ပြန်ဖြေရမည့် တက္ကသိုလ်ဝင်စာမေးပွဲအတွက် အနီးကပ် သင်ကြားရေးစခန်းများ ဖွင့်လှစ်မည်

ငလျင်ဒဏ်ကြောင့် တက္ကသိုလ်ဝင်စာမေးပွဲ ပြန်လည်ဖြေဆိုရမည့် မန္တလေး၊ စစ်ကိုင်း၊ ကချင်နှင့် နေပြည်တော်တို့မှ ကျောင်းသားကျောင်းသူများအတွက် သင်ကြားရေးစခန်းများ ဖွင့်လှစ်ကာ အနီးကပ် သင်ကြားပို့ချမည်ဖြစ်ပြီး လိုအပ်ချက်မရှိအောင် ထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာနက ဧပြီလ (၂၈) ရက်နေ့က ထုတ်ပြန်ခဲ့သည်။  

တက္ကသိုလ်ဝင်စာမေးပွဲ ပြန်လည်ဖြေဆိုကြရမည့် ကျောင်းသား၊ ကျောင်းသူများအတွက် တရားမျှတစွာဖြင့် စိတ်အေးချမ်းစွာ စာမေးပွဲ ပြန်လည်ဖြေဆိုနိုင်ရေး ဆောင်ရွက်ပေးသွားမည့် အစီအစဉ်များနှင့်စပ်လျဉ်း၍ ပညာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများ၏ ပြောကြားချက်များကို ကောက်နုတ်ဖော်ပြထားသည်။

တက္ကသိုလ်ဝင်စာမေးပွဲ ပြန်လည်ဖြေဆိုရန် နိုင်ငံတော်က ရက်သတ်မှတ်ထားပြီးဖြစ်သောကြောင့် ကျောင်းသားကျောင်းသူများအတွက် စာစစ်ဌာနအလိုက် လေ့ကျင့်သင်ကြားရေးစခန်းများ ဖွင့်လှစ်ပြီး Revision သင်ကြားခြင်းများ ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ခေတ္တညွှန်ကြားရေးမှူးချုပ်၊ ပညာရေးသုတေသန၊ စီမံကိန်းနှင့်လေ့ကျင့်ရေးဦးစီးဌာနမှ ဒေါက်တာ ခင်သီတာက ပြောကြားခဲ့သည်။

"လေ့ကျင့်သင်ကြားရေးစခန်းတွေမှာ တက္ကသိုလ်အသီးသီးက ပါမောက္ခတွေက ဘာသာရပ်တွေကို Short to the point သင်ကြားပို့ချပေးမှာဖြစ်ပြီး ကျောင်းမှာရှိတဲ့ ဆရာ၊ ဆရာမ​တွေကတော့ လေ့ကျင့်သင်ကြားလမ်းညွှန်ပေးမှာ ဖြစ်ပါတယ်။ 

နောက်ပြီး စာမေးပွဲပြန်လည်ဖြေဆိုကြမယ့် ကျောင်းသားကျောင်းသူတွေကို သောက်ရေ၊ သုံးရေ၊ ချိုးရေကအစ နေထိုင်စားသောက်ရေးအပြင် ကျန်းမာရေးစောင့်ရှောက်မှုတွေ၊ ဝတ်ဆင်ဖို့ အဝတ်အစားတွေပါ ထောက်ပံ့ပေးသွားမှာ ဖြစ်ပါတယ်။ 

လာရောက် သင်ကြားပို့ချပေးတဲ့ တက္ကသိုလ်အသီးသီးက ပါမောက္ခတွေ၊ လေ့ကျင့်သင်ကြားပေးတဲ့ ဆရာ၊ ဆရာမတွေအတွက်လည်း စားသောက်နေထိုင်ရေးကအစ တာဝန်ယူ ဆောင်ရွက်ပေးသွားမှာ ဖြစ်ပါတယ်။" ဟု ဆိုသည်။

ထို့အပြင် အကြောင်းအမျိုးမျိုးကြောင့် လာရောက် မသင်ကြားနိုင်သည့် ကျောင်းသားကျောင်းသူများအတွက် Online မှတဆင့် အခမဲ့ လေ့လာသင်ယူနိုင်ရန် စီစဉ်ပေးမည့်အပြင် Education Channel ကနေလည်း ပြန်လည်လေ့လာရန် သင်ခန်းစာများ ထုတ်လွှင့်ပေးသွားမည်ဖြစ်ကြောင်း ထပ်မံပြောကြားခဲ့သည်။

