Naypyitaw State Academy တွင် ဘာသာရပ်အသစ် (၃) ခု စတင် သင်ကြားမည်

 

၂၀၂၄ - ၂၀၂၅ ပညာသင်နှစ်တွင် Naypyitaw State Academy ၌ မဟာဌာနကြီး (၂) ခုဖြစ်သည့် အားကစားပညာမဟာဌာနနှင့် လူမှုရေးပညာမဟာဌာနတို့ကို ထပ်မံ တိုးချဲ့ဖွင့်လှစ်နိုင်ခဲ့ပြီး ဘာသာရပ်အသစ် (၃) ခု စတင် သင်ကြားမည်ဖြစ်ကြောင်း နိုဝင်ဘာလ (၂၂) ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့သည့် ဖွင့်ပွဲအခမ်းအနားမှ သိရသည်။

 

အခမ်းအနားသို့ ပညာရေးဝန်ကြီးဌာန၊ ကျန်းမာရေးဝန်ကြီးဌာန၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနတို့မှ ပြည်ထောင်စုဝန်ကြီးများနှင့် နေပြည်တော်ကောင်စီဥက္ကဋ္ဌတို့ တက်ရောက်ပြီး ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ကြသည်။

 

Naypyitaw State Academy ကို မဟာဌာနကြီး (၇) ခုဖြင့် ဖွဲ့စည်းတည်ထောင်ခဲ့ရာ စတင်ဖွင့်လှစ်သည့် ၂၀၂၂ - ၂၀၂၃ ပညာသင်နှစ်တွင် ဝိဇ္ဇာပညာမဟာဌာန၊ သိပ္ပံပညာမဟာဌာန၊ စီးပွားရေးပညာမဟာဌာန၊ ဥပဒေပညာမဟာဌာနနှင့် ၂၀၂၃ - ၂၀၂၄ ပညာသင်နှစ်တွင် ဆေးပညာမဟာဌာနကို တိုးချဲ့ဖွင့်လှစ်ခဲ့ပြီး ယခု ၂၀၂၄ - ၂၀၂၅ ပညာသင်နှစ်တွင် အားကစားပညာမဟာဌာနနှင့် လူမှုရေးပညာမဟာဌာနတို့ကို ထပ်မံ တိုးချဲ့ဖွင့်လှစ်လိုက်ကြောင်း ပညာရေးဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီးက ပြောကြားခဲ့သည်။

 

ပညာရေးဝန်ကြီးဌာနနှင့် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနတို့ ပူးပေါင်း၍ အားကစားပညာဘာသာရပ်ကို ၂၀၁၃ - ၂၀၁၄ ပညာသင်နှစ်မှ စ၍ ဒဂုံတက္ကသိုလ်နှင့် ရတနာပုံတက္ကသိုလ်တို့တွင်သာ ဖွင့်လှစ်သင်ကြားပေးခဲ့ရာ ယခုပညာသင်နှစ်တွင် Naypyitaw State Academy တွင်လည်း သင်ကြားရမည်ဖြစ်ကြောင်း သိရသည်။

 

ပညာရေးဝန်ကြီးဌာနနှင့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနတို့ ပူးပေါင်း၍ လူမှုရေးပညာမဟာဌာနကို ဖွဲ့စည်းတည်ထောင်ပြီး မြန်မာနိုင်ငံတွင် လူမှုရေးအရ ကာကွယ်စောင့်ရှောက်ရန်လိုအပ်သော ထိခိုက်လွယ် အုပ်စုများဖြစ်သည့် ကလေးသူငယ်များ၊ အမျိုးသမီးများ၊ မသန်စွမ်းသူများ၊ သက်ကြီးရွယ်အိုများနှင့် ပတ်သက်သည့် လူမှုရေးရာကိစ္စရပ်များကို လူမှုဝန်ထမ်းနည်းစနစ်များနှင့် စနစ်တကျ စီမံဆောင်ရွက်နိုင်သည့် လူမှုရေးပညာဘွဲ့ရ ပညာတတ်များကို ပြုစုပျိုးထောင်ပေးရန် ရည်ရွယ်ဖွင့်လှစ်ခဲ့ခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။

 

ထို့အတူ ပညာရေးဝန်ကြီးဌာနသည် ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနနှင့် ပူးပေါင်းပြီး နိုင်ငံစီးပွားဖွံ့ဖြိုးတိုးတက်ရေးအတွက် အရေးပါသော ခရီးသွားလုပ်ငန်းများ၊ ဟိုတယ်လုပ်ငန်း၊ စားသောက်ဆိုင်လုပ်ငန်းနှင့် အခြားဝန်ဆောင်မှုလုပ်ငန်းများ၊ ယင်းနှင့်ဆက်စပ်လျက်ရှိသော အငယ်စား၊ အသေးစားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများတွင် အဓိကကျသော လူသားအရင်းအမြစ်များကို မွေးထုတ်ပေးနိုင်ရန် ရည်ရွယ်ချက်ဖြင့် ခရီးသွားလုပ်ငန်းနှင့် ဧည့်ဝန်ဆောင်မှုစီမံခန့်ခွဲမှုပညာ ဘွဲ့ကြိုသင်တန်းကိုလည်း ယခုပညာသင်နှစ်တွင် စတင်ဖွင့်လှစ်ခဲ့သည်။

 

အားကစားပညာ၊ လူမှုရေးပညာ၊ ခရီးသွားလုပ်ငန်းနှင့် ဧည့်ဝန်ဆောင်မှုစီမံခန့်ခွဲမှုပညာ ဘာသာရပ်များသည် ယခုပညာသင်နှစ်မှ စတင်ဖွင့်လှစ်ထားသည့် ဘာသာရပ်များဖြစ်သော်လည်း ကျောင်းသား၊ ကျောင်းသူများသည် လက်ခံနိုင်မည့်ဦးရေ အင်အားအပြည့် လျှောက်ထားလာခြင်း ရှိသည်ဟုလည်း ပြောကြားခဲ့သည်။

 

Source - ပညာရေးဝန်ကြီးဌာန

 

Local News Read 98 times