IT ကို စိတ်ဝင်စားသူတွေအတွက် ရွေးချယ်နိုင်တဲ့ သင်တန်းအမျိုးအစားများ


ခေတ်ကာလအခြေအနေအရ နည်းပညာသည် ကမ္ဘာပေါ်တွင် အရှိန်အဟုန်ဖြင့် တိုးတက်နေသည့် ပညာရပ်တစ်ခုဖြစ်သည်။  မကြာသေးမီနှစ်များအတွင်း လုပ်ငန်းခွင်အသေးစားမှ အကြီးစားအထိ နည်းပညာ ကိရိယာများ၊ ဆော့ဖ်ဝဲများ အသုံးပြုလာခြင်းကြောင့် IT ပညာရှင်များ လိုအပ်ချက်သည် တဖြည်းဖြည်း တိုးလာပါသည်။ 

 

ထို့အတွက်ကြောင့် နည်းပညာဆိုင်ရာ အလုင်အကိုင်သည် အသက်မွေးဝမ်းကျောင်းအတွက် သေချာစေသည့် အလုပ်များထဲမှ တစ်ခုဖြစ်လာသည်။ International Labour Organization (ILO)၊ World Economic Forum (WEF)၊ U.S. Bureau of Labor Statistics (BLS) နှင့် အခြားသတင်းအရင်းမြစ်များအရ ကမ္ဘာတစ်ဝှမ်းတွင် အလုပ်အကိုင် အခွင့်အလမ်းအများဆုံးရသည့် နယ်ပယ်သည် နည်းပညာနယ်ပယ်ဖြစ်ကြောင်း သိရသည်။ 

 

IT အသိအမှတ်ပြု ပရိုဂရမ်များ၊ သင်တန်းများသည်လည်း နည်းပညာဆိုင်ရာ အသက်မွေးဝမ်းကျောင်း လမ်းကြောင်းများအတွက် ပံ့ပိုးပေးပါသည်။ လက်မှတ်ရ IT ကျွမ်းကျင်ပညာရှင်များသည် တရားဝင်သင်တန်းမတက်သောသူများထက် အလုပ်ရရန် အခွင့်အလမ်းပိုကောင်းပါလိမ့်မည်။ 

 

ဤဆောင်းပါးတွင် သင်၏အနာဂတ် ပရော်ဖက်ရှင်နယ်လမ်းကြောင်းကို ရွေးချယ်ရာတွင် အထောက်အကူဖြစ်စေရန် နည်းပညာဆိုင်ရာ အလုပ်အမျိုးအစား (၁၀) ခုနှင့် ၎င်းတို့၏ ပညာရေးဆိုင်ရာ လိုအပ်ချက်များကို မျှဝေပေးသွားမည်ဖြစ်သည်။ 

 

၁။ Technical Support Specialist 

Technical Support Specialist များသည် သုံးစွဲသူများအား ကွန်ပျူတာများနှင့် အခြားစက်ပစ္စည်းများ အသုံးပြုရာတွင် ကူညီပေးပါသည်။ ၎င်းတို့သည် အများအားဖြင့် ကုမ္ပဏီ၏ သတင်းအချက်အလက်နည်းပညာ (IT) ဌာနတွင် အလုပ်လုပ်ကြပြီး ဆာဗာများကို စီမံခန့်ခွဲခြင်း၊ ဆော့ဖ်ဝဲလ်များ တပ်ဆင်ခြင်းနှင့် ဝန်ထမ်းများ ကွန်ပျူတာနှင့်ပတ်သက်ပြီး အခက်အခဲ ကြုံလာသောအခါတွင် နည်းပညာပိုင်းဆိုင်ရာ ပြဿနာများကို ကိုင်တွယ်ဖြေရှင်းပေးရသည်။ 

ပညာရေးလိုအပ်ချက် - ကွန်ပျူတာပိုင်းဆိုင်ရာ ကျွမ်းကျင်သူများ၊ ကွန်ပျူတာသိပ္ပံ၊ သတင်းအချက်အလက်စနစ်များ စသည့် သက်ဆိုင်ရာနယ်ပယ်တွင် ဘွဲ့ရရှိထားသူများဖြစ်ရန် လိုအပ်သည်။ 

 

