၂၀၂၃ နောက်ပိုင်း Billboard Advertising ကို ပိုမို အသုံးပြုလာတဲ့ International School များ

ကြော်ငြာဆိုင်းဘုတ် ( Billboard ) ဆိုတာ ၁၈၉၄ ခုနှစ်ကတည်းက စတင် ပေါ်ပေါက်ခဲ့တာ ဖြစ်ပြီး အခုဆိုရင် နှစ်ပေါင်း ၁၃၀ သက်တမ်း ရှိနေပါပြီ။ ကြော်ငြာဆိုင်းဘုတ် (သို့) Billboard Advertising (သို့) OOH (Out of Home) Advertising (သို့) Outdoor Advertising စသဖြင့် အမျိုးမျိုး သုံးနှုန်း ခေါ်ဝေါ်ကြပါတယ်။ Billboard Advertising ဟာ ယနေ့အချိန်ထိတိုင်အောင် ဘာလို့ အောင်မြင်နေဆဲလဲ ဆိုတာ စိတ်ဝင်စားစရာပါ။

ကြော်ငြာဆိုင်းဘုတ်တွေကို လမ်းဆုံလမ်းခွတွေ၊ ကားလမ်းမဘေးတွေနဲ့ လူစည်ကားရာ နေရာတွေမှာ ထောင်ထားတာ ဖြစ်လို့ မိမိရဲ့ ကြော်ငြာကို ကားပိတ်နေတဲ့အခါ၊ မီးပွိုင့်မိနေတဲ့အခါ၊ သွားရင်းလာရင်း လူအများ မြင်နေရမှာ ဖြစ်ပါတယ်။ ဒါကြောင့် လုပ်ငန်းအများစုက မိမိလုပ်ငန်းရဲ့ Brand Image ကို မြှင့်တင်လိုတဲ့ ရည်ရွယ်ချက်နဲ့ Billboard Advertising ကို အသုံးပြုကြပါတယ်။

ရုပ်ရှင်ဇာတ်ကားတွေ ရုံတင်တဲ့အခါ၊ သီချင်းအသစ်တွေ ထွက်တဲ့အခါ၊ ရှိုးပွဲတွေ လုပ်တဲ့အခါ၊ ပွဲတော်တွေ ကျင်းပတဲ့ အခါမှာလည်း Billboard ကိုပဲ အသုံးပြုကြပါတယ်။ ဘာကြောင့်လဲဆိုတော့ မြန်မာတစ်နိုင်ငံလုံးက လူတွေ သိအောင်ဆိုရင် Billboard က အသင့်တော်ဆုံး ကြော်ငြာချန်နယ်တစ်ခု ဖြစ်နေတာကြောင့်ပါ။

အခုနောက်ပိုင်း ကုမ္ပဏီကြီးတွေသာမကပဲ အသေးစားလုပ်ငန်းလေးတွေကအစ ကြော်ငြာလာကြပြီ ဖြစ်ပါတယ်။ အရင်က မြန်မာနိုင်ငံမှာ Billboard Advertising ကို အချိုရည်၊ အဖျော်ယမကာနဲ့ Telecom ကုမ္ပဏီတွေက အသုံးအများဆုံး ဖြစ်ခဲ့ပေမယ့် အခုဆိုရင် International Schools တွေလည်း အသုံးပြုလာကြတယ်လို့ သိရပါတယ်။

ဒီကိစ္စနဲ့ ပတ်သတ်ပြီး Outdoor Network Co.,ltd တည်ထောင်သူရဲ့ ပြောကြားချက်တွေကို ထုတ်နှုတ် ဖော်ပြပေးလိုက်ပါတယ်။ Outdoor Network ကို၂၀၀၃ ခုနှစ်က စတင် တည်ထောင်ခဲ့တာ ဖြစ်ပြီး အခုဆိုရင် လုပ်ငန်းလည်ပတ်ခဲ့တာ ၂၁ နှစ် ရှိနေပါပြီ။ မြန်မာနိုင်ငံမှာ အစောပိုင်းကာလတွေကထဲက ကြော်ငြာဆိုင်းဘုတ်လုပ်ငန်း ဆောင်ရွက်ခဲ့တာဖြစ်ပြီး အတွေ့အကြုံ အများကြီး ရှိနေတဲ့ ကုမ္ပဏီတစ်ခုပါ။

 

