပြုတာပေါ့။
ပညာရေးဝန်ကြီးဌာနမှ ချမှတ်ထားတဲ့ ပုဂ္ဂလိက ပညာရေးဥပဒေအပေါ် သုံးသပ်ချက်
ပညာရေးဆိုတာ နိုင်ငံ့ရဲ့ အသက်သွေးကြောပါပဲ။ ပညာရေးဥပဒေ ပေါ်လာတာက ကောင်းတဲ့ဘက်ကို သက်ရောက်မှုတွေလည်း ရှိပါတယ်။ ဥပဒေထုတ်တဲ့သူတွေကလည်း အတတ်ပညာရှင်တွေ၊ အတွေ့အကြုံရှိတဲ့သူတွေ စုပေါင်းပြီး လုပ်ထားတာပဲလေ။ ဥပဒေတစ်ခု ပြဌာန်းလိုက်ပြီဆိုရင် အဲ့ဥပဒေအတိုင်းပဲ သွားရတော့မှာပေါ့။ ဒီပုဂ္ဂလိက ပညာရေးဥပဒေက ကျောင်းတွေအတွက် ကြီးမားတဲ့ ပြောင်းလဲမှုတွေ ရှိပေမယ့် ကောင်းတဲ့ဘက်ကို ရှေးရှုတယ်လို့ မျှော်လင့်ရပါတယ်။
အခုဆို ပညာရေးဝန်ကြီးဌာနက ကျောင်းသားတွေအတွက် စာသင်ခန်းက ဘယ်လောက်အကျယ်အဝန်း ရှိရမလဲ၊ တစ်ခန်းမှာ ကျောင်းသားဘယ်နှစ်ယောက်ပဲ ရှိရမလဲ ဆိုတာတွေ သတ်မှတ်ထားတာလည်း ကောင်းပါတယ်။
ပုဂ္ဂလိကပညာရေး ဥပဒေထဲက ကျောင်းတွေအတွက် ကြီးမားတဲ့ ပြောင်းလဲမှုဆို ဘာဖြစ်နိုင်မလဲ? ဘာတွေပြင်ဆင် ပြောင်းလဲပေးနေရလဲ?
ပုဂလိကကျောင်းဆိုတဲ့ နေရာမှာ (၂) မျိုးရှိပါတယ်။ အစိုးရသင်ရိုးအတိုင်း သင်တဲ့ ကျောင်းတွေကတော့ ဘာမှထွေထွေထူးထူး ပြောင်းလဲသွားတာ မရှိပါဘူး။ International Schools ကို ပြောင်းတဲ့ မူဝါဒတွေမှာ တချို့ လက်တွေ့အကောင်ထည်ဖော်ဖို့ ခက်တဲ့အရာတွေ ရှိပါတယ်။ နမူနာ ပြောပြရမယ်ဆိုရင် -
မြန်မာစာသင်တာ မြန်မာနိုင်ငံသားတိုင်း သင်ရမယ်ဆိုတာ ကောင်းပါတယ်။ အခုလက်ရှိ မြန်မာစာနဲ့ လူမှုရေးသိပ္ပံကို (၅) တန်းအထိပဲ သင်ပြီး (၅) တန်းအထက်ကျတော့ ပထဝီက အစိုးရသင်ရိုးအတိုင်း စာအုပ်သပ်သပ်နဲ့ သင်ရပါတယ်။ ဆရာတို့ကျောင်းမှာလည်း အခုလက်ရှိ အဲ့ဒါတွေ သင်နေပါတယ်။ မြန်မာနိုင်ငံသူ နိုင်ငံသားတွေဟာ ကိုယ့်မြန်မာနိုင်ငံက အကြောင်းတွေကို သိသင့်တာပေါ့။
ဒါပေမဲ့ အဲဒီမှာ အခက်အခဲရှိတာက International Schools တက်တဲ့ ကျောင်းသူကျောင်းသားတွေဟာ မြန်မာစာမှာ အရေးရော အဖတ်ပါ အားနည်းကြပါတယ်။ Language မှာတောင် အားနည်းနေတာကို Subject အနေနဲ့ သင်ရတာဆိုတော့ ပိုဆိုးတာပေါ့။ နောက်ပြီး သင်ရုံတင်မဟုတ်ဘဲ တစ်ပတ်မှာ အတန်းချိန် ဘယ်လောက်ရှိရမလဲ၊ ဘယ်နှစ်ကြိမ်သင်ရမလဲဆိုတာပါ အစိုးရကျောင်းတွေအတိုင်း သင်ရတာဆိုတော့ အခက်အခဲရှိတာပေါ့။
