အွန်လိုင်းကနေ စာသင်တဲ့ ဆရာတွေအတွက် ဆောင်ရန်/ရှောင်ရန် အချက်များ

နည်းပညာတိုးတက်မှုအလျောက် ပညာရေးကဏ္ဍမှာလည်း အွန်လိုင်းသင်ကြားမှု (Online Teaching) ကို မြန်မာနိုင်ငံအပါအဝင် ကမ္ဘာတစ်ဝှမ်းမှာ အားထားအသုံးပြုလာကြပါတယ်။ အွန်လိုင်းသင်ကြားမှုက အချိန်နဲ့နေရာ ကန့်သတ်ချက်မရှိခြင်း၊ ဘတ်ဂျက်ချွေတာနိုင်ခြင်း၊ သက်တော့သက်သာရှိခြင်း စတဲ့ အားသာချက်တွေ များစွာရှိပေမယ့် သေချာမပြင်ဆင်ထားရင် ကျောင်းသားတွေအတွက် ထိရောက်တဲ့ သင်ယူမှုပတ်ဝန်းကျင်ကို ဖန်တီးပေးရာမှာ အခက်အခဲ ရှိနိုင်ပါတယ်။  

ဒါကြောင့် အွန်လိုင်းကနေ စာသင်ကြားရတဲ့ ဆရာတွေအတွက် ကြိုတင်ပြင်ဆင်သင့်တာတွေ၊ လိုက်နာရမယ့် ဆောင်ရန်၊ ရှောင်ရန် အချက်တွေကို မျှဝေပေးသွားမှာ ဖြစ်ပါတယ်။

 

ဆောင်ရန်အချက်များ

၁။ အတန်းမစခင် ကြိုတင်ပြင်ဆင်ပါ။

သင်ခန်းစာကို အွန်လိုင်းကနေ အာရုံစိုက် သင်ကြားနိုင်ဖို့ တိတ်ဆိတ်ငြိမ်သက်မှုရှိတဲ့ နေရာကို အသုံးပြုပါ။ အွန်လိုင်းကနေ စာသင်ရတာဖြစ်တဲ့အတွက် အင်တာနက်လိုင်းကောင်းဖို့ အတန်းမစခင်ထဲက ဗီဒီယိုကင်မရာဖွင့်ပြီး သေချာစစ်ပါ။ သင်ကြားသူရဲ့ အသံကို ရှင်းရှင်းလင်းလင်း ကြားဖို့လိုတာကြောင့် စာမသင်ခင်မှာ အသုံးပြုမယ့် မိုက်ကရိုဖုန်းနဲ့ အသံစနစ်ကို စစ်ဆေးပါ။ ထိရောက်တဲ့ Lesson Plan ကိုလည်း အတန်းမစခင်ထဲက စနစ်တကျ ပြင်ဆင်ပါ။

Lesson Plan တစ်ခု ရေးဆွဲတဲ့အခါ ထည့်သွင်းစဉ်းစားရမယ့် အချက်များ

> https://www.edge.com.mm/article/lesson-plan.html

 

၂။ ကျောင်းသားတွေရဲ့ ပါဝင်မှုကို လှုံ့ဆော်ပါ။

အွန်လိုင်းသင်ကြားမှုမှာ ဆရာတွေက ကျောင်းသားတွေနဲ့ တိုက်ရိုက်ထိတွေ့ရတာ မဟုတ်တဲ့အတွက် သူတို့ စိတ်ဝင်စားမှုရှိ/မရှိကို သိနိုင်ဖို့ ကင်မရာတွေ ဖွင့်ခိုင်းထားပါ။ စာသင်ယူလိုစိတ်ဖြစ်လာအောင် တက်တက်ကြွကြွနဲ့ ပျော်စရာကောင်းအောင် သင်ကြားပေးပါ။ သင်ကြားရေးမှာ အထောက်အကူပြုတဲ့ Kahoot၊ Polls စတဲ့ အွန်လိုင်းအရင်းအမြစ်တွေကို အသုံးပြုပါ။ အဖွဲ့လိုက် ဆွေးနွေးမှုတွေ၊ အဖွဲ့လိုက် ပရောဂျက်တွေကို လုပ်ဆောင်စေပါ။

 

