အင်္ဂလိပ်ဘာသာစကားကို ကျွမ်းကျွမ်းကျင် တက်မြောက်ထားလိုသူတွေ၊ နိုင်ငံခြားမှာ ကျောင်းဆက်တက်ဖို့ အစီအစဉ်ရှိသူတွေ၊ ပညာသင်ဆုတွေ လျှောက်ဖို့ စိတ်ဝင်စားသူတွေဆိုရင် မဖြစ်မနေ လိုအပ်တဲ့ အင်္ဂလိပ်စာ အရည်အချင်းစစ် စာမေးပွဲ (၃) ခုအကြောင်းကို မျှဝေပေးသွားမှာ ဖြစ်ပါတယ်။
IELTS
၁၉၈၀ ခုနှစ်မှာ British Council၊ IDP နဲ့ Cambridge English အဖွဲ့အစည်း (၃) ခုမှ ပူးပေါင်းပြီး International English Language Testing System (IELTS) ဆိုပြီး နိုင်ငံတကာ အသိအမှတ်ပြု အင်္ဂလိပ်စာ အရည်အချင်းစစ် စာမေးပွဲတစ်ခုကို စတင် လုပ်ဆောင်ခဲ့ပါတယ်။
IELTS ကို ကမ္ဘာ့နိုင်ငံပေါင်း (၁၄၀) ကျော်ရှိ အဖွဲ့အစည်းပေါင်း (၁၂,၅၀၀) မှ အသိအမှတ်ပြု လက်ခံထားကြပြီး တစ်ကမ္ဘာလုံးမှာ တစ်နှစ်ကို IELTS စာမေးပွဲ ဖြေဆိုသူ (၄) သန်းကျော် ရှိနေပါတယ်။
စာမေးပွဲအမျိုးအစား
IELTS မှာ ရွေးချယ်ဖြေဆိုနိုင်တဲ့ စာမေးပွဲ အမျိုးအစား (၂) မျိုး ရှိပါတယ်။ ပညာသင်ကြားမယ့် ရည်ရွယ်ချက်နဲ့ဆို IELTS Academic test ကို ဖြေဆိုသင့်ပြီး အလုပ်လုပ်ဖို့အတွက် ရည်ရွယ်ထားတယ်ဆိုရင်တော့ IELTS General Training test ကို ဖြေဆိုသင့်ပါတယ်။
ဖြေဆိုရမယ့်ပုံစံ
IELTS ဖြေဆိုရာမှာ Paper Based (စာရွက်နဲ့ ဖြေဆိုခြင်း) (သို့) Computer Based (ကွန်ပြူတာနဲ့ ဖြေဆိုခြင်း) (သို့) Online Version (အွန်လိုင်းကနေ ဖြေဆိုခြင်း) နှစ်သက်ရာ တစ်မျိုးမျိုးကို ရွေးပြီး ဖြေဆိုနိုင်ပါတယ်။
မေးခွန်းပုံစံနှင့် အချိန်သတ်မှတ်ချက်
IELTS စာမေးပွဲမှာ အရေး၊ အဖတ်၊ အပြော၊ အကြား အပိုင်း (၄) ပိုင်း ပါဝင်ပြီး နှစ်ခါခွဲပြီး ဖြေဆိုရပါမယ်။ Listening၊ Reading နဲ့ Writing တို့ကို တစ်ရက်တည်း ဖြေဆိုနိုင်ပြီး Speaking ကိုတော့ ကျန် (၃) ခုမဖြေခင် (သို့) ဖြေပြီး တစ်ပတ်အတွင်း ဖြေဆိုရပါမယ်။
Listening မှာ Recording အပိုင်း (၄) ပိုင်း ပါဝင်ပြီး အပိုင်းတစ်ပိုင်းစီမှာ မေးခွန်း (၁၀) ခု မေးထားပါတယ်။ ဖြေဆိုချိန်ကတော့ မိနစ် (၄၀) ပါ။