ကျွန်တော်တို့ကလည်း ညွှန်ကြားချက်ဖြစ်တဲ့အတွက် လိုက်နာရတဲ့အခါ တချို့ Extracurricular Activities အချိန်တွေ ဖြစ်တဲ့ အားကစားအချိန်၊ အနုပညာအချိန်တွေမှာ မျှသင်ပေးရပါတယ်။ မြန်မာလို သင်ရတာဆိုတော့ မြန်မာဆရာ၊ ဆရာမတွေ ထပ်ငှားပြီးလည်း သင်ရပါတယ်။
နောက်တစ်ခုက အစိုးရကျောင်းတွေနဲ့ ပုဂ္ဂလိကကျောင်းတွေအားလုံး စာသင်နှစ်စမှာ တပြေးညီ ကျောင်းဖွင့်ရမယ် ဆိုတာပါ။ အစိုးရကျောင်းတွေက နွေရာသီမှာ ကျောင်းပိတ်ပါတယ်။ အခြေခံပညာကျောင်းတွေက ပုံမှန် မတ်လဆို ကျောင်းပိတ်ပြီး ဇွန်လမှာ ဖွင့်ပါတယ်။ အတန်းငယ်တွေဆို ဖေဖော်ဝါရီလထဲက ပိတ်ကြပါတယ်။ ဒါကတော့ မြန်မာနိုင်ငံရဲ့ ရာသီဥတုနဲ့ သင့်တော်တဲ့အတွက် အဆင်ပြေပါတယ်။
International Schools တွေကျတော့ စက်တင်ဘာလအစ (သို့) ဩဂုတ်လအကုန်လောက်မှာ ဖွင့်ကြတာများပါတယ်။ ကျွန်တော်တို့ ကျောင်းတွေဆို မနှစ်က ဩဂုတ်လမှာ စဖွင့်တယ်။ ဒီနှစ်ကျတော့ ဇူလိုင်လလယ်မှာ ဖွင့်တယ်။ တဖြည်းဖြည်းချင်း စောဖွင့်လာပြီး အစိုးရကျောင်းတွေနဲ့ ကျောင်းဖွင့်ရက် တူအောင်တော့ လုပ်နေပါတယ်။
ဒါပေမဲ့ အစိုးရကျောင်းတွေနဲ့ ကျောင်းဖွင့်ချိန်၊ ပိတ်ချိန် မတူတာက International Schools တွေက နိုင်ငံခြားဆရာတွေ ခန့်ရတယ်။ အစိုးရကျောင်းဖွင့်ချိန်ကျတော့ နိုင်ငံခြားဆရာတွေ ရှာရတာ ခက်ပါတယ်။ အဲ့အချိန်က သူတို့နားရက်ယူတဲ့အချိန် ဖြစ်နေပါတယ်။ အဲ့ဒါကြောင့် ပညာရေးဝန်ကြီးဌာနနဲ့ ညှိနှိုင်းနေရပါတယ်။
ပြောင်းလဲမှုတွေကြောင့် ကျောင်းတွေအနေနဲ့ ဘယ်လိုအခက်အခဲတွေ ရှိလဲ?
ပြောင်းလဲသွားတဲ့ မူဝါဒအသစ်တွေကို လိုက်နာဖို့က အနည်းငယ် အခက်အခဲလေးတွေ ရှိပေမယ့် ကျွန်တော်တို့ကလည်း ပညာရေးဝန်ကြီးဌာနနဲ့ ညှိနှုင်းဆောင်ရွက်နေပါတယ်။ ကျွန်တော်တို့အသင်း ရှိတယ်ဆိုတော့ International Schools တွေကိုယ်စား PISA က အခက်အခဲတွေကို ပညာရေးဝန်ကြီးဌာနနဲ့ ညှိနှိုင်းပြီး ဖြေရှင်းပေးပါတယ်။ မြန်မာတစ်ပြည်လုံးမှာ International Schools (၃၀၀) ကျော်လောက် ရှိတာဆိုတော့ ပညာရေးဝန်ကြီးဌာနအနေနဲ့လည်း ကျောင်းတစ်ကျောင်းချင်းစီ ဖြေရှင်းပေးဖို့ကျ သူတို့အတွက် ခက်ခဲတာပေါ့။
လက်ရှိ ပုဂ္ဂလိကကျောင်းတွေနဲ့ ပတ်သက်ပြီး ညွှန်ကြားထားတဲ့ မူဝါဒအသစ်တွေကိုရော ဘယ်လိုမြင်ပါလဲ?
