မြန်မာနိုင်ငံတဝှမ်းတွင် စာသင်ကျောင်း (၁,၄၀၀) ကျော် ရေဘေးသင့်

 

တိုင်ဖုန်းမုန်တိုင်း Yagi ၏ အရှိန်ကြောင့် မြန်မာနိုင်ငံတစ်ဝှမ်းရှိ တိုင်းဒေသကြီးနှင့် ပြည်နယ်အချို့တွင် မိုးအဆက်မပြတ် ရွာသွန်းမှုများဖြစ်ပေါ်ခဲ့ပြီး စာသင်ကျောင်း (၁,၄၀၀) ကျော်နှင့် ဆရာ/ဆရာမ ဝန်ထမ်း (၉,၅၀၀) ကျော် ရေးဘေးသင့်နေကြောင်း စက်တင်ဘာလ (၁၈) ရက်နေ့၊ ပညာရေးဝန်ကြီးဌာနမှတဆင့် သိရပါသည်။ 

 

တောင်တရုတ်ပင်လယ်ပြင်တွင် ဖြစ်ပေါ်ခဲ့သည့် တိုင်ဖုန်းမုန်တိုင်း Yagi ၏ အရှိန်နှင့် ဘင်္ဂလားပင်လယ်အော် အနောက်အလယ်ပိုင်းနှင့် အနောက်မြောက်ပိုင်းတို့တွင် ဖြစ်ပေါ်နေသော မုန်တိုင်းငယ်၏ အရှိန်ကြောင့်မြန်မာနိုင်ငံတစ်ဝှမ်းရှိ တိုင်းဒေသကြီးနှင့် ပြည်နယ်အချို့တွင် မိုးအဆက်မပြတ် ရွာသွန်းမှုများဖြစ်ခဲ့သည်။

 

ထို့ကြောင့် ချောင်းရေနှင့် မြစ်ရေများ အဆက်မပြတ် မြင့်တက်လာမှုနှင့်အတူ နေပြည်တော်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ ပဲခူးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မွန်ပြည်နယ်၊ ရှမ်းပြည်နယ်နှင့် ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ ရပ်ကွက်၊ ကျေးရွာများတွင် ရေကြီးရေလျှံမှုများဖြစ်ပေါ်ခဲ့ပြီး လမ်း၊ တံတား၊ လူနေအိမ်၊ ရုံး၊ ဌာနအဆောက်အဦး၊ စာသင်ကျောင်းများအပါ အခြားအဆောက်အအုံများရေဝင်နစ်မြှုပ်ခြင်း၊ ထိခိုက်ပျက်စီးခြင်းများရှိနေသည်။ 

 

အဆိုပါအကြောင်းအရာနှင့်ပတ်သတ်၍ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေသည် စက်တင်ဘာလ (၁၈) ရက်နေ့၊ နံနက်ပိုင်းတွင် တက္ကသိုလ်ပါမောက္ခချုပ်များ၊ တိုင်းဒေသကြီး၊ ပြည်နယ်ပညာရေးမှူးများနှင့် ပညာရေးဝန်ကြီးဌာနရှိ ဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များနှင့် တွေ့ဆုံဆွေးနွေးခဲ့ပါသည်။ 

 

တွေ့ဆုံပွဲတွင် ယခုဖြစ်ပေါ်နေသည့် ရေဘေးအန္တရာယ်များကြာင့် စာသင်ကျောင်း ၁,၄၆၉ ကျောင်းနှင့် ဆရာ/ဆရာမ ဝန်ထမ်း ၉,၅၁၈ ဦး ရေဘေးသင့်နေကြောင်းနှင့် မိုးလေဝသသတင်းများ၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာသတင်းများကို အမြဲမပြတ် စောင့်ကြည့်ပြီး ကြိုတင်ပြင်ဆင်ထားရန် လိုအပ်ကြောင်း ပြောကြားခဲ့သည်။

 

ထို့အပြင် ရေဘေးသင့် ဆရာ/ဆရာမများကို ရေဘေးကင်းလွတ်သည့် ဒေသများရှိ ပညာရေးဝန်ထမ်းမိသားစုများ၏ ဆန္ဒအလျောက်ကူညီမှုဖြင့် ထောက်ပံ့ကူညီသွားမည် ဖြစ်ကြောင်းလည်း သိရပါသည်။ 

 

နောက်ဆုံးအနေဖြင့် တာဝန်ရှိသူများအား ရေဘေးကြောင့် ထိခိုက်၊ ပျက်စီး၊ ဆုံးရှုံးမှုဆိုင်ရာ စာရင်းများကို မှန်မှန်ကန်ကန်နှင့် စနစ်တကျ ပြုစုပေးရန်၊ ရေဘေးကျရောက်သော ဒေသများတွင် မိမိတို့ကျောင်းအလိုက် လက်ရှိအနေအထားမှ တိုးတက်အောင် ဆောင်ရွက်ပြီးစီးမှု မှတ်တမ်းများကို နှစ်ပတ်တစ်ကြိမ် ပေးပို့ကြရန် အသိပေးပြောကြားခဲ့သည်။ 

 

Source - ပြန်ကြားရေးဝန်ကြီးဌာန 

 

Local News Read 13 times