Reading မှာက စာပိုဒ်ရှည် (၃) ပိုဒ် ပေးထားပြီး မေးခွန်း (၄၀) ပါဝင်မှာ ဖြစ်ပါတယ်။ ဖြေဆိုချိန်က မိနစ် (၆၀) ပါ။
Writing အပိုင်းမှာကတော့ ဖြေဆိုရမယ့် အပိုင်း (၂) ပိုင်းရှိပြီး Reading လိုပဲ မိနစ် (၆၀) ဖြေဆိုချိန် ရရှိမှာပါ။
Speaking မှာက အပိုင်း (၃) ပိုင်း ပါဝင်ပြီး စာမေးပွဲ စစ်ဆေးသူနဲ့ မျက်နှာချင်းဆိုင် ဖြေဆိုရမှာဖြစ်ပြီး အချိန် (၁၁) မိနစ်ကနေ (၁၄) မိနစ်အတွင်း ရပါတယ်။
Academic ရော General ပါ ဒီလို မေးခွန်းပုံစံအတိုင်း ဖြေဆိုရမှာဖြစ်ပြီး စာမေးပွဲ ဖြေဆိုချိန် စုစုပေါင်းကတော့ (၃) နာရီ ကြာမြင့်မှာဖြစ်ပါတယ်။
အမှတ်ပေးပုံ
ဖြေဆိုရတဲ့ Listening၊ Reading၊ Writing နဲ့ Speaking တို့ကို (1-9) အထိ တစ်ခုစီ အဆင့်သတ်မှတ်ပြီး လေးခုပေါင်း ပျှမ်းမျှအမှတ်ကိုလည်း (1-9) အထိ အဆင့်သတ်မှတ်ထားပါတယ်။ ကျောင်းလျှောက်ဖို့၊ ပညာသင်ဆု လျှောက်ဖို့ဆို အနည်းဆုံး အမှတ် (6.5 - 8) ရှိရပါမယ်။
စာမေးပွဲရလဒ်
Paper Based ဖြေဆိုသူတွေက စာမေးပွဲရလဒ်ကို စာမေးပွဲဖြေဆိုပြီး (၁၃) ရက်အကြာမှာ သိနိုင်ပြီး Computer Based ကို ရွေးချယ်ဖြေဆိုထားရင် စာမေးပွဲဖြေဆိုပြီး (၃) ရက်မှ (၅) ရက်အတွင်း သိနိုင်ပါတယ်။
စာမေးပွဲကြေး
ဒေါ်လာစျေး အတက်အကျအလိုက် စာမေးပွဲကြေး အနည်းအငယ် ပြောင်းလဲနိုင်ပါတယ်။
ဖြေဆိုရမယ့်နေရာ
IELTS ကို British Council (ရန်ကုန်/မန္တလေး/နေပြည်တော်) နဲ့ Chindwin-PSB Institute စတဲ့ Test Center တွေမှာ စာရင်းသွင်းပြီး သွားရောက် ဖြေဆိုလို့ရပါတယ်။
စာမေးပွဲကာလ
IELTS ကို တစ်နှစ်ပတ်လုံး စစ်ဆေးနေမှာဖြစ်ပြီး ကိုယ်အဆင်သင့်ဖြစ်တဲ့အချိန် ဝင်ရောက် ဖြေဆိုလို့ရပါတယ်။ IELTS က တစ်ခါဖြေဆိုပြီးရင် (၂) နှစ် အထိသာ အကျုံးဝင်ပါတယ်။
TOEFL
TOEFL ရဲ့ အရှည်ကတော့ Test of English as a Foreign Language ဖြစ်ပြီး အမေရိကန်နိုင်ငံ အခြေစိုက် စာစစ်ဌာနတစ်ခုဖြစ်တဲ့ ETS (Educational Testing Service) က ဦးစီး စစ်ဆေးတဲ့ အင်္ဂလိပ်စာ အရည်အချင်းစစ် စာမေးပွဲပါ။ TOEFL ကို ၁၉၆၄ ခုနှစ်မှ စတင်ဆောင်ရွက်ခဲ့ပြီး နိုင်ငံပေါင်း (၁၅၀) ကျော်နဲ့ ကျောင်းပေါင်း (၁၁,၀၀၀) ကျော်က လက်ခံ အသိအမှတ်ပြုထားပါတယ်။ TOEFL ကို နှစ်စဉ် နိုင်ငံတကာမှ ကျောင်းသား အရေအတွက် စုစုပေါင်း (၂.၃) သန်းနီးပါး ဝင်ရောက်ဖြေဆိုကြပါတယ်။