ဝန်ကြီးဌာနက ညွှန်ကြားထားတဲ့ မူဝါဒအသစ်တွေက ကောင်းပါတယ်။ ကျွန်တော်တို့ အရင်တုန်းကဆို Register လုပ်ရင် MIC (Myanmar Investment Commision) မှာ လုပ်ရတာပါ။ အဲ့အချိန်က ပုဂ္ဂလိကပညာရေးဥပဒေ ဆိုတာလည်း မရှိသေးပါဘူး။ Private Schools တွေ၊ International Schools တွေကလည်း ပညာရေးဝန်ကြီးဌာနအောက်မှာ မရှိပါဘူး။ အခုဆို ပညာရေးဝန်ကြီးဌာနအောက် ရောက်သွားပြီဆိုတော့ စည်ပင်လိုင်စင်လုပ်တာကအစ နိုင်ငံခြားသား ဗီဇာထုတ်ပေးရတာအဆုံး လွယ်သွားပြီပေါ့။
အခုဆိုရင် ပညာရေးဝန်ကြီးဌာနအောက်က သက်ဆိုင်ရာ အဖွဲ့အစည်းတွေက ပုဂ္ဂလိကကျောင်းတွေကို လာစစ်ဆေးပါတယ်။ သူတို့ သတ်မှတ်ထားတဲ့ အချက် (၄၀) လောက်နဲ့ တိုက်စစ်ပြီး ကိုက်ညီရင် ကျောင်းမှတ်ပုံတင် ထုတ်ပေးပါတယ်။ ကျွန်တော်တို့ ကျောင်းလည်း မှတ်ပုံတင်ရပြီးပါပြီ။ မှတ်ပုံတင်သက်တမ်းကတော့ (၅) နှစ် အကျုံးဝင်ပါတယ်။
သူတို့ သတ်မှတ်ချက်နဲ့ မကိုက်ညီတဲ့ ကျောင်းတွေကိုတော့ ယာယီ (၂) နှစ်ပဲ ထုတ်ပေးပါတယ်။ အဲ့ (၂) နှစ်အတွင်းမှာ သူတို့ပြောတဲ့ လိုအပ်ချက်တွေကို လိုက်ပြောင်းလဲပေးနိုင်ရင် ကျောင်းမှတ်ပုံတင် ထုတ်ပေးပါတယ်။ နောက်ပိုင်း အသစ်ဖွင့်မယ့် ကျောင်းတွေအတွက်ကျတော့ သူတို့သေချာ စစ်ဆေးပြီးမှ ဖွင့်ခွင့်ပေးတော့မှာ ဖြစ်ပါတယ်။
နောက်ပြီး သူတို့ ညွှန်ကြားထားသလို ကျောင်းမှာ မြန်မာစာသင်/ မသင်ကိုလည်း စစ်ဆေးပါတယ်။ ကျောင်းသားတစ်ယောက်ကို ရွေးပြီး မြန်မာစာရေးခိုင်းတယ်၊ ဖတ်ခိုင်းတယ်။ အဓိပ္ပါယ် နားလည်လား ဆိုတာကို မေးတာမျိုး လုပ်ပါတယ်။
ပြောင်းလဲသွားတဲ့ ပုဂ္ဂလိကပညာရေး မူဝါဒအသစ်များကြောင့် ကျောင်းသားများအပေါ် ထိခိုက်မှု ရှိနိုင်လား?
