ငလျင်ကြောင့် တက္ကသိုလ်ဝင်စာမေးပွဲအဖြေလွှာအုပ်ရေ (၄) သိန်းနီးပါး မီးလောင်ပျက်စီး

ပြီးခဲ့သည့် မတ် (၂၈) ရက်တွင် လှုပ်ခတ်ခဲ့သည့် အင်အားပြင်းငလျင်၏ နောက်ဆက်တွဲအဖြစ် မန္တလေးတက္ကသိုလ်တွင် မီးလောင်ခဲ့ရာ ပင်မဆောင်ကြီးတစ်ခုလုံး ပျက်စီးသွားခဲ့ရပြီး တိုင်းနှင့် ပြည်နယ် (၃) ခုမှ တက္ကသိုလ်ဝင်စာမေးပွဲအဖြေလွှာအုပ်ရေ (၃) သိန်း (၇) သောင်းကျော် ပျက်စီးဆုံးရှုံးခဲ့ရကြောင်း သိရသည်။

မတ် (၂၈) ရက်၊ ဒေသစံတော်ချိန်မွန်းလွဲ (၁၂) နာရီ (၅၁) မိနစ် (၁၂) စက္ကန့်အချိန်တွင် မန္တလေးမြို့၏ အရှေ့မြောက်ဘက် (၂၀) ကီလိုမီတာခန့်အကွာ၌ အင်အား ရစ်(ခ်)တာ စကေး (၇.၇) အဆင့်ရှိ အင်အားအလွန်ပြင်းထန်သော မြေငလျင်တစ်ခုလှုပ်ရှားသွားခဲ့ပြီး စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်အရှေ့မြောက်ဒေသ၊ နေပြည်တော်ကောင်စီနယ်မြေ၊ ပဲခူးတိုင်းဒေသကြီးတို့၌ ငလျင်ဘေးဒဏ်ကြောင့် ထိခိုက်ပျက်စီးဆုံးရှုံးမှုများ အများအပြားဖြစ်ပေါ်ခဲ့ရသည်။

ထိုသို့ဖြစ်ပေါ်ခဲ့ရာတွင် မန္တလေးတက္ကသိုလ် ပင်မဆောင်သည်လည်း ငလျင်ဒဏ်ကြောင့် ပြိုကျပျက်စီးမှုများဖြစ်ပေါ်ခဲ့သည့်အပြင် နောက်ဆက်တွဲအဖြစ် မီးလောင်မှုများ ဖြစ်ပေါ်ခဲ့ရသည်။ 

အဆိုပါ မီးလောင်မှုကြောင့် မန္တလေးတက္ကသိုလ် ပင်မဆောင်သို့ ရောက်ရှိလျက်ရှိသည့် ၂၀၂၄-၂၀၂၅ တက္ကသိုလ်ဝင်စာမေးပွဲအဖြေလွှာများဖြစ်သည့် မန္တလေးတိုင်းဒေသကြီးမှ ဖြေဆိုသူဦးရေ (၄၆,၉၄၄) ဦး၏ အဖြေလွှာအုပ်ရေ (၂၈၀,၉၄၀) အုပ်၊ စစ်ကိုင်းတိုင်းဒေသကြီးမှ ဖြေဆိုသူဦးရေ (၇,၃၁၁) ဦး၏ အဖြေလွှာအုပ်ရေ (၄၃,၈၂၇) အုပ်၊ ကချင်ပြည်နယ်မှ ဖြေဆိုသူဦးရေ (၈,၆၉၉) ဦး၏ အဖြေလွှာအုပ်ရေ (၅၂,၁၈၉) အုပ် စုစုပေါင်း (၃၇၆,၉၅၆) အုပ်တို့သည် မီးလောင်ပျက်စီးဆုံးရှုံးခဲ့ရသည်။

အဆိုပါ ပြင်းထန်ငလျင်လှုပ်ခတ်ခဲ့သည့်အချိန်သည် စာစစ်လုပ်ငန်းများ လုပ်ဆောင်နေသည့်အချိန်ဖြစ်ပြီး စာစစ်လုပ်ငန်းဆောင်ရွက်နေသူ ဆရာ၊ ဆရာမ (၂၆၇) ဦးခန့်သည် စာစစ်လုပ်ငန်းများ (Code လုပ်ငန်းဆောင်ရွက်နေချိန်)၌ ပြင်းထန်ငလျင် ဖြစ်ပေါ်ခဲ့သဖြင့် ပင်မဆောင်အောက်သို့ ပြေးထွက်တိမ်းရှောင်ခဲ့ကြရသည်။

ထို့နောက် ငလျင်လှုပ်ခတ်မှုမှ နောက်ဆက်တွဲမီးလောင်မှုများဖြစ်ပေါ်ခဲ့စဉ် မန္တလေးတက္ကသိုလ် ပင်မဆောင်ကြီးတစ်ခုလုံး မီးလောင်ပျက်စီးဆုံးရှုံးခဲ့ရမှုနှင့်အတူ မန္တလေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီးနှင့် ကချင်ပြည်နယ်တို့မှ ၂၀၂၄-၂၀၂၅ တက္ကသိုလ်ဝင် စာမေးပွဲ အဖြေလွှာများသည်လည်း မီးလောင်ပျက်စီးဆုံးရှုံးခဲ့ရခြင်းဖြစ်ကြောင်း စိစစ်သိရှိရသည်။

Source - သတင်းထုတ်ပြန်ရေးအဖွဲ့ (စကစ)

===========================

ပညာရေးဆိုင်ရာ သတင်းအချက်အလက် အစုံအလင်ကို
Telegram နှင့် Viber မှာလည်း အလွယ်တကူ ဖတ်ရှုနိုင်ပါတယ်။

https://t.me/eudcationguide (Telegram)

https://invite.viber.com/? (Viber)

နှစ်ပတ်တစ်ကြိမ် ပေးပို့နေတဲ့ Education Bulletin ကို
ရယူဖို့လည်း Subscribe လုပ်ထားနိုင်ပါတယ်။

https://shorturl.at/ktCaP

 

Latest Post Local News Read 233 times