စာမေးပွဲအမျိုးအစား
TOEFL မှာ TOEFL iBT ၊ TOEFL PBT ၊ TOEFL ITP နဲ့ TOEFL Essentials Test ဆိုပြီး စာမေးပွဲ အမျိုးအစား (၄) မျိုး ရှိပါတယ်။
TOEFL iBT က 100% Academic English ကို စစ်ဆေးတာဖြစ်တဲ့အတွက် နိုင်ငံခြားမှာ ကျောင်းတက်မယ်ဆို ရွေးချယ်သင့်ပါတယ်။
TOEFL PBT ကတော့ Speaking Test မပါဘဲ ဖြေရတဲ့ စာမေးပွဲ အမျိုးအစားပါ။ အင်တာနက်လိုင်း မရှိတဲ့ နေရာမျိုးမှာ အများဆုံး သုံးတာဖြစ်ပြီး လက်ရှိမှာ သိပ်အသုံးမပြုကြတော့ပါဘူး။
TOEFL Essentials Test ကတော့ 50% Academic English နဲ့ 50% General English ကို စစ်ဆေးတာဖြစ်လို့ အလုပ်သွားလုပ်မယ့်သူတွေအတွက် ပိုသင့်တော်ပါတယ်။
TOEFL (Institutional Testing Program - ITP) ဆိုတာက ကျောင်းဘက်က (သို့) အလုပ်ဘက်က မိမိ အင်္ဂလိပ်စာ Level ကို စစ်ဆေးတဲ့အခါမှာ အသုံးပြုတဲ့ Placement Test သဘောမျိုး ဖြစ်ပါတယ်။
ဖြေဆိုရမယ့်ပုံစံ
TOEFL မှာ Internet-based Test - iBT (အွန်လိုင်းကနေ ဖြေဆိုခြင်း) နဲ့ Paper-based Test - PBT (စာရွက်နဲ့ ဖြေဆိုခြင်း) ဆိုပြီး အမျိုးအစား (၂) မျိုးသာ ရှိပါတယ်။ ဒါပေမဲ့ အခုနောက်ပိုင်းမှာတော့ မြန်မာနိုင်ငံက ကျောင်းသားတိုင်း TOEFL iBT ကိုပဲ ရွေးချယ် ဖြေဆိုကြပါတယ်။
မေးခွန်းပုံစံနှင့် အချိန်သတ်မှတ်ချက်
TOEFL iBT စာမေးပွဲမှာလည်း IELTS လို အရေး၊ အဖတ်၊ အပြော၊ အကြားဆိုပြီး အပိုင်း (၄) ပိုင်း ပါဝင်ပါတယ်။
Listening မှာ Recording (၅) ပုဒ် ဖွင့်ပြမှာဖြစ်ပြီး စုစုပေါင်း မေးခွန်း (၂၈) ခု မေးမှာဖြစ်ပါတယ်။ ဖြေဆိုချိန် (၃၆) မိနစ် ပေးထားပါတယ်။
Reading မှာက စာပိုဒ်ရှည် (၂) ပိုဒ် ပေးထားမှာဖြစ်ပြီး တစ်ပိုဒ်ကို မေးခွန်း (၁၀) ခုစီ ဖြေဆိုရမှာပါ။ မေးခွန်း (၂၀) ကို ဖြေဆိုချိန်က (၃၅) မိနစ်ပါ။
