နိုင်ငံရေးမတည်ငြိမ်မှုကြောင့် မြန်မာနိုင်ငံရှိ ကလေးငယ် (၅) သန်းနီးပါးသည် ပညာသင်ကြားခွင့်များ ဆုံးရှုံးနေကြရကြောင်း UNICEF Myanmar က ဖေဖော်ဝါရီ (၁၀) ရက်နေ့တွင် ထုတ်ပြန်ထားသည်။
မြန်မာနိုင်ငံတွင် နိုင်ငံရေးမတည်ငြိမ်မှုများကြောင့် မြန်မာ့ကလေးငယ်များအတွက် ပညာရေး ထိခိုက်ဆုံးရှုံးမှုသည် ၂၀၂၁ ခုနှစ်မှ စတင်ခဲ့ကာ ၂၀၂၅ ခုနှစ်တွင် လေးနှစ်တိုင်အောင်ရှိလာခဲ့ပြီဖြစ်ပါသည်။
နိုင်ငံလူဦးရေ စုစုပေါင်း၏ (၃၅)% ခန့်ဖြစ်သည့် (၁၉.၉) သန်းသော ပြည်သူများမှာ လူသားချင်းစာနာထောက်ထားမှု အကူအညီများ အထူး လိုအပ်နေသည်။ (၁၉.၉) သန်းတွင် ကလေးငယ် (၆.၄) သန်း ပါဝင်ပြီး ဤပမာဏမှာ နိုင်ငံတစ်ဝှမ်းက မြန်မာကလေးငယ်များ၏ သုံးပုံတစ်ပုံခန့် ဖြစ်သည်။
မြန်မာနိုင်ငံတွင် ပဋိပက္ခများ၊ မလုံခြုံမှုများ၊ နေရပ်စွန့်ခွာတိမ်းရှောင်ရမှုများ၊ အရေးပေါ်ဝန်ဆောင်မှုများ ပြတ်တောက်ခြင်းများကြောင့် မြန်မာနိုင်ငံရှိ ကလေးငယ် (၅) သန်းနီးပါးသည် ပညာသင်ကြားခွင့်များ ဆုံးရှုံးနေရကြရပါသည်။
အဆိုပါကလေးငယ်များသည် သင်ယူမှုအခွင့်အလမ်းများ လျော့နည်းလာခြင်းအပြင် အသက်မပြည့်မီ အတင်းအကြပ် လက်ထပ်ထိမ်းမြားခံရခြင်း၊ ကလေးလုပ်သားအဖြစ် အသုံးပြုခံရခြင်းနှင့် အခြား ပြင်းထန်သော အခွင့်အရေး ချိုးဖောက်မှု အန္တရာယ်များနှင့် ရင်ဆိုင်နေကြရသည်။
အကယ်၍ ၂၀၂၅ ခုနှစ်တွင် ဤသို့ဆက်လက်ဖြစ်ပွားနေပါက မျိုးဆက်တစ်ခုလုံးသည် ဖွံ့ဖြိုးတိုးတက်မှုအခွင့်အလမ်းများ ဆုံးရှုံးသည့် အန္တရာယ်ရှိနေပြီး မြန်မာနိုင်ငံ၏ အနာဂတ်တည်ငြိမ်မှုနှင့် ဖွံ့ဖြိုးတိုးတက်မှုတို့အတွက် ဆိုးရွားသော အကျိုးဆက်များ ဖြစ်ပေါ်လာနိုင်သည်ဟု UNICEF Myanmar က သတိပေး ထုတ်ပြန်ခဲ့သည်။