ကျောင်းသားတွေအတွက်တော့ ပညာရေးဥပဒေထဲမှာဆို မြန်မာစာသင်ရတဲ့ အခက်အခဲ ရှိပါတယ်။ ဒါကလည်း သူတို့မှာ အလေ့အကျင့် မရှိလို့ပါ။ အရင်တုန်းကကျ သင်ရပေမယ့် အခုလို အတန်းချိန်တစ်ခု သီးသန့်ပေးပြီး သင်ရတာမျိုး မဟုတ်ခဲ့ပါဘူး။
ဘာသာရပ်တွေအနေနဲ့ ပထဝီ၊ သမိုင်းတို့လည်း ပါလာပြီဆိုတော့ အတန်းချိန် မျှပေးရတာလည်း ရှိလာတယ်။ ဒါပေမဲ့ အဲ့ဘာသာရပ်တွေအတွက်တော့ စာမေးပွဲ မရှိပါဘူး။ အစိုးရကျောင်းလိုတော့ အလုံးစုံကို သင်ကြားမပေးနိုင်ပေမယ့် စာအုပ်ထဲကနေမှ သိသင့်သိထိုက်တာလေးတွေကို ဆွဲထုတ်ပြီး မြန်မာဆရာတွေနဲ့ သင်ပေးနေပါတယ်။
စနေ၊ တနင်္ဂနွေပိတ်ရက် ပြောင်းလဲတာကတော့ ကျောင်းသားတွေက အပြင်ကျူရှင်ကို ကျောင်းပိတ်ရက် စနေ၊ တနင်္ဂနွေနေ့တွေမှာ တက်ကြတာ များပါတယ်။ တချို့ကျတော့လည်း ပိတ်ရက်မှာ အပြင်သင်တန်း တက်တာမျိုးလည်း ရှိပါသေးတယ်။ အဲ့လိုဆိုတော့ သူတို့အပြင်သင်တန်းတွေအတွက် အချိန်ကို ဆရာတွေနဲ့ ပြန်ညှိရဖို့တော့ လိုတာပေါ့။
ဝန်ကြီးဌာနဘက်က ဘယ်ပြောင်းလဲမှုအသစ်တွေကို တင်းကျပ်ပြီး ဘာတွေကို လျှော့ပေါ့ပေးလဲ?
မြန်မာစာ မသင်မနေရ သင်ရတာကိုတော့ သဘောကျပါတယ်။ အရင်တုန်းက International Schools တွေက မြန်မာစာမသင်ရတော့ ကျောင်းသားတွေလည်း မြန်မာစာအတွက် အပြင်ကျူရှင် ထပ်ယူရပါတယ်။ အခု မြန်မာနိုင်ငံသားတိုင်းက မြန်မာစာ သင်ရတော့ ပိုကောင်းပါတယ်။
ပညာရေးဝန်ကြီးဌာနဘက်က အထူးတင်းကြပ်တာကတော့ Private School နဲ့ International School တွေမှာ မြန်မာနိုင်ငံတော် အလံထောင်ရမယ်။ မြန်မာနိုင်ငံ အလံမှအပ ကျန်တဲ့ အလံတွဲထောင်ခွင့်တောင် မရှိပါဘူး။ မြန်မာနိုင်ငံတော် သီချင်းလည်း ဆိုရပါတယ်။ ကျွန်တော်တို့ကျောင်းကတော့ အရင်တုန်းထဲက ဒါတွေလုပ်ပါတယ်။ မြန်မာနိုင်ငံက ကျောင်းဖြစ်တဲ့အတွက် ကိုယ့်နိုင်ငံရဲ့ Culture အရ လုပ်သင့်ပါတယ်။
အခြေခံပညာကျောင်းနဲ့ ပုဂ္ဂလိကကျောင်း တပြေးညီ ကျောင်းဖွင့်ရမယ် ဆိုတာကတော့ သူတို့ဘက်ကလည်း လျှော့ပေါ့ပေးပါတယ်။ ကိုယ်တွေဘက်ကလည်း တဖြေးဖြေးချင်းတော့ ကျောင်းဖွင့်ရက်ကို စောပြီး ဖွင့်ပေးနေပါတယ်။
ကျွန်တော်တို့ Private School တွေအနေနဲ့ အထူးဂရုပြုလိုက်နာရမယ့်အချက်ကတော့ ကျောင်းမှာခန့်ထားတဲ့ ဝန်ထမ်းတိုင်း နိုင်ငံရေးကင်းရှင်းရမှာပါ။
ပုဂ္ဂလိကကျောင်းဆိုင်ရာ ဥပဒေကြောင့် ပုဂ္ဂလိကကျောင်းတွေရဲ့ အနာဂတ်အလားအလာ အခြေအနေ ဘယ်လိုရှိနိုင်ပါလဲ?
