လွိုင်ကော်ရှိ တက္ကသိုလ် (၃) ခုအား ယခုစာသင်နှစ်တွင် ပြန်လည်ဖွင့်လှစ်မည်

 

၂၀၂၄ - ၂၀၂၅ ပညာသင်နှစ်၊ ကျောင်းဖွင့်ရာသီတွင် ကယားပြည်နယ်ရှိ တက္ကသိုလ်၊ ကောလိပ်နှင့် သိပ္ပံကျောင်းများ ပြန်လည်ဖွင့်လှစ်နိုင်ရေးအတွက် ညှိနှိုင်းဆွေးနွေးပွဲအား ပြည်နယ်ဝန်ကြီးချုပ်မှ ဦးဆောင်၍ အောက်တိုဘာလ (၁၂) ရက်နေ့၊ ကွန်ပျူတာတက္ကသိုလ် (လွိုင်ကော်) ၌ ကျင်းပခဲ့သည်။

 

စက်တင်ဘာလတွင် ပညာရေးဒီဂရီကောလိပ်နှင့် ကွန်ပျူတာတက္ကသိုလ်တို့အား ဦးစားပေး ဖွင့်လှစ်ရန် လျာထားပြီး လိုအပ်သည့် ပြင်ဆင်ဆောင်ရွက်မှုများနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို ဌာနဆိုင်ရာမှ တာဝန်ရှိသူများနှင့်အတူ လုပ်ဆောင်ခဲ့ကြပါသည်။

 

ယခုဆွေးနွေးပွဲတွင် ဖွင့်လှစ်ရန် စီစဉ်ထားသော လွိုင်ကော်ရှိ ပညာရေးဒီဂရီကောလိပ်၊ ကွန်ပျူတာတက္ကသိုလ်နှင့် နည်းပညာတက္ကသိုလ်တို့၏ ပြန်လည်ဖွင့်လှစ်မည့်ရက် အတိအကျအား သက်ဆိုင်ရာကျောင်း၏ ပါမောက္ခချုပ်များနှင့် ကျောင်းအုပ်ကြီးများမှ တင်ပြခဲ့ကြသည်။ 

 

နည်းပညာတက္ကသိုလ် (လွိုင်ကော်) ဒု- ပါမောက္ခချုပ်နှင့် ကွန်ပျူတာတက္ကသိုလ် (လွိုင်ကော်) ဒု-ပါမောက္ခချုပ်တို့သည် နိုဝင်ဘာ (၂၁) ရက်နေ့တွင် ပြန်လည်ဖွင့်လှစ်မည်ဖြစ်ကြောင်း၊ လွိုင်ကော်ပညာရေးဒီဂရီကောလိပ် ကျောင်းအုပ်ကြီးမှ အောက်တိုဘာ (၁၅) ရက်နေ့တွင် ကျောင်းပြန်ဖွင့်မည်ဖြစ်ကြောင်းနှင့် အစိုးရစက်မှုလက်မှုသိပ္ပံ ကျောင်းအုပ်ကြီးသည် ကျောင်းပြန်လည်ဖွင့်လှစ်မည့် အခြေအနေနှင့် ကြိုတင်ပြင်ဆင်ထားမှုများကို ရှင်းလင်းတင်ပြခဲ့ကြသည်။

 

ကယားပြည်နယ်၊ လွိုင်ကော်မြို့နယ်တွင် အကြောင်းအမျိုးမျိုးကြောင့် ပိတ်ထားရသည့် တက္ကသိုလ်၊ ဒီဂရီကောလိပ်များအား အမြန်ဆုံးပြန်လည်ဖွင့်လှစ်နိုင်ရေးအတွက် ပြည်နယ်အစိုးရအဖွဲ့မှ ကျောင်းဝန်းအတွင်း သန့်ရှင်းရေးနှင့် ပြုပြင်ပြင်ဆင်မှုများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

Source - ပြန်ကြားရေးဝန်ကြီးဌာန

 

Local News Read 62 times