သင်က အင်္ဂလိပ်စာ သင်ကြားနေသူဖြစ်ဖြစ်၊ အင်္ဂလိပ်စာသင်ကြားရေးပိုင်းကို စိတ်ဝင်စားလို့ဖြစ်ဖြစ် အခုပြောပြမယ့် သင်တန်းတွေကို သိထားသင့်ပါတယ်။ ဒီသင်တန်းတွေသာ တက်ထားမယ်ဆိုရင် အင်္ဂလိပ်စာသင်ကြားရေးပိုင်းမှာ ရလဒ်ကောင်းတွေ ရလာနိုင်သလို နိုင်ငံခြားမှာ အင်္ဂလိပ်စာဆရာအဖြစ်လည်း အသက်မွေးဝမ်းကြောင်းပြုနိုင်ပါတယ်။ ဒါကြောင့် အင်္ဂလိပ်စာသင်ကြားရေးကို အထောက်အကူဖြစ်စေတဲ့ TKT , TEFL , TESL , TESOL , CELTA နဲ့ DELTA သင်တန်းတို့အကြောင်းကို မျှဝေပေးသွားမှာ ဖြစ်ပါတယ်။
TKT
Teaching Knowledge Test (သို့) TKT ဆိုတာက အင်္ဂလိပ်ဘာသာစကားသင် ဆရာတွေအတွက် Teaching Knowledge နဲ့ပတ်သက်ပြီး Cambridge English က စစ်ဆေးတဲ့ နိုင်ငံတကာအသိအမှတ်ပြု စာမေးပွဲတစ်ခုဖြစ်ပါတယ်။ ဒီစာမေးပွဲအတွက် သင်တန်းတက်တဲ့အခါ အင်္ဂလိပ်ဘာသာစကားသင်ကြားခြင်းဆိုင်ရာ အခြေခံသဘောတရားတွေကို နားလည်သွားမှာ ဖြစ်ပါတယ်။ သင်က ဆရာအသစ်တစ်ယောက်ဖြစ်စေ၊ သင်ကြားရေးမှာ အတွေ့အကြုံရှိပြီးသားဆရာတစ်ယောက်ဖြစ်စေ English Intermediate Level ရှိရင် TKT စာမေးပွဲကို ဝင်ရောက်ဖြေဆိုနိုင်ပါတယ်။
TEFL
TEFL ရဲ့ အရှည်ကောက်က "Teaching English as a Foreign Language" ဖြစ်ပြီး အင်္ဂလိပ်စကားက မိခင်ဘာသာစကားမဟုတ်တဲ့ နိုင်ငံခြားသားတွေကို အင်္ဂလိပ်စာ သင်ကြားပေးခြင်းကို ဆိုလိုပါတယ်။ TEFL က လူသိများပေမယ့် သူ့မှာ စံပြုထားတဲ့ သင်ရိုးအတိအကျမရှိတဲ့အတွက် ပြီးပြည်စုံတဲ့ Course ကို ရွေးချယ်သင်ယူနိုင်ဖို့ Review ကောင်းတဲ့ သင်တန်းကျောင်းကို သေချာစုံစမ်းဖို့တော့ လိုပါမယ်။ ဒီသင်တန်းဆင်းလက်မှတ်ရှိထားတဲ့ ဆရာတွေကို ဘာသာစကားသင်တန်းကျောင်းတွေ၊ နိုင်ငံခြား တက္ကသိုလ်တွေ၊ နိုင်ငံတကာကျောင်းတွေက အင်္ဂလိပ်စာဆရာအဖြစ် ခန့်အပ်တာဝန်ပေးကြတာ များပါတယ်။
TESL
TESL ကတော့ "Teaching English as a Second Language" ဖြစ်ပြီး TEFL လိုပဲ သူလည်း နိုင်ငံခြားသားတွေကို အင်္ဂလိပ်စာ သင်ကြားပေးရတဲ့အခါ တက်ရောက်ရမယ့် သင်တန်းအမျိုးအစားဖြစ်ပါတယ်။ ဒါပေမဲ့ TEFL နဲ့ မတူတာက ဥပမာအနေနဲ့ပြောရမယ်ဆိုရင် TESL က US (အင်္ဂလိပ်စကားပြောနိုင်ငံ) မှာ ရှိတဲ့ နိုင်ငံခြားသားတွေကို အင်္ဂလိပ်စာ သင်ကြားပေးရတာဖြစ်ပြီး TEFL ကတော့ အာရှနိုင်ငံသားတွေကို အင်္ဂလိပ်စာ သင်ကြားပေးရတာ ဖြစ်ပါတယ်။ ဒါကြောင့် အင်္ဂလိပ်စာကို ကိုယ်ဘယ်နိုင်ငံမှာ သင်မှာလဲ အပေါ်မူတည်ပြီး TEFL တက်မလား၊ TESL တက်မလား စဉ်းစားရွေးချယ်ရပါမယ်။ TESL လက်မှတ်ကိုတော့ အသိအမှတ်ပြုတာနည်းတာကြောင့် သူ့အစား TESOL ကို ရွေးချယ်တက်ရောက်ကြပါတယ်။
