မြန်မာနိုင်ငံရှိ တက္ကသိုလ်များနှင့် တရုတ်နိုင်ငံ ချုံချင့်မြူနီစီပယ်မြို့ရှိ ချုံချင့်တက္ကသိုလ်(Chongqing University) တို့အကြား ပညာရေးကဏ္ဍ ပူးပေါင်းဆောင်ရွက်မှုများကို တိုးမြှင့်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
မြန်မာကောင်စစ်ဝန်ချုပ်ရုံး၊ ချုံချင့်မြို့မှ ကောင်စစ်ဝန်ချုပ် ဦးကျော်ဇေယျာလင်းသည် ချုံချင့်မြူနီစီပယ်မြို့ရှိ ချုံချင့်တက္ကသိုလ် (Chongqing University) မှ ဒုတိယပါမောက္ခချုပ် Mr. Jun Yang နှင့် ဖေဖော်ဝါရီ (၂၄) ရက်တွင် တွေ့ဆုံကာ ပညာရေးကဏ္ဍပူးပေါင်းဆောင်ရွက်မှုများကို မြှင့်တင်ဆောင်ရွက်ရေးကိစ္စရပ်များကို ဆွေးနွေးခဲ့ကြကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနမှ သိရသည်။
ထိုသို့တွေ့ဆုံစဉ် မြန်မာနိုင်ငံရှိ တက္ကသိုလ်များနှင့် ချုံချင့်တက္ကသိုလ်တို့အကြား သုတေသနလုပ်ငန်းများ ပူးပေါင်းလုပ်ဆောင်နိုင်ရေးကိစ္စရပ်များ၊ နှစ်ဖက်တက္ကသိုလ်များအကြား ဆရာ/ဆရာမများနှင့် ကျောင်းသား/ ကျောင်းသူများ အပြန်အလှန်ဖလှယ်ရေးကိစ္စရပ်များကို ဆွေးနွေးခဲ့ကြကြောင်း သိရှိရသည်။
ထို့အပြင် ချုံချင့်တက္ကသိုလ်မှ ပညာသင်ဆုပေးအပ်နေမှုများနှင့် ပညာရေးကဏ္ဍအောက်မှ အခြားပူးပေါင်း ဆောင်ရွက်မှုများ တိုးမြှင့်လုပ်ဆောင်ရေးကိစ္စရပ်များကို အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြကြောင်း သိရှိရပါသည်။
ချုံချင့်တက္ကသိုလ်သည် ပီကင်းတက္ကသိုလ် (သို့မဟုတ်) ဆင်ဟွာတက္ကသိုလ်ကဲ့သို့ တရုတ်နိုင်ငံ၏ ထိပ်တန်းတက္ကသိုလ်အဆင့် မရှိသော်လည်း တရုတ်နိုင်ငံ အနောက်တောင်ပိုင်းရှိ အရေးပါသော တက္ကသိုလ်များထဲမှ တစ်ခုဖြစ်သည်။ ချုံချင့်တက္ကသိုလ်သည် နိုင်ငံတကာကျောင်းသားများကို ဆွဲဆောင်နိုင်ရန် အင်္ဂလိပ်ဘာသာစကားဖြင့် သင်ကြားသည့် ပရိုဂရမ်အမျိုးမျိူးကို သင်ကြားလျက်ရှိသည်။
ချုံချင့်တက္ကသိုလ်သည် အထူးသဖြင့် အင်ဂျင်နီယာ၊ စီးပွားရေးနှင့် နည်းပညာကဲ့သို့သော ပညာရပ်နယ်ပယ်များတွင် နာမည်ကြီးပါသည်။ ထို့အပြင် နိုင်ငံခြားတက္ကသိုလ်များနှင့် ဖလှယ်ရေးပူးပေါင်းဆောင်ရွက်မှုများစွာရှိပြီး တရုတ်နိုင်ငံတွင် ပညာသင်ကြားလိုသော နိုင်ငံတကာကျောင်းသားများအတွက် ရွေးချယ်မှုကောင်းတစ်ခုဖြစ်သည်။