၂။ Computer Programmer

Computer Programmer များသည် လုပ်ငန်းဆောင်တာများကို လုပ်ဆောင်ရန် ကွန်ပျူတာ လည်ပတ်မှုစနစ်ကို ညွှန်ကြားသည့် ညွှန်ကြားချက်များကို ရေးကြသည်။ ၎င်းတို့သည် ဆော့ဖ်ဝဲလ် အက်ပလီကေးရှင်းများကို တီထွင်ရန်၊ စမ်းသပ်ရန်နှင့် ပြင်ဆင်ရန် Programming Language အမျိုးမျိုးကို အသုံးပြုကြရသည်။ ၎င်းတို့သည် အသုံးပြုသူနှင့် အဆင်ပြေသော ပရိုဂရမ်များကို ဖန်တီးရန်အတွက် Software Developer များ၊ Engineer များနှင့်လည်း အနီးကပ် အလုပ်လုပ်ရပါသည်။

ပညာရေးလိုအပ်ချက် - အများအားဖြင့် ကွန်ပျူတာသိပ္ပံဘွဲ့ကို ရရှိထားကြသည်။ သို့ပေမဲ့ ပရိုဂရမ်မာများသည် Programming language အသစ်များကို လေ့လာရန်နှင့် ခေတ်မီနေစေရန် သင်တန်းများ ထပ်တက်ရန် လိုအပ်သည်။ 

 

၃။ Data Analyst 

Data Analyst များသည် အရင်းအမြစ်အမျိုးမျိုးမှ ရရှိလာသော အချက်အလက်များကို စုဆောင်းပြီး ပြန်လည်သုံးသပ်ရန် တာဝန်ရှိသည်။ ထို့နောက် ၎င်းတို့သည် ထိုအချက်အလက်များကို စီးပွားရေးဆိုင်ရာ ဆုံးဖြတ်ချက်များတွင် အကူအညီရရန် ဘာသာပြန်ပေးရပါသည်။ စာရင်းအင်းအချက်အလက်နှင့် တွေ့ရှိချက်များကို မျှဝေရန်အတွက်လည်း ပုံများ၊ ဂရပ်များနှင့် အစီရင်ခံချက်များကို ပြင်ဆင်ကြရသည်။

ပညာရေးဆိုင်ရာလိုအပ်ချက် -  များသောအားဖြင့် ကွန်ပျူတာသိပ္ပံ၊ စာရင်းအင်းပညာ သို့မဟုတ် ဆက်စပ်နယ်ပယ်တွင် အနည်းဆုံး ဘွဲ့တစ်ခု ရရှိထားကြသည်။ 

 

၄။ Web developer

Web Developer များသည် ဝဘ်ဆိုက်ဒ်များ ဖန်တီးရန်အတွက် Code များ ရေးကြသည်။ နောက်ကွယ်တွင် Server၊ Application နှင့် Database တို့ပါ၀င်ပြီး  ရှေ့ဘက်တွင် သုံစွဲသူများ မြင်နိုင်သည့် မြင်ကွင်းပုံရိပ်များအား ဒီဇိုင်းဆွဲရသည်။ Web Developers များ၏ ဘုံတာဝန်များတွင် အသုံးပြုသူ၏ တုံ့ပြန်ချက်ကို လေ့လာပြီး အမှားအယွင်းများကို ပြင်ဆင်ရန်၊ အသုံးပြုသူ အတွေ့အကြုံကို မြှင့်တင်ရန်၊ ဝဘ်ဆိုက်ဒ်ကို စစ်ဆေးစောင့်ကြည့်ရန်၊ ဆော့ဖ်ဝဲလ်အဆင့်မြှင်ရန်နှင့် ဒေတာကို ကာကွယ်ရန်တို့ ပါဝင်သည်။

ပညာရေးဆိုင်ရာလိုအပ်ချက် -  အလုပ်ရှင်များသည် ကွန်ပြူတာသိပ္ပံ သို့မဟုတ် ဆက်စပ်နယ်ပယ်တစ်ခုတွင် ဘွဲ့တစ်ခုခုရထားသော လျှောက်ထားသူများကို ရှာဖွေလေ့ရှိသည်။ ၎င်းတို့သည် Coding Language အမျိုးမျိုးဖြင့် အရည်အချင်းကို ဖော်ပြရန် လိုအပ်သည်။

 