ကြော်ငြာဆိုင်းဘုတ် အများဆုံးသုံးတဲ့ လုပ်ငန်းများ

မြန်မာနိုင်ငံမှာ အချိုရည်၊ အဖျော်ယမကာနဲ့ Telecom ကုမ္ပဏီတွေက ဆိုင်းဘုတ်ကြော်ငြာကို အများဆုံး အသုံးပြုကြပြီး ၂၀၂၃-၂၄ ခုနှစ်မှာတော့ ရန်ကုန်မှာ စာသင်ကျောင်းကြော်ငြာတွေ ပိုများလာတာကို တွေ့ရပါတယ်။ အထူးသဖြင့် International Schools တွေ များပြီး Local Schools တွေတော့ ကြော်ငြာတာ မရှိသေးပါဘူး။

ရန်ကုန်မြို့ လမ်းမတွေပေါ်မှာ Kings International School Yangon ဆိုင်းဘုတ်အရေအတွက် အတော်များများကို မြင်တွေ့ရပြီး International School of Yangon (ISY), Stardom School of Yangon, Elite International School စတဲ့ နိုင်ငံတကာ ကျောင်းတွေလည်း ကြော်ငြာလာကြပါတယ်။

ကျောင်းတွေအနေနဲ့ မိမိတို့ကျောင်းကို လူတွေ ပိုသိလာစေဖို့၊ Image ကို ဆက်ထိန်းဖို့အတွက် ဆိုင်းဘုတ်ထောင်လေ့ ရှိကြပြီး ဒီလိုကြော်ငြာဆိုင်းဘုတ် အသုံးပြုပြီးနောက်ပိုင်း ကျောင်းသားကျောင်းသူဦးရေ တိုးလာတယ်လို့လည်း သိရပါတယ်။ များသောအားဖြင့်တော့ မိမိတို့ကျောင်းမှာ တကယ်တက်ရောက်နေတဲ့ ကျောင်းသားတွေနဲ့ပဲ ဓာတ်ပုံရိုက်ကူးပြီး ဆိုင်းဘုတ် ကြော်ငြာအတွက် အသုံးပြုတာ ဖြစ်ပါတယ်။

 

နေရာ၊ အရွယ်အစားနှင့် နှုန်းထားများ

ဈေးနှုန်းက နေရာပေါ် မူတည်ပြီး သိန်း (၁၀၀) ကျော်ကနေ သိန်း (၇၀၀) ကျော်ထိ အစားစား ရှိပါတယ်။ အရွယ်အစား ကတော့ အများအားဖြင့် အမြင့် (၁၅) ပေနဲ့ အလျား (၄၅) ပေပါ။ လမ်းမကြီးတွေဆိုရင် ဈေးပိုများပြီး အထူးသဖြင့် ရန်ကုန်-ပြည်လမ်း၊ ကမ္ဘာအေးဘုရားလမ်း၊ ဦးထောင်ဘိုလမ်းတစ်ဝိုက်နဲ့ မြို့တွင်းဧရိယာ လမ်းမတွေဟာ ဈေးအကြီးဆုံး ဖြစ်ပါတယ်။

တစ်နှစ်စာကို သိန်း (၂၅၀) ကနေ (၇၀၀) ထိ ပေါက်ဈေး ရှိပါတယ်။ လုပ်ငန်းတွေအနေနဲ့ မိမိတို့ သုံးမယ့် Budget အလိုက် (၃) လကနေ (၆) လအထိ ငှားရမ်းတတ်ကြပြီး နေရာကောင်းတွေ ဆိုရင် ဈေးပိုပေးတာတွေလည်း ရှိပါတယ်။

 

ကြော်ငြာဆိုင်းဘုတ် လုပ်ငန်းစဉ်များ

Billboard တစ်ခု ထောင်တော့မယ်ဆိုရင် ပထမဦးဆုံး Location Confirm အရင်လုပ်ရပါတယ်။ နေရာအဆင်ပြေပြီဆိုရင် ဈေးနှုန်း ညှိနှိုင်း အတည်ပြုပြီး အလုပ်အပ်တဲ့သူဘက်က Creative Design ပေးရပါတယ်။ နောက် သက်ဆိုင်ရာ ဌာနဆိုင်ရာက ခွင့်ပြုချက်ယူပြီးတာနဲ့ Vinyl Printing ထုတ်ပြီး ဆိုင်းဘုတ်တင်လို့ ရပါပြီ။

ညဘက်မှာလည်း ကြော်ငြာဆိုင်းဘုတ်ကို လူတွေမြင်ရအောင် ညနေ (၆) နာရီကနေ မနက် (၁) နာရီထိ မီး ဖွင့်ပေးထား ပါတယ်။ တချို့ကုမ္ပဏီတွေကတော့ မီးပျက်တဲ့အခါမှာလည်း လင်းနေစေဖို့အတွက် အဆင်ပြေတဲ့ ဆိုလာကုမ္ပဏီနဲ့ ချိတ်ဆက်ပြီး ဆိုလာတပ်ဆင်ကြပါတယ်။ ဒီအတွက်ကြောင့် မနက်မိုးလင်းတဲ့အထိ အလင်းပေးနေနိုင်မှာ ဖြစ်ပါတယ်။

