ပညာရေးဆိုင်ရာ အသုံးချသုတေသန နိုင်ငံတကာ ညီလာခံကို နေပြည်တော်တွင် ကျင်းပမည်

 

ပညာရေးဆိုင်ရာ အသုံးချသုတေသန နိုင်ငံတကာ ညီလာခံ (၂၀၂၅) ကို မြန်မာနိုင်ငံ ပညာရေးဝန်ကြီးဌာနမှ ဦးစီးပြီး နေပြည်တော် Myanmar International Convention Centre (MICC-II) တွင် နှစ်ရက်တိုင်တိုင် ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

 

အဆိုပါ ညီလာခံတွင် ပညာရေး၊ စီးပွားရေး၊ သိပ္ပံနှင့် နည်းပညာ စသော နယ်ပယ်ကြီး လေးခုကို အဓိကထား ဆွေးနွေးသွားမည်ဖြစ်ပြီး သာယာဝပြောသော အနာဂတ် လူ့ဘောင်အဖွဲ့အစည်းကို တည်ဆောက်ရာတွင် ပညာရေး၊ သိပ္ပံနှင့် နည်းပညာတို့၏ အခန်းကဏ္ဍ မည်မျှအရေးကြီးကြောင်း သိစေလိုသည့် ရည်ရွယ်ချက်ဖြင့် ကျင်းပသွားမည်ဖြစ်သည်။ 

 

ပညာရေးဆိုင်ရာ အသုံးချသုတေသန နိုင်ငံတကာ ညီလာခံ (၂၀၂၅) တွင် အောက်ပါ ကဏ္ဍကြီး (၅) ခုအတွက် သုတေသန စာတမ်းများကို ဆွေးနွေးသွားမည်ဖြစ်သည်။

  • ဆရာအတတ်ပညာရေး (Research on Teacher Education)၊
  • ဝိဇ္ဇာသိပ္ပံပညာရပ်ဆိုင်ရာ အသုံးချသုတေသန (Applied Research on Arts and Science)၊
  • သမုဒ္ဒရာနှင့် ကမ္ဘာမြေသိပ္ပံ (Research on Substainable Scientific Collaboration of Ocean and Earth Sciences)၊
  • အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ၊ နည်းပညာ၊ သက်မွေးပညာနှင့် လေ့ကျင့်ရေး (Research on MSMEs and TVET) နှင့်
  • ဘာသာစကား အရင်းအမြစ်နှင့် ဉာဏ်ရည်တုနည်းပညာ (Research on Natural Language Processing-NLP and AI Techno-logy)

 

ပြည်တွင်း၊ ပြည်ပတက္ကသိုလ်များမှ အရည်အသွေးရှိသည့် စာတမ်းများ လက်ခံ၊ စိစစ်အတည်ပြုခြင်းကိစ္စရပ်များကို ဒီဇင်ဘာလအတွင်း ဆောင်ရွက်သွားမည်ဖြစ်ပြီး ပွဲမှာ ပါဝင်သူများသည် ဒီဇင်ဘာ (၈) ရက်နေ့တွင် နေပြည်တော်သို့ အရောက် သွားရပါမည်။ သုတေသန ညီလာခံကို ဇန်နဝါရီလ (၉) ရက်နေ့နှင့် (၁၀) ရက်နေ့တို့တွင် ကျင်းပမည်ဖြစ်ပြီး ဇန်နဝါရီလ (၁၁) ရက်နေ့တွင် နေပြည်တော်အတွင်း လေ့လာရေးခရီးစဉ် စီစဉ်ပေးထားသည်။

 

ပွဲစီစဉ်ရေးကော်မတီသည် ပါဝင်သူများ၏ ဇန်နဝါရီ (၈) ရက်နေ့မှ (၁၂) ရက်အတွင်း ကုန်ကျစရိတ်ကို ထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း သိရသည်။ ပြည်ပလေယာဉ်ကြေးမှအပ ပါဝင်သူများ၏ နေစရိတ်၊ စားစရိတ်၊ သွားလာစရိတ်တို့ကို ထောက်ပံ့ပေးသွားမည်ဖြစ်ပြီး ထောက်ပံ့ကြေးတွင် ပြည်တွင်းလေယာဉ် အသွားပြန်စရိတ်အတွက်လည်း ပါဝင်သည်။   

 

ထို့ကြောင့် ညီလာခံအတွက် ညှိနှိုင်းအစည်းအဝေးကို ဒီဇင်ဘာ (၃) ရက်နေ့တွင် နေပြည်တော် ပညာရေးဝန်ကြီးဌာန၌ ကျင်းပခဲ့ပြီး ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများ၊ ပညာရေးဝန်ကြီးဌာနနှင့် ဆက်စပ်ဝန်ကြီးဌာနများမှ ပါမောက္ခချုပ်များ၊ ဒုတိယအမြဲတမ်းအတွင်းဝန်များ၊ ဒုတိယပါမောက္ခချုပ်များ၊ ပညာရေးဒီဂရီကောလိပ် ကျောင်းအုပ်ကြီးများ၊ ဘာသာရပ်ဆိုင်ရာ ပါမောက္ခများ၊ ညွှန်ကြားရေးမှူးများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြသည်။

 

ပွဲကို အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် စာတမ်းများ စိစစ်အတည်ပြုရေး ကိစ္စရပ်များ၊ သုတေသနပြခန်းပြသခြင်း ကိစ္စရပ်များ၊ ဖိတ်ကြားရေး၊ ကြိုဆိုနေရာချထားရေးနှင့် သယ်ယူပို့ဆောင်ရေး ကိစ္စရပ်များ၊ အခမ်းအနားပြင်ဆင်ရေး၊ ဖျော်ဖြေရေး၊ သတင်းပြန်ကြားရေး၊ နိုင်ငံတကာဆက်ဆံရေးဆိုင်ရာ ကိစ္စရပ်များကို ဦးစီးကော်မတီ၊ လုပ်ငန်းကော်မတီ၊ ဆပ်ကော်မတီများ ဖွဲ့စည်း၍ ကဏ္ဍအလိုက် ဆောင်ရွက်ရမည့် ကိစ္စရပ်များကို ညီညီညွတ်ညွတ် ဝိုင်းဝန်း လက်တွဲ ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း အစည်းအဝေးပွဲတွင် ပြောကြားခဲ့သည်။

 

Events & Exhibitions Local News Read 207 times