၅။  Network Engineer

Network Engineer များသည် အဖွဲ့အစည်းတစ်ခုတွင်ရှိသော အိုင်တီဌာန၏ တစ်စိတ်တစ်ပိုင်းအဖြစ် လုပ်ဆောင်သည်။ ကုမ္ပဏီ၏ Network hardware နှင့် Computer system များ ထိရောက်မှုရှိစေရန်အတွက် တာဝန်ယူရပါသည်။ ၎င်းတို့သည် Hardware အသစ်များ တပ်ဆင်ခြင်း၊  ပြသနာရှာဖွေမှု လုပ်ဆောင်ခြင်း (Run Diagnostics) နှင့် Software အပ်ဒိတ်များ ပြီးမြောက်စေခြင်းတို့ကို ဆောင်ရွက်ရသည်။ ကွန်ရက်လုံခြုံရေးကို အန္တရာယ်ပြုသော ဆော့ဖ်ဝဲလ်၊ ဗိုင်းရပ်စ်များနှင့် အခြားဖြစ်နိုင်ချေရှိသော ခြိမ်းခြောက်မှုများမှ ကာကွယ်နိုင်ရန် ကြိုတင်ကာကွယ်မှုများ ပြုလုပ်ရပါသည်။

ပညာရေးဆိုင်ရာလိုအပ်ချက် - Computer Systems Engineering, Network Security Management, IT (သို့) Computer Science နှင့် ပတ်သက်သည့် ဘွဲ့များ ရရှိရန်လိုအပ်သည်။ 

 

၆။ Database Administrator

Database Administrator များသည် Library catalog များ၊ အသုံးပြုသူအကောင့်များ၊ သန်းခေါင်စာရင်းအချက်အလက်များ၊ စာရင်းအင်းစစ်တမ်းများနှင့် သုံးစွဲသူမှတ်တမ်းများကဲ့သို့သော ဆော့ဖ်ဝဲဒေတာဘေ့စ်များကို စီမံခန့်ခွဲထိန်းသိမ်းခြင်းတို့ကို ဆောင်ရွက်ရသည်။ ၎င်းတို့သည် ဒေတာဘေ့စ်များသို့ လုံခြုံသော ဝင်ရောက်ခွင့်ကို ပေးဆောင်ရသည့်အပြင် ဒေတာဆုံးရှုံးမှုကို ကာကွယ်ရန် အရန်ဖြေရှင်းချက်များအား စီမံဆောင်ရွက်ပေးရသည်။ ဒေတာဘေ့စ်စီမံခန့်ခွဲသူများ၏ အခြားတာဝန်များတွင် စနစ်ပြဿနာများကို ရှာဖွေခြင်းနှင့် ဖြေရှင်းခြင်း၊ ဗိုင်းရပ်စ်နှိမ်နင်းရေးဆော့ဖ်ဝဲကို အပ်ဒိတ်လုပ်ခြင်းနှင့် အပ်ဒိတ်များ ထည့်သွင်းခြင်းတို့ ပါဝင်သည်။

ပညာရေးဆိုင်ရာလိုအပ်ချက် - ကွန်ပျူတာသိပ္ပံ၊ ကွန်ပျူတာအင်ဂျင်နီယာ (သို့) သတင်းအချက်အလက်စနစ်များ စသည့် သက်ဆိုင်ရာနယ်ပယ်တွင် ဘွဲ့ဒီဂရီတစ်ခုရရှိရန် လိုအပ်သည်။  

 

၇။  Cybersecurity Specialist

Cybersecurity Specialist များသည် ကုမ္ပဏီ၏ အရေးကြီးသော ဒေတာအချက်အလက်၊ ဆော့ဖ်ဝဲလ်နှင့် ကွန်ရက်စနစ်၏ ဘေးကင်းမှုကို ထိန်းသိမ်းရန် တာဝန်ရှိပါသည်။ ၎င်းတို့သည် လုံခြုံရေးအစီအမံအမျိုးမျိုးတို့ကို ထိထိရောက်ရောက် တီထွင်ခြင်း၊ စမ်းသပ်ခြင်း၊ အသုံးချခြင်းနှင့် ခွဲခြမ်းစိတ်ဖြာခြင်းတို့ လုပ်ဆောင်ရသည်။ လုံခြံရေးနစ်အား ဖျက်ဆီးမှု၊ ခိုးယူမှု၊ ခြိမ်းခြောက်မှုတို့ မရှိစေရန် ကာကွယ်ပေးရသည့် တာဝန်လည်းရှိသည်။ 

ပညာရေးဆိုင်ရာလိုအပ်ချက် - Cybersecurity Specialist အဖြစ် အလုပ်ရှာနေသည့်သူအများစုသည် ဆိုက်ဘာလုံခြုံရေး၊ အိုင်တီ (သို့) ကွန်ပျူတာသိပ္ပံတွင် ဘွဲ့ဒီဂရီတစ်ခု ရရှိကြသည်။ 

 