 

လုပ်ငန်းရှင်တွေအနေနဲ့ သတိထားရမယ့် အချက်များ

ကြော်ငြာဆိုင်းဘုတ်ထောင်မယ်ဆိုရင် လုပ်ငန်းရှင်တွေအနေနဲ့ သတိထားရမှာကတော့ သင့်ရဲ့ ကြော်ငြာကို အနည်းဆုံး (၃) လလောက် ထားသင့်ပါတယ်။ ကိုယ့်ရဲ့ ကြော်ငြာဆိုင်းဘုတ်က အရမ်းရှုပ်ထွေးနေတာမျိုး မဖြစ်အောင်လည်း ဂရုစိုက်ပါ။ ရိုးရိုးရှင်းရှင်းနဲ့ ဆွဲဆောင်မှု ရှိနိုင်တဲ့ ပုံမျိုးကို သုံးပါ။ ဥပမာ - ဘာပဲလိုလို ရန်ကုန်လမ်းညွှန် ဆိုပြီး Question Mark လေး တစ်ခုနဲ့ ကြော်ငြာပြတာမျိုးပါ။

နောက်တစ်ခုက ပုံတွေ၊ စာတွေနဲ့ ဒီဇိုင်းတွေကို ခဏခဏ ချိန်းပစ်တာမျိုး မလုပ်သင့်ပါဘူး။ လူတွေက သင့်ရဲ့ ကြော်ငြာကို ကြည့်ချိန်က ခဏလေးပါ။ ကြော်ငြာကိုသာ ခဏခဏ ပြောင်းလဲနေတယ်ဆိုရင် ဘယ်လိုမှ မှတ်မိမှာ မဟုတ်ပါဘူး။ တူညီတဲ့ ကြော်ငြာတစ်ခုထဲကိုပဲ အမြဲတမ်း မကြာခဏ ကြည့်မိမယ်ဆိုရင်တော့ စက္ကန့်ပိုင်းလေး ဖြစ်ရင်တောင် သင့်ကြော်ငြာကို ကြာရင် မှတ်မိသွားမှာ ဖြစ်ပါတယ်။

 

အဓိက လုပ်ဆောင်ပေးတဲ့ ဆိုင်းဘုတ် အမျိုးအစားများ

Outdoor Network ကုမ္ပဏီအနေနဲ့ အရင်ကတော့ Taxi Light Box, LED, Airport Advertising နဲ့ Bus Station Advertising မျိုးစုံကို လုပ်ခဲ့ပေမယ့် ယနေ့ အချိန်အခါမှာတော့ Billboard တစ်မျိုးထဲကိုပဲ အဓိကထား လုပ်ဆောင်ပေးနေ ပါတယ်။ လမ်းမပေါ်က ဆိုင်းဘုတ်တွေအပြင် ဌာနဆိုင်ရာမြေတွေ၊ Private လမ်းတွေ၊ အိမ်နံရံတွေမှာလည်း စည်ပင်ကို အခွန်ပေးပြီး ကြော်ငြာဆိုင်းဘုတ် ပြန်လည် ငှားရမ်းတာတွေ ရှိပါတယ်။

 

လက်ရှိကာလ အလုပ်အပ်တာများတဲ့ စီးပွားရေးလုပ်ငန်းများ

မိုးဦးကာလ ရောက်လာပြီ ဖြစ်တာကြောင့် ဆေးဝါးတွေ၊ ဖြည့်စွက်စာတွေ အထူးသဖြင့် ဒီကာလမှာ Seasonal Flu အဖြစ်များတဲ့အတွက် Flus ကာကွယ်ဆေးတွေ ကြော်ငြာအပ်ကြပါတယ်။ ဒီကာလကိုပဲ ဦးတည်ပြီး ကြော်ငြာချင်တာဖြစ်လို့ (၃) လလောက်ပဲ ဆိုင်းဘုတ်ထောင်ကြတာ များပါတယ်။

 

မိုးတွင်းကာလ လုပ်ငန်းအခြေအနေ

မြန်မာနိုင်ငံအနေနဲ့ မိုးတွင်းမှာ ဆိုင်းဘုတ်အငှား (၃၅) ရာခိုင်နှုန်းလောက် လျော့ကျတယ်လို့ သိရပါတယ်။ ပွင့်လင်းရာသီ ထက်စာရင် ကြော်ငြာသုံးတာ နည်းသွားပြီး နောက် သီတင်းကျွတ်၊ တန်ဆောင်တိုင်မှာ ပြန်ပြီး ကြော်ငြာတွေ တိုးဝင်လာတတ်ပါတယ်။