ညွှန်ကြားရေးမှူးချုပ်၊ လေ့လာဆန်းစစ် အကဲဖြတ်ရေးဦးစီးဌာနမှ ဒေါက်တာ ချောချောစိန်က "အခုလို စာမေးပွဲတွေ ပြန်လည်စစ်ဆေးရတဲ့ ရည်ရွယ်ချက်ကတော့ မျှတမှုဖြစ်စေဖို့၊ ဂုဏ်သိက္ခာရှိဖို့နဲ့ Academic Career ကို အထောက်အကူပြုဖို့ပဲ ဖြစ်ပါတယ်။ တခြားနိုင်ငံမှာလည်း ဒီလို ဖြစ်စဉ်မျိုး ရှိခဲ့ပါတယ်။ ဥပမာအားဖြင့် ၂၀၁၆ ခုနှစ်မှာ အိန္ဒိယနိုင်ငံ အာသံပြည်နယ်မှာ Johart ကျောင်းမီးလောင်မှု ဖြစ်ခဲ့ပါတယ်။ ဒီလို မီးလောင်မှုဖြစ်စဉ်ကြောင့် ကျောင်းသားကျောင်းသူတွေ စာမေးပွဲပြန်လည် ဖြေကြားခဲ့ရမှု ရှိခဲ့ပါတယ်။" ဟု ပြောကြားကာ ကျောင်းသားကျောင်းသူအားလုံး စာမေးပွဲပြန်လည်ဖြေဆိုကြရန် တိုက်တွန်းထားသည်။

ဒုတိယညွှန်ကြားရေးမှူးချုပ်၊ မြန်မာနိုင်ငံ စာစစ်ဦးစီးဌာနမှ ဦးအောင်ထိုက်ကလည်း "အခုပြန်လည်ဖြေဆိုမယ့် တက္ကသိုလ်ဝင်စာမေးပွဲမှာ ကျောင်းသားကျောင်းသူ (၆၃,၀၀၀) ကျော် ဝင်ရောက်ဖြေဆိုသွားမှာဖြစ်ပြီး စာစစ်ဌာန (၂၀၀) နီးပါး စီစဉ်ထားပါတယ်။ အရင်မတ်လက ဖြေဆိုခဲ့တဲ့ စာမေးပွဲအောင်စာရင်းနဲ့ အခုပြန်လည်ဖြေဆိုရမယ့် စာမေးပွဲအောင်စာရင်းကို တစ်ပြိုင်တည်း တစ်ချိန်တည်း ကြေညာဖို့ စီစဉ်ထားပါတယ်။" ဟု ပြောကြားခဲ့သည်။

ဧပြီလ (၂၈) ရက်နေ့မှ စတင်ပြီး မေလ (၂) ရက်နေ့အထိ လေ့ကျင့်သင်ကြားရေးစခန်းများတွင် ကျောင်းသားကျောင်းသူတွေများကို လက်ခံသင်ကြားပေးမည်ဖြစ်ပြီး ပညာရေးဝန်ကြီးဌာနအနေနှင့် ဖတ်စာအုပ်၊ ဗလာစာအုပ်၊ ခဲတံ၊ ဘောပင်၊ ပေတံကအစ သင်ကြားမှု အထောက်အကူပစ္စည်းများကို ထောက်ပံ့ပေးမည်ဖြစ်သည်။ လိုအပ်ပါက သင်ခန်းစာနှင့် သက်ဆိုင်သည့် အထောက်အကူပြုသင်ခန်းစာ စာရွက်စာတမ်းများလည်း ဖြန့်ဝေပေးသွားမည် ဖြစ်ကြောင်း သိရသည်။

Source - ပြန်ကြားရေးဝန်ကြီးဌာန

========================

ပညာရေးဆိုင်ရာ သတင်းအချက်အလက် အစုံအလင်ကို
Telegram နှင့် Viber မှာလည်း အလွယ်တကူ ဖတ်ရှုနိုင်ပါတယ်။

https://t.me/eudcationguide (Telegram)

https://invite.viber.com/? (Viber)

နှစ်ပတ်တစ်ကြိမ် ပေးပို့နေတဲ့ Education Bulletin ကို
ရယူဖို့လည်း Subscribe လုပ်ထားနိုင်ပါတယ်။

https://shorturl.at/ktCaP

Latest Post Local News Read 160 times