၃။ အမြင်ကိုဆွဲဆောင်နိုင်တဲ့ ပုံရိပ်တွေကို အသုံးပြုပါ။

အွန်လိုင်းသင်ကြားရေးမှာ သင်ခန်းစာကို ပျင်းစရာကောင်းအောင် ဖတ်ပြတာမျိုးထက် အရေးကြီးတဲ့ အချက်တွေကို Note ထုတ်ပြီး သင်ကြားတာ၊ Presentation ပြတာမျိုးကို လုပ်ဆောင်သင့်ပါတယ်။ သင်ခန်းစာနဲ့ ဆက်စပ်တဲ့ လက်တွေ့ဥပမာတွေကိုလည်း ပြသသင်ကြားရပါတယ်။

 

၄။ ဆက်သွယ်ပြောဆိုပါ။

သင်ကြားနေချိန်မှာ ကျောင်းသားတွေကို အသံပိတ်ထားရမယ့်အချိန်၊ အသံဖွင့်ထားရမယ့်အချိန် တိတိကျကျ သတ်မှတ်ပေးပါ။ အမေးအမြန်းတွေအတွက် Chat အသုံးပြုခွင့် ပြုထားပါ။ အခြေခံ အွန်လိုင်းအရေးအသားပုံစံတွေကို လိုက်နာပါ။ ဥပမာ - မျက်စိရှုပ်စရာ ဖောင့်စတိုင်တွေ၊ Exclamation mark လွန်လွန်ကဲကဲ အသုံးပြုမှုတွေ၊ အတိုကောက်စကားလုံး (You ကို U) အသုံးပြုမှုတွေကို ရှောင်ရှားရပါမယ်။

 

၅။ မှတ်ချက်ပေးပါ။

အွန်လိုင်းသင်ကြားရေးမှာ ကျောင်းသားတွေရဲ့ Assignment တွေ၊ ပူးပေါင်းဆောင်ရွက်မှုတွေအပေါ်မှာ မှတ်ချက်ပေးနိုင်တဲ့ နည်းလမ်းတွေ များစွာ ရှိပါတယ်။ မှတ်ချက်တွေကို Google Docs comments (သို့) email တွေကို အသုံးပြုပြီး စာနဲ့ဖြစ်စေ၊ ဗီဒီယို (သို့) အသံမှတ်တမ်းတင်ပြီးဖြစ်စေ အချိန်မှန်မှန် ပေးနိုင်ပါတယ်။ ဘယ်နေရာမှာ လိုအပ်ချက်ရှိနေလဲဆိုတာနဲ့ ဘယ်လိုမျိုး ပိုကောင်းအောင်လုပ်ရမလဲဆိုတာနဲ့ ပတ်သက်ပြီး မှတ်ချက်ပေးသင့်ပါတယ်။   

 

၆။ စိတ်ရှည်သည်းခံပါ။

အွန်လိုင်းကနေဆင့် စာသင်ရတာဖြစ်တဲ့အတွက် မိမိကိုယ်တိုင်ရော၊ ကျောင်းသားတွေပါ နည်းပညာဆိုင်ရာအခက်အခဲတွေနဲ့ ရင်ဆိုင်ရနိုင်တာကိုတော့ နားလည်ထားပါ။ အင်တာနက်ပြသနာဖြစ်တဲ့အခါ မှတ်တမ်းတင်ထားတဲ့ ဗီဒီယိုကိုပဲ ပေးလိုက်တော့မလား (သို့) တခြားပလက်ဖောင်းကို အသုံးပြုမလားဆိုတာ Backup ပလန် ကို ကြိုတင်ပြင်ဆင်ထားရပါမယ်။

 

၇။ မှတ်တမ်းတင်ထားပါ။

ကျောင်းမတက်တဲ့ ကျောင်းသားတွေအတွက်ဖြစ်ဖြစ်၊ ဆရာသင်ကြားနေတာကို နောက်တစ်ခေါက် ပြန်လေ့လာချင်တဲ့ ကျောင်းသားတွေအတွက်ဖြစ်ဖြစ် မိမိသင်ကြားနေတဲ့ တိုက်ရိုက် အွန်လိုင်းသင်ကြားမှုကို မှတ်တမ်းတင်ထားပေးပါ။ မှတ်တမ်းပြန်ကြည့်ပြီး ကိုယ်ကိုယ်တိုင်လည်း နောက်တစ်ခါမှာ ပိုကောင်းဖို့အတွက် ပြန်သုံးသပ်လို့ ရပါတယ်။

 