 

လုပ်ငန်းခွင်မှာ ကြုံတွေ့ရတတ်တဲ့ အခက်အခဲများ

Private မြေ (သို့) ဌာနဆိုင်ရာမြေပေါ်နဲ့ တိုက်နံရံတွေပေါ်မှာ တပ်ဆင် ကြော်ငြာမယ့် ဆိုင်းဘုတ် လျှောက်ထားရာမှာ YCDC က ယခင်နှစ်တွေထက် ၂၀၂၃- ၂၄ မှာ စပြီး သေချာ စိစစ်လာပါတယ်။ ဒီအတွက် ခွင့်ပြုမိန့်‌ပေးရာမှာ အရင်က ၃ ပတ်လောက်ပဲ ကြာခဲ့ပေမယ့် အခု ၂-၃ လလောက် ကြာလာပါတယ်။ အလုပ်အပ်ထားတဲ့ ကုမ္ပဏီတွေကို အခြေအနေ ပြန်ပြောရပြီး ညှိနှိုင်းရတာလေးတွေ ဖြစ်လာပါတယ်။

အခွန်ကိုလည်း YCDC က အခု ၂၀၂၄-၂၅ အတွက် ခန့်မှန်း (၅၀) ရာခိုင်နှုန်း တိုးလိုက်တဲ့အတွက် နောက်ပိုင်း သိပ်မငှားရတာတွေ၊ ဈေးအရမ်းများလာတော့ Billboard ကြော်ငြာသုံးတာ နည်းလာပြီး (၄၀) ရာခိုင်နှုန်းလောက် လျော့ကျသွားပါတယ်။ နောက်တစ်ခုက ဆိုင်းဘုတ်အသစ်လုပ်ရာမှာ ရာသီဉတုအခြေအနေ၊ စက်ပစ္စည်းအခြေအနေ၊ နေရာအခြေအနေပေါ် မူတည်ပြီး တစ်ပတ်လောက် နောက်ကျတာတွေ ရှိတတ်ပါတယ်။

 

မြန်မာနိုင်ငံရဲ့ ဆိုင်းဘုတ်လုပ်ငန်းအပေါ် အမြင်

Digital Platform Growth ဖြစ်လာတဲ့အတွက် ဆိုင်းဘုတ်ကြော်ငြာ အသုံးပြုတဲ့ လုပ်ငန်းတွေ နည်းလာနိုင်ပေမယ့် ပပျောက်သွားတဲ့ အထိတော့ မဖြစ်နိုင်သေးပါဘူး။ ဟိုးအရင် Digital သိပ်ခေတ်မစားခင် TV Commercial တွေ အသုံးများတဲ့ ခေတ်ကထဲက ကုမ္ပဏီတွေက Marketing Plan နဲ့ Strategy ရေးဆွဲရာမှာ Outdoor Advertising အတွက် 25-40% လောက် Budget ထည့်သွင်းခဲ့ကြပြီး အခုထိလည်း 10-25% လောက် ထည့်သွင်း သုံးစွဲနေကြတုန်းပါ။

ကြော်ငြာဆိုင်းဘုတ်တွေရဲ့ ရှေ့အလားအလာ မြန်မာနိုင်ငံအနေနဲ့ရော တခြားနိုင်ငံတွေအနေနဲ့ပါ ကြော်ငြာဆိုင်းဘုတ်လုပ်ငန်းက ဒီတိုင်းပဲ ဆက်သွားနေမယ့် အနေအထား ရှိပါတယ်။ Digital Platforms တွေ တိုးတက် များပြားလာတဲ့နည်းတူ ကြော်ငြာဆိုင်းဘုတ်ထက် စာရင် ဒီနိုင်ငံမှာ အသုံးများတဲ့ Facebook နဲ့ Viber မှာ ကြော်ငြာတာက ဈေးပိုသက်သာတဲ့အတွက် လုပ်ငန်းအများစုက ဒီလမ်းကိုပဲ ရွေးကြပါတယ်။ ကြော်ငြာဆိုင်းဘုတ်ကို Image အတွက်လောက်ပဲ သုံးလာကြတာကို တွေ့ရပါတယ်။

ဒီလောက်ဆိုရင် မိမိလုပ်ငန်းအတွက် ကြော်ငြာဆိုင်းဘုတ်တစ်ခု ထောင်မယ်ဆိုရင် သိထားသင့်တဲ့ အကြောင်းအရာတွေ အတော်လေး စုံပြီလို့ ထင်ပါတယ်။

Knowledge Latest Post Read 373 times