Writing အပိုင်းမှာကတော့ ဖြေဆိုရမယ့် Task (၂) ပိုင်း ပါဝင်ပြီး ဖြေဆိုချိန် မိနစ် (၃၀) ပေးထားပါတယ်။
Speaking မှာ Task (၄) ခု ဖြေဆိုရမှာဖြစ်ပြီး အချိန် (၁၆) မိနစ် ရပါတယ်။
စုစုပေါင်း စာမေးပွဲ ဖြေဆိုချိန် (၂) နာရီ ကြာမြင့်ပါတယ်။
Essentials Test မေးခွန်းပုံစံနဲ့ အချိန်သတ်မှတ်ချက်
Essentials Test မှာလည်း ပုံမှန်အတိုင်း အရေး၊ အဖတ်၊ အပြော၊ အကြား အပိုင်း (၄) ပိုင်းကို ဖြေဆိုရမှာပါ။
Listening မှာ Recording (၄) ခု ဖွင့်ပြပြီး မေးခွန်း (၃၀-၄၅) ခု မေးမှာဖြစ်ပါတယ်။ ဖြေဆိုချိန် (၂၁-၃၄) မိနစ် ပေးထားပါတယ်။
Reading မှာ Task (၄) မျိုး ဖြေဆိုရမှာဖြစ်ပြီး မေးခွန်း (၃၀-၄၅) ခု ပါဝင်ပါတယ်။ ဖြေဆိုချိန်ကိုတော့ (၂၂-၃၃) မိနစ် ယူလို့ရပါတယ်။
Writing အပိုင်းမှာကတော့ ဖြေဆိုရမယ့် Task (၂) ခု ပါဝင်ပြီး မေးခွန်း (၁၄-၁၈) ခုကို ဖြေဆိုချိန် မိနစ် (၂၄-၃၀) ရပါတယ်။
Speaking ပိုင်းမှာ Task (၃) ခု ဖြေဆိုရမှာဖြစ်ပြီး အချိန် (၁၃) မိနစ် ရပါတယ်။
စုစုပေါင်း စာမေးပွဲဖြေဆိုချိန် (၁) နာရီခွဲ သတ်မှတ်ထားပါတယ်။
TOEFL ITP မေးခွန်းပုံစံနဲ့ အချိန်သတ်မှတ်ချက်
TOEFL ITP မှာတော့ Speaking ပိုင်း မပါဘဲ Listening ၊ Structure and Written Expression နဲ့ Reading တို့ကို စစ်ဆေးပေးတာဖြစ်ပါတယ်။ TOEFL ITP မှာ Level 1 (Intermediate to Advanced) နဲ့Level 2 (High Beginner to Intermediate) ဆိုပြီး အမျိုးအစား (၂) မျိုး ထပ်ကွဲပါတယ်။
TOEFL IPT ကို အွန်လိုင်း (သို့) စာရွက်နဲ့ ဖြေဆိုနိုင်ပြီး အွန်လိုင်းနဲ့ ဖြေဆိုမှ Listening ၊ Structure and Written Expression နဲ့ Reading တို့အပြင် Speaking Test (၁၅) မိနစ်စာ ဖြေဆိုရမှာ ဖြစ်ပါတယ်။
စုစုပေါင်း စာမေးပွဲဖြေဆိုချိန်ကတော့ Level (1) အတွက် (၁) နာရီ (၅၅) မိနစ်ဖြစ်ပြီး Level (2) အတွက် (၁) နာရီ (၁၀) မိနစ် ကြာမြင့်မှာဖြစ်ပါတယ်။
TOEFL iBT နဲ့ TOEFL Essentials Test အမှတ်ပေးပုံ