TESOL
TESOL က "Teaching English to Speakers of Other Languages" ရဲ့ အတိုကောက်ဖြစ်ပြီး TEFL နဲ့ TESL တို့လို အင်္ဂလိပ်ဘာသာစကားသင်ကြားရေးအတွက် တက်ရောက်ရတဲ့ သင်တန်းဖြစ်ပါတယ်။ TESOL က အင်္ဂလိပ်စကားပြောနိုင်ငံက နိုင်ငံခြားသားတွေကိုဖြစ်ဖြစ်၊ အင်္ဂလိပ်ဘာသာစကားက မိခင်ဘာသာစကားမဟုတ်တဲ့ နိုင်ငံက နိုင်ငံခြားသားတွေကိုဖြစ်ဖြစ် အင်္ဂလိပ်စာ သင်ကြားပေးရတဲ့အခါ အသုံးဝင်တဲ့ သင်တန်းဆင်းလက်မှတ်တစ်ခုပါ။ TESOL က ရိုးရိုးအောင်လက်မှတ်တစ်ခုတင်မဟုတ်ဘဲ ဒီပလိုမာ၊ ဘွဲ့ကြို၊ ဘွဲ့လွန်အတန်းတွေအထိ တက်ရောက်နိုင်ပါတယ်။ ဒါကြောင့် TESL ထက် လူသိများပြီး နိုင်ငံတကာမှာလည်း အသိအမှတ်ပြုထားတဲ့အတွက် ပိုရွေးချယ်ကြတာ ဖြစ်ပါတယ်။
CELTA
CELTA က "Certificate in English Language Teaching to Adults" ဖြစ်ပြီး အရွယ်ရောက်ပြီးသူတွေအတွက် အင်္ဂလိပ်ဘာသာစကား သင်ကြားခြင်းဆိုင်ရာ အောင်လက်မှတ်ဖြစ်ပါတယ်။ သူက Cambridge English Assessment ကနေ စစ်ဆေးတဲ့ TEFL သင်တန်းအမျိုးအစား တစ်ခုပါ။ CELTA က (၄) ပတ်တာ နာရီ (၁၂၀) သင်ကြားရတဲ့ TEFL Course နဲ့ ညီမျှပါတယ်။ CELTA သင်တန်းမှာက လူကြီးတွေကိုသာ အင်္ဂလိပ်စာ သင်ကြားပေးနိုင်ဖို့ လေ့ကျင့်ပေးပါတယ်။ CELTA မှာ လက်တွေ့သင်ကြားရေးတွေလည်း ပါဝင်တာဖြစ်တဲ့အတွက် နာမည်ကြီးကျောင်းတွေက CELTA သင်တန်းဆင်းလက်မှတ်ကိုင်ထားသူကို ပိုပြီး ဦးစားပေး ခေါ်ပါတယ်။
DELTA
DELTA ကတော့ "Diploma in English Language Teaching to Adults" ဖြစ်ပြီး CELTA ရဲ့ ဒီပလိုမာအတန်းဖြစ်ပါတယ်။ ဒါကြောင့် CELTA လိုပဲ Cambridge English Assessment ကနေ စစ်ဆေးပေးအပ်တဲ့ နိုင်ငံတကာအသိအမှတ် အောင်လက်မှတ်ပါ။ DELTA က သင်ကြားရေးအတွေ့အကြုံ အနည်းဆုံး တစ်နှစ်ရှိပြီး အရည်အချင်းပြည့်မီတဲ့ ဆရာတွေကိုသာ တက်ရောက်ခွင့်ပြုပါတယ်။ DELTA ကို အဆင့်မြင့်တဲ့ သင်ကြားရေးရာထူးတွေ၊ ဥပမာ ဆရာတွေရဲ့ ထရိန်နာတွေ၊ ပညာရေးစီမံခန့်ခွဲရေးခေါင်းဆောင်တွေအဖြစ် အသက်မွေးဝမ်းကြောင်းပြုလိုတဲ့အခါမှာ တက်ရောက်ကြပါတယ်။ ပုဂ္ဂလိကလုပ်ငန်းရှင်တွေက DELTA ဟာ သီအိုရီအခြေခံမာစတာဘွဲ့တက်ပင် ပိုပြီး အသုံးဝင်တယ်လို့ ယူဆကြပါတယ်။
အင်္ဂလိပ်စာ ဆရာတွေအတွက် British Council ရဲ့ အခမဲ့သင်တန်းများ
>> https://www.edge.com.mm/article/-british-council-teaching-english.html