လက်ရှိမှာ ပုဂ္ဂလိကကျောင်းစစ်ဆေးရေးတွေကို အခြေခံပညာရေးတို့၊ အဆင်မြင့်ပညာရေးတို့က ညွှန်ကြားရေးမှူး၊ ညွှန်ချုပ်တို့နဲ့ တက္ကသိုလ် ပါချုပ်တွေက တွဲဖက်ပြီးတော့ ဆောင်ရွက်နေရပါတယ်။ ကျွန်တော်တို့ကျောင်းကို လာစစ်တဲ့ အဖွဲ့အစည်းမှာဆိုရင် ပါချုပ်အဆင့်တွေ ပါပါတယ်။ ရန်ကုန်တက္ကသိုလ်က ပါချုပ်တို့၊ YUFL က ပါချုပ်တို့၊ ဌာနမှူးတို့ကနေ ဦးဆောင်ပြီး လာစစ်ကြပါတယ်။ ဖြစ်သင့်တာကတော့ ပုဂ္ဂလိကကျောင်းတွေဖြစ်တဲ့ Private Schools နဲ့ International Schools တွေကို စီမံခန့်ခွဲဖို့၊ စစ်ဆေးဖို့ဆိုရင် သီးသန့်ဦးစီးဌာနတစ်ခု ဖွဲ့စည်းဖို့ လိုပါတယ်။
နောက်ပြီး အခုဆိုရင် Private Schools တွေ အတော်များလာတယ်။ ကျောင်းတွေ များလာတာနဲ့အညီ အရည်အချင်းရှိတဲ့ ဆရာတွေ လိုအပ်လာပါတယ်။ ဒါနဲ့ပတ်သက်ပြီး ပညာရေးဝန်ကြီးဌာနက စီစစ်မယ်လို့လည်း ပြောပါတယ်။
ဆရာတွေ ခန့်တဲ့နေရာမှာလည်း ကျောင်းဘက်က သေချာရွေးချယ်ခန့်ထားဖို့ လိုအပ်ပါတယ်။ ကျွန်တော်တို့ကျောင်းမှာ ဆရာခန့်ရင် Europe က ဆရာတွေချည်း၊ Asian က ဆရာတွေချည်း မခန့်ပါဘူး။ နိုင်ငံအစုံက ဆရာတွေကို ခန့်ပါတယ်။ ဘာလို့လဲဆိုရင် ကလေးတွေက အထက်တန်းပြီးရင် နိုင်ငံအသီးသီးကို ရောက်သွားမှာဆိုတော့ နိုင်ငံတကာက Culture အစုံကို သိနိုင်အောင်ပါ။
စျေးကွက်အရတော့ International Schools တွေထက် Private Schools တွေက ပိုကျယ်ပြန့်ပါတယ်။ ဒါပေမဲ့ ပညာရေးဝန်ကြီးဌာနက သေချာစီစစ်ပြီး သူတို့ ချမှတ်ထားတဲ့ သတ်မှတ်ချက်နဲ့ ညီတဲ့ ကျောင်းကိုပဲ ဖွင့်ခွင့်ပေးမယ်ဆိုရင်တော့ Quality ကို ထိန်းချုပ်နိုင်သွားမှာပါ။ မဟုတ်ရင် Quantity များပြီး Quality ကို မထိန်းနိုင်ရင် ကလေးတွေရဲ့ အနာဂတ်ကို ထိခိုက်နိုင်ပါတယ်။
ဆရာ့ရဲ့ အကြံပြုချက်
ပညာရေးဆိုတာက နိုင်ငံတစ်နိုင်ငံထဲအတွက် မဟုတ်ဘဲ တစ်ကမ္ဘာလုံးအတွက် အရေးကြီးပါတယ်။ ပညာတတ်လူတန်းစားများမှလည်း ကမ္ဘာကြီးက တိုးတက် ကောင်းမွန်မှာပါ။ တကယ်အရည်အချင်းရှိတဲ့ သူတွေကသာ ကမ္ဘာကြီးကို ကောင်းတဲ့ ပြောင်းလဲခြင်းတွေနဲ့ ပြောင်းလဲစေနိုင်မှာပါ။
ပညာတတ်တဲ့လူငယ်တွေကို များများမွေးထုတ်ပေးဖို့လည်း လိုပါတယ်။ ကိုယ်တတ်တဲ့ပညာတွေကို လူသားအကျိုးပြုတဲ့နေရာမှာ ပြန်လည် အသုံးချနိုင်ရပါမယ်။ ကိုယ့်တိုင်းပြည်၊ ကိုယ်နိုင်ငံမှာ ပညာတတ်တွေ များလာရင် နိုင်ငံတကာနဲ့လည်း ရင်ဘောင်တန်းလာနိုင်ပါမယ်။
