ဗန်းမောက်မြို့တွင် နယ်စပ်ဒေသ တိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေးသင်တန်းကျောင်းသစ် တိုးချဲ့ဖွင့်လှစ်နိုင်ရေး တည်ဆောက်ပြီးစီးခဲ့သည့် ကျောင်းသားနှစ်ထပ်အိပ်ဆောင်၊ ကျောင်းသူ နှစ်ထပ်အိပ်ဆောင်၊ ဝန်ထမ်းအိမ်ရာ၊ ရေချိုးခန်း/သန့်စင်ခန်း၊ စာကြည့်တိုက်များနှင့် ကျောင်းသား၊ ကျောင်းသူများအတွက် ဖြည့်တင်းပေးထားသော အသုံးအဆောင်ပစ္စည်းများဖြစ်သည့် အိပ်ဆောင်သုံး ပစ္စည်းများ၊ စားရိပ်သာသုံးပစ္စည်းများ၊ စာရေးကိရိယာပစ္စည်းများ ဖြည့်တင်းထားရှိမှုတို့ကို စစ်ကိုင်းတိုင်းဒေသကြီး ဦးစီးမှူး ဦးအောင်သိန်းမှ ယနေ့နံနက် ၁၀ နာရီခွဲတွင် ကြည့်ရှုစစ်ဆေးသည်။
ကိုဗစ်-၁၉ ကာလအလွန် အခြေခံပညာကျောင်းများ ပြန်လည်ဖွင့်လှစ်ချိန်တွင် သတ်မှတ်အရည်အချင်းနှင့် ကိုက်ညီသော ပဉ္စမတန်း (Grade-6) နှင့် ဆဋ္ဌမတန်း (Grade-7) ကျောင်းသား၊ ကျောင်းသူများအား စတင်လက်ခံပြီး ပြုစုပျိုးထောင် လေ့ကျင့်ပေးနိုင်ရေးအတွက် ကြိုတင်ပြင်ဆင် ဆောင်ရွက်လျက်ရှိသည်။
ပညာရေးနှင့် လေ့ကျင့်ရေးဦးစီးဌာနသည် ဝေးလံခေါင်သီ၍ လူမှုရေးခက်ခဲသောဒေသများကို အထူးအလေးထား ဆောင်ရွက်လျက်ရှိသည့်အပြင် နိုင်ငံအတွင်းပိုင်းရှိ ဖွံ့ဖြိုးမှုနောက်ကျ ကျန်ရှိနေသော ဒေသများမှ တိုင်းရင်းသားလူငယ်များအား အခြေခံ၊ အဆင့်မြင့် ပညာရပ်များ သင်ကြားလေ့ကျင့်ပေးပြီး လူ့စွမ်းအားအရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်ရေး၊ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်စေရေး လုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိသည်။
၁၉၉၉-၂၀၀၀ ပညာသင်နှစ်မှစ၍ ယနေ့ထိ တိုင်းဒေသကြီး/ပြည်နယ်များတွင် ယခုဖွင့်လှစ်မည့် ဗန်းမောက်၊ လူငယ်သင်တန်းကျောင်းအပါအဝင် လူငယ်သင်တန်းကျောင်း (၄၇)ကျောင်းအထိ ဖွင့်လှစ်ပေးနိုင်မည်ဖြစ်ပြီး ဒေသခံလူငယ်များ၏ အခြေခံပညာကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးနှင့် တိုင်းရင်းသားလူငယ်များအား နိုင်ငံ့သားကောင်း၊ လူသားကောင်းများဖြစ်စေရေး စဉ်ဆက်မပြတ် လေ့ကျင့်ပြုစု ပျိုးထောင်ပေးလျက်ရှိကြောင်း သိရသည်။
Source: mdn.gov.mm