iBT မှာ ဖြေဆိုရတဲ့ Listening၊ Reading၊ Writing နဲ့ Speaking တို့ကို (1-30) အထိ တစ်ခုစီ အဆင့်သတ်မှတ်ပြီး လေးခုပေါင်း အမှတ်ကို အများဆုံး (120) အထိ အဆင့်သတ်မှတ်ထားပါတယ်။
Essential Test ကတော့ Listening၊ Reading၊ Writing နဲ့ Speaking တို့ကို (1-12) သတ်မှတ်ထားပြီး လေးခုပေါင်း အမှတ်ကိုလည်း IELTS လို ပျှမ်းမျှအမှတ် (1-12 ) ပဲ ပေးပါတယ်။
ကျောင်းလျှောက်ဖို့၊ ပညာသင်ဆု လျှောက်ဖို့ဆို အနည်းဆုံး iBT အမှတ် (90-100) ရှိရပါမယ်။
TOEFL ITP အမှတ်ပေးပုံ
စာမေးပွဲရလဒ်
TOEFL ဖြေဆိုသူတွေက စာမေးပွဲရလဒ်ကို စာမေးပွဲဖြေဆိုပြီး (၁-၂) ပတ်အတွင်း သိနိုင်ပါတယ်။
စာမေးပွဲကြေး
စာမေးပွဲကြေးကတော့ ခန့်မှန်းခြေအားဖြင့် အမေရိကန် ဒေါ်လာ ၂၂၀ ဝန်းကျင် ရှိပါတယ်။
ဖြေဆိုရမယ့်နေရာ
Myanmar Info Tech MICT Park နဲ့ American Center တို့မှာ စာမေးပွဲကြေး ပေးသွင်းပြီး ဝင်ရောက်ဖြေဆိုနိုင်ပါတယ်။
စာမေးပွဲစစ်ဆေးတဲ့ကာလ
TOEFL စာမေးပွဲက တစ်နှစ်ပတ်လုံး အကြိမ် (၅၀) လောက် ရှိနေမှာဖြစ်တဲ့အတွက် ကိုယ်အဆင်သင့်ဖြစ်တဲ့အချိန် ရက်ညှိပြီး ဝင်ရောက် ဖြေဆိုလို့ရပါတယ်။ IELTS လိုပဲ သူလည်း တစ်ခါဖြေဆိုပြီးရင် (၂) နှစ် အထိသာ အကျုံးဝင်ပါတယ်။
Duolingo English Test (DET)
Duolingo က ဘာသာစကား အသစ်ကို Self- study လုပ်ရာမှာ အကောင်းဆုံး Apps တွေထဲ တစ်ခုဖြစ်တာကိုတော့ ကျောင်းသားတိုင်း သိမှာပါ။ နောက်ပိုင်းမှာ အင်္ဂလိပ်ဘာသာစကား လေ့လာနိုင်ရုံသာမက စာမေးပွဲတွေပါ ဖြေဆိုလာနိုင်ပြီး IELTS/ TOEFL တို့လို နိုင်ငံတကာကျောင်းတော်တော်များများက လက်ခံထားကြတဲ့ အင်္ဂလိပ်စာ အရည်အချင်းစစ် စာမေးပွဲတစ်ခု ဖြစ်ပါတယ်။ DET ကို နိုင်ငံပေါင်း (၁၁၀) မှ တက္ကသိုလ်ပေါင်း (၅,၅၀၀) ကျော်က လက်ခံထားကြပါတယ်။
စာမေးပွဲအမျိုးအစား
Duolingo မှာ IELTS နဲ့ TOEFL တို့လို စာမေးပွဲ အမျိုးအစား ခွဲခြားထားတာမျိုး မရှိပါဘူး။ ဖြေဆိုမယ့်သူတိုင်းအတွက် အင်္ဂလိပ်စာ ကျွမ်းကျင်မှုကို ခြုံငုံပြီး မေးထားတဲ့ စာမေးပွဲပုံစံတစ်မျိုးထဲကိုပဲ ဖြေဆိုရမှာပါ။
