အခြေခံပညာအထက်တန်းဆင့် ပြီးမြောက်ကြောင်းလက်မှတ်အကြောင်း အပြည့်အစုံ

အခြေခံပညာအထက်တန်းဆင့် ပြီးမြောက်ကြောင်းလက်မှတ်သည် အခြေခံပညာအထက်တန်းဆင့် ပြီးဆုံးအောင် သင်ယူလေ့လာခဲ့သော ကျောင်းသားအား ချီးမြှင့်ပေးအပ်မည့် အထောက်အထား လက်မှတ်တစ်ခုဖြစ်သည်။
 မြန်မာနိုင်ငံတွင် အခြေခံပညာအဆင့်၌ တက္ကသိုလ်ဝင်စာမေးပွဲဖြင့် တက္ကသိုလ်ဆက်လက်တက်ရောက်ခွင့်ကို ဆုံးဖြတ်နေခြင်းဖြစ်သည်။

နှစ်စဉ် တက္ကသိုလ်ဝင်တန်းအောင်ချက်ကို ကြည့်မည်ဆိုပါက သုံးပုံတစ်ပုံဝန်းကျင်သာ စာမေးပွဲအောင်မြင်ပြီး ကျန် သုံးပုံနှစ်ပုံသော ကျောင်းသားများသည် တက္ကသိုလ်ဆက်လက် တက်ရောက်ခွင့်မရဘဲ အခွင့်အလမ်းဆုံးရှုံးနေသည်။
အခြေခံပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာတင်မောင်ဝင်းက "၇၀ ရာခိုင်နှုန်းဝန်းကျင်ရှိတဲ့ တက္ကသိုလ်ဝင် စာမေးပွဲမအောင်မြင်တဲ့ ကျောင်းသားတွေအတွက်လည်း အသက်မွေးဝမ်းကျောင်း သင်တန်းတွေနဲ့ ချိတ်ဆက်ပြီး အလုပ်အကိုင် အခွင့်အလမ်းများရရှိဖို့၊ လိုက်လျောညီထွေတဲ့ ကျွမ်းကျင်မှုတွေရရှိပြီး လူမှုဘဝမြင့်မားလာရေးကို ဆောင်ရွက်ပေးနိုင်ဖို့၊ တစ်ဦးချင်းဝင်ငွေရရှိပြီး မိသားစုဝင်ငွေ မြင့်မားလာကာ ဆင်းရဲနွမ်းပါးမှု လျှော့ချနိုင်ဖို့ ရည်ရွယ်ပြီး ဒီလက်မှတ်ကို ပေးအပ်ဖို့ ဆောင်ရွက်ခြင်း ဖြစ်ပါတယ်။ ဒါ့အပြင် အဆင့်မြင့်ပညာနဲ့ အသက်မွေးဝမ်းကျောင်းပညာတွေ ဆက်လက်သင်ယူနိုင်ဖို့၊ လူတစ်ယောက်အနေနဲ့ ထားရှိအပ်တဲ့ "စံ" သတ်မှတ်ချက်တွေ ပြည့်မီအောင် ပိုမိုကြိုးစားလာနိုင်ဖို့ ၊ ကျောင်းသည် အရည်အသွေး အာမခံမှုရှိတဲ့ သင်ကြား၊ သင်ယူရာနေရာဖြစ်ပြီး အမျိုးသား ပညာရေးစနစ် ရေရှည်ဖွံ့ဖြိုးတိုးတက်ဖို့လည်း ရည်ရွယ်တာ ဖြစ်ပါတယ်" ဟု  ပြောကြားသည်။

 အခြေခံပညာအထက်တန်းဆင့် ပြီးမြောက်ကြောင်း လက်မှတ်ထုတ် ပေးနိင်ရေးအတွက် ပညာရှင်များစွာဖြင့် အကြိမ်ကြိမ်စိစစ်ဆွေးနွေး တိုင်ပင်မှုများလည်း ပြုလုပ်ခဲ့ကြောင်း သိရ သည်။ ပညာရေးဝန်ကြီးဌာန အခြေခံပညာဦးစီးဌာန လက်အောက်ရှိ-

  • အခြေခံပညာ အထက်တန်းကျောင်းများ
  • အခြေခံပညာ အထက်တန်းကျောင်း(ခွဲ)များ
  • တွဲဖက်အထကများ၊ ကိုယ်ပိုင်ကျောင်း (ယာယီ)များ၊
  •  ကိုယ်ပိုင်ကျောင်း (စမ်းသပ်) များ
  • ဘုန်းတော်ကြီးသင် ပညာရေးကျောင်းများတွင်
  • အခြေခံပညာ အထက်တန်းဆင့်ပြီးမြောက်ကြောင်း လက်မှတ်ထုတ်ပေးရေးကို အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်သည်။ 

"ကျောင်းအခြေပြု (School Base) အစီအစဉ်နဲ့ ဆောင်ရွက်သွားမှာဖြစ်ပါတယ်။ အခြေခံပညာအထက်တန်းဆင့် ပြီးမြောက်ကြောင်းလက်မှတ်ကို ပညာရေးဝန်ကြီးဌာန အခြေခံပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နဲ့ သက်ဆိုင်ရာ အခြေခံပညာ အထက်တန်းကျောင်း ကျောင်းအုပ်ကြီးတွေက လက်မှတ်ရေးထိုး ပေးအပ်သွားမှာဖြစ်ပါတယ်" ဟု ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာတင်မောင်ဝင်းက ပြောသည်။