ရှောင်ရန်အချက်များ

၁။ စာတွေကို တစ်လေသံတည်း မဖတ်ပါနဲ့။

ဒါကတော့ အွန်လိုင်းသင်ကြားရေးတင်မက အော့ဖ်လိုင်းသင်ကြားရေးမှာပါ သတိပြုရမယ့် အချက်ပါပဲ။ စာကြောင်းတွေကို အသံ အနိမ့်၊ အမြင့်၊ အတက်၊ အကျ မပါဘဲ ဖတ်ပြတဲ့အခါ ကျောင်းသားတွေအနေနဲ့ ပျင်းလာနိုင်ပါတယ်။ ဒါကြောင့် ဆရာနဲ့ ကျောင်းသားအပြန်အလှန် အကျိုးသက်ရောက်မှုရှိစေဖို့ Monotone လုပ်တာကို ရှောင်ကြဉ်ပါ။

 

၂။ စာအရှည်ကြီးတွေ မရေးပါနဲ့။

PowerPoint Slide တွေမှာ စာပိုဒ်ရှည်တွေ ရေးမယ့်အစား bullet point လေးတွေ အသုံးပြုတာ၊ ကိန်းဂဏန်းတွေကို မြင်သာအောင် ဇယားကွက်တွေနဲ့ ပြသတာ၊ စိတ်ဝင်စားစရာကောင်းတဲ့ ပုံတွေ များများထည့်သုံးတာမျိုးကို လုပ်သင့်ပါတယ်။

 

၃။ ကျောင်းသားတွေကို လျစ်လျူမရှုပါနဲ့။

ဆရာဘက်ကချည်း ပြောနေ၊ သင်နေတာမျိုး မလုပ်ပါနဲ့။ ကျောင်းသားတွေရဲ့ ပါဝင်မှုကို အလေးထားပါ။ မေးခွန်းတွေမေးခြင်း၊ ဆွေးနွေးမှုတွေ ပြုလုပ်စေခြင်း၊ ဉာဏ်စမ်းမေးခွန်းတွေ ဖြေခိုင်းခြင်း စတာတွေကို ပြုလုပ်ပေးပါ။

 

၄။ ကျောင်းသားအားလုံး နားလည်တယ်လို့ မယူဆပါနဲ့။

မိမိသင်သမျှကို နားလည်လိုက်တဲ့ ကျောင်းသားရှိနိုင်သလို လိုက်မမှီနိုင်တဲ့ ကျောင်းသားတွေလည်း ရှိနိုင်ပါတယ်။ ဒါကြောင့် သင်ခန်းစာတစ်ခုပြီးတိုင်း မေးခွန်းတွေမေးခြင်း၊ Polls နဲ့ Quizz တွေကို အသုံးပြုခြင်းဖြင့် ကျောင်းသားတွေရဲ့ နားလည်မှုစွမ်းရည်ကို စစ်ဆေးပါ။

 

၅။ ကျောင်းသားတွေကို အိမ်စာ လွန်လွန်ကဲကဲ မပေးပါနဲ့။

အွန်လိုင်းသင်ကြားမှုမှာ အိမ်စာ အလွန်အကျွံ လုပ်ခိုင်းခြင်းက စိတ်ဖိစီးမှုနဲ့ စခရင်အသုံးပြုမှုများခြင်းကို ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် ကျောင်းသားတွေကို ကိုယ်တိုင်လေ့လာဖို့ အချိန်နဲ့ တိုက်ရိုက်သင်ကြားမှု အချိန်တို့ကို ဟန်ချက်ညီညီ ပေးဖို့ ပိုအရေးကြီးပါတယ်။

 

ဒီလောက်ဆိုရင်တော့ အွန်လိုင်းသင်ကြားမှုမှာ လုပ်သင့်တဲ့အရာတွေနဲ့ မလုပ်သင့်တဲ့အရာတွေကို ကွဲကွဲပြားသိရှိပြီး စနစ်တကျ အသုံးချနိုင်သွားမယ်လို့ ယူဆပါတယ်။ စနစ်ကျတဲ့ အွန်လိုင်းသင်ကြားမှုတစ်ခုကို တည်ဆောက်ခြင်းဖြင့် ကျောင်းသားတွေရဲ့ ပညာရေးလမ်းကြောင်းကို ပိုမိုထိရောက်စွာ ဆောင်ရွက်နိုင်မှာဖြစ်ပါတယ်။

 

Vocational Read 15 times