ပညာတတ်တွေကို မွေးထုတ်ပေးမယ့် ဆရာတွေကလည်း အရည်အချင်း ရှိရပါမယ်။ International Schools တွေမှာ နိုင်ငံခြားက ဆရာတွေ ခေါ်တယ်ဆိုတာက နိုင်ငံခြားကို အထင်ကြီးလို့ မဟုတ်ပါဘူး။ သူတို့ရဲ့ အတတ်ပညာတွေ၊ ဓလေ့တွေကို အတုယူစရာရှိရင် ယူလို့ရအောင်ပါ။
နောက်တစ်ခု လူငယ်တွေကို ပြောချင်တာက ပညာရေးဘက်မှာပဲ ထူးချွန်နေလို့ မရပါဘူး။ ၂၁ ရာစုခေတ်မှာ ဘက်စုံတော်နေရပါမယ်။ ပညာရေးတင်မဟုတ်ဘဲ ခေတ်မီနည်းပညာတွေကိုပါ သိနားလည်ပြီး အသုံးပြုနိုင်ရပါမယ်။ ဒါကြောင့် လူငယ်တွေအနေနဲ့ ဘက်စုံပညာရေးကို လုပ်ဆောင်ပါလို့ ပြောချင်ပါတယ်။
ပညာရေးမှာ ထူးချွန်ဖို့ စာချည်းပဲ ဖတ်နေလို့လည်း မရပါဘူး။ အားကစားလည်း အထိုက်အသင့် လုပ်ရပါမယ်။ တချို့မိဘတွေက အားကစားလုပ်ရင် ကျောင်းစာဘက်မှာ အားနည်းမယ်လို့ ထင်ကြပါတယ်။ အားကစားက ကလေးရဲ့ ဉာဏ်ရည်ဖွံ့ဖြိုးမှု၊ အခက်အခဲ ကျော်လွှားနိုင်မှု၊ စည်းကမ်းရိုသေမှု၊ လူမှုဆက်ဆံရေး အာလုံးကို သင်ကြားပေးသွားတာပါ။
ကျန်းမာသန်းစွမ်းမှသာ ဉာဏ်ပညာထူးချွန်ထက်မြက်တဲ့ လူသားအရင်းအမြစ်ကို မွေးထုတ်နိုင်မှာဖြစ်တဲ့အတွက် ပညာသင်ကြားနေကြတဲ့ ကျောင်းသား/ကျောင်းသူများသာမက တစ်မျိုးသားလုံး မိမိတို့နှင့် သင့်လျော်မယ့်အားကစားတစ်မျိုးမျိုးကို စွဲမြဲစွာလိုက်စားကြဖို့ အကြံပြုရင်း ကောင်းသော ပညာရေးမူဝါဒ ပြောင်းလဲခြင်းကို အောင်မြင်စွာ အကောင်အထည်ဖော်နိုင်ဖို့ စုပေါင်းဆောင်ရွက်ကြပါစို့။
PISA အသင်း၏ လုပ်ဆောင်ချက်
Private International Schools Association (PISA) သည် မြန်မာနိုင်ငံရှိ နိုင်ငံတကာကျောင်းများ ပါဝင်သည့် အဖွဲ့အစည်းတစ်ခုဖြစ်သည်။ ဤကျောင်းများသည် နိုင်ငံတကာ ဘွဲ့ကြိုသင်တန်း (IB)၊ Cambridge IGCSE နှင့် British သင်ရိုးညွှန်းတမ်းများကို ပံ့ပိုးပေးသည့် ကျောင်းများဖြစ်သည်။
PISA သည် မြန်မာနိုင်ငံရှိ နိုင်ငံတကာပညာရေး၏ အကျိုးစီးပွားအတွက် ပူးပေါင်းလုပ်ဆောင်ရန်၊ အကောင်းဆုံး အလေ့အကျင့်များကို မျှဝေရန် အဖွဲ့ဝင်ကျောင်းများနှင့်အတူ ပူးပေါင်းဆောင်ရွက်လျက်ရှိသည်။
နိုင်ငံတကာ သင်ရိုးညွှန်းတမ်းများ သင်ကြားနေသည့် ပုဂ္ဂလိကကျောင်းများဆိုင်ရာ ဥပဒေနှင့် စည်းမျဉ်းစည်းကမ်းများအတွက်လည်း PISA အသင်းအဖွဲ့သည် မြန်မာနိုင်ငံအစိုးရနှင့် အနီးကပ် ပူးပေါင်းဆောင်ရွက်လျက်ရှိသည်။