၈။ Software Engineer

Software Engineer များသည် ကွန်ပြူတာ အက်ပလီကေးရှင်းများ ဖွံ့ဖြိုးတိုးတက်စေရန် အင်ဂျင်နီယာနှင့်ဆိုင်သော အခြေခံမူများကို အသုံးချရသည်။ ၎င်းတို့သည် ဆော့ဖ်ဝဲလ်ပရိုဂရမ်များ ဖန်တီးရန် Software Developer များနှင့် ပူးပေါင်းဆောင်ရွက်လေ့ရှိသည်။ Software တစ်ခုအား Develop လုပ်ရန်သာမက ဒီဇိုင်းရေးဆွဲခြင်း၊ အဆင့်မြှင့်တင်ခြင်း၊ စစ်ဆေးခြင်းပိုင်းများပါ အစီအစဉ်တကျ လုပ်ဆောင်ပေးရသည်။ 

ပညာရေးဆိုင်ရာလိုအပ်ချက် -  ပုံမှန်အားဖြင့်  Software Development ၊ Computer Programming ၊ Mathematics (သို့) အလားတူနယ်ပယ်တွင် ဘွဲ့တစ်ခုခုရရှိထားကြသည်။  Programming Languages များနှင့် Software Engineering Model ၊ Software Architecture တို့ကိုပါ ကျွမ်းကျင်ရမည်။ 

 

၉။ Cloud Engineer

Cloud Engineer များသည် ကုမ္ပဏီတစ်ခု၏ နည်းပညာဆိုင်ရာ Infrastructure များကို စစ်ဆေးပြီး အချို့သော လုပ်ငန်းစဉ်များနှင့် လုပ်ဆောင်ချက်များကို cloud-based စနစ်သို့ ရွှေ့ပြောင်းပေးသည်။ ၎င်းတို့သည် Cloud စနစ်တစ်ခုတွင် အမှားအယွင်းရှိပါက ပြသနာကို ရှာဖွေရန်နှင့် ဖြေရှင်းရန် အခြားသော နည်းပညာဆိုင်ရာ ဝန်ထမ်းများနှင့် ပူးပေါင်းဆောင်ရွက်ပါသည်။ Cloud အင်ဂျင်နီယာများ၏ အခြားသော တာဝန်များတွင် Cloud-based applications များ၊ Software နှင့် Web services များကို စီစဉ်ခြင်းနှင့် ဒီဇိုင်းဆွဲခြင်းတို့ ပါဝင်သည်။

ပညာရေးဆိုင်ရာလိုအပ်ချက် - Software Engineering ၊ Information Systems ၊ Technology ၊  Computer Science နှင့်သက်ဆိုင်သည့် နောက်ခံပညာရှိရပါမည်။ 

 

၁၀။ AI/ML Engineer

AI/ML Engineers များသည် ခန့်မှန်းခြင်း၊ အမျိုးအစားခွဲခြင်းနှင့် အကြံပြုခြင်းကဲ့သို့သော လုပ်ငန်းဆောင်တာများကို လုပ်ဆောင်နိုင်သည့် AI မော်ဒယ်လ်များ၊ Machine Learning နှင့် Robotics တို့ကို ဒီဇိုင်းဆွဲပြီး ဖန်တီးပါသည်။ သင်္ချာအတွက်အချက်များ၊ Data အချက်အလက်များ၊ Algorithm၊ Programming စသည့် ပညာရပ်များအား တတ်ကျွမ်းထားသူများ လုပ်ဆောင်သည့် အလုပ်ဖြစ်သည်။ AI ဖြေရှင်းချက်များကို အသုံးချခြင်းနှင့် လက်တွေ့ကမ္ဘာတွင် AI ၏ စွမ်းဆောင်ရည်များကို စောင့်ကြည့်စစ်ဆေးပေးရသည်။ 

AI Engineer အများစုသည် ဘွဲ့ရထားမည်။ သက်ဆိုင်ရာနယ်ပယ်ဖြစ်သည့် AI နှင့် ML ပိုင်းတွင် မဟာဘွဲ့ ရရှိသူဖြစ်ရမည်။ ထို့အပြင် Python ကဲ့သို့သော Programming language များနှင့် TensorFlow သို့မဟုတ် PyTorch ကဲ့သို့သော ML Frameworks ဆိုင်ရာ အသိပညာသည် မရှိမဖြစ် လိုအပ်ပါသည်။

 

မြန်မာနိုင်ငံရှိ IT နှင့် ပတ်သက်သည့် သင်တန်းများကို ရှာဖွေရန်

>> https://www.edge.com.mm/listing/it

 

Vocational Read 75 times