  • အခြေခံပညာအထက်တန်းကျောင်းများ၊
  • ရန်ကုန်ပညာရေးတက္ကသိုလ်၊
  • စစ်ကိုင်းပညာရေးတက္ကသိုလ်နှင့် ပြည်ထောင်စုတိုင်းရင်းသား လူမျိုးများဖွံ့ဖြိုးရေးတက္ကသိုလ်တို့ရလေ့ကျင့်ရေး အထက်တန်းကျောင်းများ၊ 
  • တပ်မတော်အထက်တန်းကျောင်းများ၊
  • ကိုယ်ပိုင်ကျောင်း (ယာယီ)များသည်

မိမိတို့ကျောင်းတွင် အရည်အသွေးအာမခံ စိစစ်ရေးကော်မတီကို ဖွဲ့စည်းပြီး သတ်မှတ်ထားသည့် စံသတ်မှတ်ချက်များနှင့် ကိုက်ညီသူကိုသာ အခြေခံပညာအထက်တန်းဆင့် ပြီးမြောက်ကြောင်းလက်မှတ် ပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။

 အရည်အသွေးစိစစ်ရေးအဖွဲ့

အဖွဲ့တွင် ကျောင်းအုပ်ကြီးက ဥက္ကဋ္ဌအဖြစ်ပါဝင်ပြီး လက်ရှိတွင် ဒသမတန်း (Grade 11) ၏ အတန်းပိုင်များ၊ ဘာသာရပ်မှူး၊ ဘာသာပြဆရာများသည် အဖွဲ့ဝင်၊ အတန်းမှူးသည် အတွင်းရေးမှူးအဖြစ် ပါဝင်ဆောင်ရွက်သွားမည် ဖြစ်ကြောင်းသိရသည်။ 

အချက် (၉)ချက်

အခြေခံပညာအထက်တန်းဆင့် ပြီးမြောက်ကြောင်းလက်မှတ်ကို
၁။ ကျောင်းခေါ်ကြိမ်ပြည့်မီခြင်း၊
၂။ ပညာရည်စစ်ဆေးအကဲဖြတ်ခြင်း၊ ဘာသာရပ်အလိုက်တတ်မြောက်မှု အဆင့်သတ်မှတ်ခြင်း၊ 
၃။ စာပေ၊ အနုပညာလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်ခြင်း၊
၄။ လူမှုရေးပြစ်ချက်ကင်း၍ ကျောင်းစည်းကမ်းလိုက်နာခြင်း၊ 
၅။ စာကြည့်တိုက်ဆိုင်ရာ ကဏ္ဍများ၏ လှုပ်ရှားမှုများတွင် ပါဝင်ခြင်း၊  
၆။ အားကစားနှင့်ကာယ လှုပ်ရှားမှုများ ဆောင်ရွက်ခြင်း၊ 
၇။ ကျောင်းကောင်စီအသင်း အဖွဲ့များနှင့် လူမှုရေးအသင်းများတွင် ပါဝင်ဆောင်ရွက်ခြင်းစသည့် ကဏ္ဍခုနစ်ရပ်ဖြင့် ထည့်သွင်းစဉ်းစား ပေးအပ်သွားမည်ဖြစ်သည်။

  •  အခြေခံပညာအထက်တန်းကျောင်း(ခွဲ)များ၊
  •  ကိုယ်ပိုင်ကျောင်း(စမ်းသပ်)များ၊
  •  ဘုန်းတော်ကြီးသင်ပညာရေး ကျောင်းများ

တွင် အရည်အသွေးစိစစ်ရေးအဖွဲ့ကို ကျောင်းများတွင်ဖွဲ့စည်းပြီး စံသတ်မှတ်ချက်များနှင့် ကိုက်ညီသူကို ပင်မကျောင်းများသို့ တင်ပြပြီး သက်ဆိုင်ရာပင်မကျောင်းများမှ အခြေခံပညာ အထက်တန်းဆင့် ပြီးမြောက်ကြောင်း လက်မှတ်ထုတ်ပေးသွားမည်ဖြစ်သည်။ အဆိုပါလက်မှတ်ကို ကျောင်းများတွင် ဖွဲ့စည်းထားသော အရည်အသွေးစိစစ်ရေးအဖွဲ့က အကဲဖြတ် ပေးအပ်သွားမည်ဖြစ်သည်။

အဆိုပါ အခြေခံပညာအထက်တန်းဆင့် ပြီးမြောက်ကြောင်း လက်မှတ်ပေးအပ်ခြင်းနှင့် စပ်လျဉ်း၍ ပညာရေးဝန်ကြီးဌာန အခြေခံပညာဦးစီးဌာနအနေဖြင့် အများပြည်သူ ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်စေရန် ပညာရေးလမ်းညွှန်မှ တင်ပြလိုက်ရပါသည်။

Source: Moe

Latest Post News Read 9220 times