ဖြေဆိုရမယ့်ပုံစံ
Duolingo ကို ဖြေဆိုရမယ့် ပုံစံကတော့ Internet-based Test (အွန်လိုင်းကနေ ဖြေဆိုခြင်း) တစ်မျိုးပဲ ရှိပါတယ်။ တိတ်ဆိတ်ပြီး အင်တာနက်လိုင်း ကောင်းကောင်းရတဲ့ ဘယ်လို နေရာမျိုးမှာမဆို ဖြေဆိုနိုင်ပါတယ်။
မေးခွန်းပုံစံနှင့် အချိန်သတ်မှတ်ချက်
DET စာမေးပွဲမှာ အပိုင်း (၅) ပိုင်း ပါရှိပြီး အပိုင်းတစ်ခုချင်းစီမှာ ဝေါဟာရ၊ အရေး၊ အဖတ်၊ အပြော၊ အကြား စွမ်းရည်ကို စစ်ဆေးသွားမှာ ဖြစ်ပါတယ်။
Initial Comprehension (10 minutes)
ဒီအပိုင်းမှာ Task (၂) နှစ်ခု ရှိပါတယ်။ ပထမတစ်ခုက ပေးထားတဲ့ စကာလုံးတွေထဲက အင်္ဂလိပ်ဘာသာစကားမှာ တကယ်ရှိတဲ့ ဝေါယာရ အစစ်အမှန်တွေကို ရွေးထုတ်ပေးရမယ်။ ဒုတိယဟာက စာကြောင်းဖတ်ပြီး သင့်လျော်တဲ့ စကားလုံးကို ကွက်လပ်မှာ ဖြည့်ပေးရမယ့် ပုံစံပါ။
Comprehension (10 minutes)
ဒီအပိုင်းမှာတော့ Task (၃) ခု လုပ်ရပါမယ်။ ပထမတစ်ခုက စာကြောင်းထဲမှာ ပျောက်နေတဲ့ စကားလုံးတွေကို ဖြည့်ရမှာဖြစ်ပါတယ်။ နောက်တစ်ခုက စာကြောင်းပေးထားပြီး အသံထွက် ပြောပြရမှာဖြစ်ပါတယ်။ နောက်ဆုံးတစ်ခုက အသံနားထောင်ပြီး ကြားတာကို ပြန်ရေးပြရမှာပါ။
Interactive Comprehension (15 minutes)
ဒီအပိုင်းမှာတော့ အဖတ်နဲ့ အကြားစွမ်းရည်ကို စစ်ဆေးဖို့ Task (၂) ခု ရှိပါတယ်။ ပထမဟာက ပေးထားတဲ့ စာပိုဒ်ကို ဖတ်ပြီး မေးခွန်းတွေ ဖြေဆိုရပါမယ်။ ဒုတိယဟာက အသံဖိုင်ကို နားထောင်ပြီး မေးခွန်းတွေ ပြန်လည် ဖြေဆိုရမှာပါ။
Production (20 minutes)
ဒီအပိုင်းမှာလည်း အရေးနဲ့ အပြောစွမ်းရည်ကို စစ်ဆေးမယ့် Task (၅) ခု ပါရှိပါတယ်။ ပုံတစ်ပုံပေးထားပြီး ဖော်ပြချက်ကို ရေးပေးရမှာဖြစ်ပါတယ်။ ဒုတိယဟာက ပုံကို ကြည့်ကာ Recording လုပ်ပြီး ပြောရမှာ ဖြစ်ပါတယ်။
တတိယဟာက ပေးထားတဲ့ အကြောင်းအရာကို စာပိုဒ်လိုက် ရေးပေးရမှာ ဖြစ်ပါတယ်။ နောက်တစ်ခုကတော့ အကြောင်းအရာကို နားထောင်ရမှာဖြစ်ပြီး အဲ့ဒါနဲ့ ပတ်သက်ပြီး ပြန်ပြောပေးရမှာပါ။ နောက်ဆုံးတစ်ခုကတော့ မေးထားတဲ့ မေးခွန်းတွေကို ဖတ်ပြီး ပြန်ပြောပေးရမှာပါ။
Shared (10 minutes)
ဒီအပိုင်းမှာလည်း အရေးနဲ့ အပြောစွမ်းရည်ကို စစ်ဆေးသွားမယ့် Task (၂) ခု ပါဝင်ပါတယ်။ အရေးပိုင်းအတွက် မေးထားတဲ့ မေးခွန်းတွေကို ရေးဖြေ ပြန်ဖြေပေးရမှာဖြစ်ပြီး အပြောပိုင်းအတွက် မေးထားတဲ့မေးခွန်းတွေကို Recording လုပ်ပြီး နှုတ်ဖြေ ဖြေဆိုရမှာဖြစ်ပါတယ်။
DET အတွက် စာမေးပွဲ ဖြေဆိုချိန် စုစုပေါင်း (၁) နာရီ ကြာမြင့်မှာ ဖြစ်ပါတယ်။
အမှတ်ပေးပုံ
ရမှတ်အဆင့်ကို အရေး၊ အဖတ်၊ အပြော၊ အကြား (၄) ခုပေါင်းကို (10-160) အထိ သတ်မှတ်ထားပါတယ်။ (10–55) အတွင်းဆို Basic English အဆင့်၊ (60–85) အတွင်းဆို Intermediate အဆင့်၊ (90–115) အတွင်းဆို Upper-intermediate အဆင့်၊ (120–160) အတွင်းဆို Advanced English အဆင့်ဆိုပြီး သတ်မှတ်နိုင်ပါတယ်။ ကျောင်းလျှောက်ဖို့၊ ပညာသင်ဆု လျှောက်ဖို့ဆို အနည်းဆုံး အမှတ် (100-120) နှင့်အထက် ရှိရပါမယ်။
စာမေးပွဲရလဒ်
DET ဖြေဆိုသူတွေက စာမေးပွဲရလဒ်ကို စာမေးပွဲဖြေဆိုပြီး (၂) ရက်အတွင်း သိနိုင်ပါတယ်။
စာမေးပွဲကြေး
စာမေးပွဲကြေးကတော့ ခန့်မှန်းခြေအားဖြင့် အမေရိကန် (၆၅) ဒေါ်လာ ရှိပါတယ်။ ဒေါ်လာစျေး အတက်အကျအလိုက် စာမေးပွဲကြေး အနည်းအငယ် ပြောင်းလဲနိုင်ပါတယ်။
ဖြေဆိုရမယ့်နေရာ
DET ဖြေဆိုနိုင်မယ့် သီးသန့် Test Center မျိုး မရှိပါဘူး။ Duolingo English Test ဝက်ဘ်ဆိုက်ဒ်ထဲမှာ အီးမေးလ်လိပ်စာနဲ့ အကောင့်ဖွင့်ပြီး စာမေးပွဲကြေးပေးသွင်းကာ ဖြေဆိုနိုင်ပါတယ်။
စာမေးပွဲစစ်ဆေးတဲ့ကာလ
DET စာမေးပွဲကို တစ်နှစ်ပတ်လုံး အချိန်မရွေး အွန်လိုင်းကနေတဆင့် ဖြေဆိုနိုင်ပါတယ်။ IELTS နဲ့ TOEFL တို့လိုပဲ တစ်ခါဖြေဆိုပြီးရင် (၂) နှစ် အထိသာ အကျုံးဝင်ပါတယ်။
IELTS ၊ TOEFL နဲ့ Duolingo (၃) ခုစလုံးဟာ နိုင်ငံတကာ အသိအမှတ်ပြုထားတဲ့ အင်္ဂလိပ်စာ အရည်အချင်းစစ် စာမေးပွဲတွေ ဖြစ်တာကြောင့် ပြည်ပမှာ ကျောင်းတက်ဖို့ (သို့) အလုပ်လုပ်ဖို့ အစီအစဉ်ရှိတယ်ဆိုရင် ဒီသုံးခုထဲက ကိုယ်နဲ့အဆင်ပြေမယ့် တစ်ခုကိုတော့ ဖြေဆိုထားသင့်ပါတယ်။