Sales Hotline : 09448001653       Download App



သန်လျင် သမဝါယမနှင့် စီမံခန့်ခွဲမှုပညာ တက္ကသိုလ်အကြောင်းနှင့် ရရှိမည့် ဘွဲ့များ

သမဝါယမနှင့် စီမံခန့်ခွဲမှုပညာတက္ကသိုလ် (သန်လျင်) သည် ရန်ကုန်တောင်ပိုင်းခရိုင်၊ ရန်ကုန်မြို့ အရှေ့တောင်ဘက် (၈) မိုင်ခန့်အကွာရှိ သန်လျင်မြို့ ကျိုက်ခေါက်ဘုရားလမ်းမကြီး၏ အရှေ့ဘက် ရန်ကုန်သီလဝါ မီးရထားလမ်း ရှေ့ဘက်နှင့် ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ်၏ အနောက်ဘက် ညောင်သုံးပင်ရွာတွင် တည်ရှိပြီး သမဝါယမနှင့် စီမံခန့်ခွဲမှုပညာ တက္ကသိုလ်ပိုင် မြေဧရိယာ စုစုပေါင်းမှာ (၂၀၈.၂၀၉) ဧက ရှိသည်။

 

၁၉၇၀ ခုနှစ်တွင် ရန်ကုန်တိုင်း သမဝါယမ သင်တန်းကျောင်းကို မရမ်းကုန်းမြို့နယ်၊ ချော်တွင်းကုန်းတွင် စတင် ဖွင့်လှစ်ခဲ့ပြီးနောက်၊ ရန်ကုန်တိုင်းသန်လျင်မြို့ ကျိုက်ခေါက် ဘုရားလမ်းသို့ ပြောင်းရွှေ့ ဖွင့်လှစ်ခဲ့သည်။ လှည်းကူးမြို့နယ်၊ ဖောင်ကြီးဗဟိုသမဝါယမ သင်တန်းကျောင်း တည်နေရာတွင် ရန်ကုန်တိုင်း သမဝါယမ သင်တန်းကျောင်းနှင့် ပဲခူးတိုင်း သမဝါယမသင်တန်းကျောင်း (၂) ကျောင်းအား စုပေါင်း ဖွင့်လှစ်ခဲ့သည်။

 

ပြည်ထောင်စု မြန်မာနိုင်ငံတော် အစိုးရအဖွဲ့မှ ရန်ကုန်တိုင်း သမဝါယမ သင်တန်းကျောင်းကို သမဝါယမဒေသ ကောလိပ်အဆင့်သို့ (၁၉-၅-၁၉၉၄) ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ် (၁၀/၉၄) အရ (၂၁-၆-၁၉၉၄) ရက်နေ့တွင် တိုးမြှင့် ဖွင့်လှစ်ခဲ့သည်။ ထို့နောက် ၁၉၉၆ ခုနှစ် နို၀င်ဘာလ (၁၁) ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ် (၁၇/၉၆) ဖြင့် ရန်ကုန်သမဝါယမဒေသ ကောလိပ်အား ရန်ကုန်သမဝါယမ ဒီဂရီကောလိပ်အဖြစ် ထပ်မံ အဆင့်တိုးမြှင့် ဖွင့်လှစ်ခဲ့သည်။ 

 

ရန်ကုန်တက္ကသိုလ်နှင့် ပေါင်းစည်းဆက်သွယ်ပြီး ဘွဲ့ကြို (၃)နှစ် သင်တန်းဖွင့်လှစ်၍ ဝိဇ္ဇာဘွဲ့စီးပွားရေးသိပ္ပံ B.A (Business Science) ဘွဲ့ဒီဂရီကို ၂၀၀၉-၂၀၁၀ ပညာသင်နှစ်အထိ ပေးအပ်ခဲ့ပြီး ၂၀၁၀-၂၀၁၁ ပညာသင်နှစ်မှ စ၍ စီးပွားရေးသိပ္ပံဘွဲ့ (B.BSc) ဘွဲ့ဒီဂရီကို ပြောင်းလဲ ပေးအပ်ခဲ့သည်။

 

၂၀၁၂ ခုနှစ်၊ မေလ (၃၁) ရက်နေ့တွင် ကျင်းပပြုလုပ်သည့် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် အစိုးရအဖွဲ့ အစည်းအဝေးအမှတ်စဉ် (၂၀/၂၀၁၂) သဘောတူ ခွင့်ပြုချက်အရ ၀န်ကြီးရုံး၏ (၂၁-၆-၂၀၁၂)ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ် (၂၉/၂၀၁၂) ဖြင့် သမဝါယမ၀န်ကြီးဌာန၊ သမဝါယမ ဦးစီးဌာနအောက်ရှိ ရန်ကုန်သမဝါယမ ဒီဂရီကောလိပ်အား သမဝါယမတက္ကသိုလ် (သန်လျင်) အဖြစ် အဆင့်တိုးမြှင့်ခဲ့သည်။ 

 

Advertisement

Click Here > Mahmood & Sons

 

တက္ကသိုလ်အဖြစ် အဆင့်တိုးမြှင့်ပြီးနောက် ၂၀၁၄-၂၀၁၅ ပညာသင်နှစ်မှ စ၍ စီးပွားရေး သိပ္ပံဘွဲ့အား…

  • စာရင်းကိုင် ပညာနှင့် ဘဏ္ဍာရေးပညာ၊ 
  • အသုံးချစာရင်းအင်းပညာ၊ 
  • ဈေးကွက်ဖော်ဆောင်ရေး စီမံခန့်ခွဲမှုပညာ၊ 
  • ဒေသဆိုင်ရာ ဖွံ့ဖြိုးမှုပညာနှင့် 
  • လူမှုစီးပွားရေးလုပ်ငန်း စီမံခန့်ခွဲမှုပညာ စသည့် အထူးပြု ဘာသာရပ် (၅) ခုဖြင့် သင်ကြားခဲ့ပြီး အထူးပြု ဘာသာရပ်အလိုက် ဘွဲ့များကို ၂၀၁၇-၂၀၁၈ ပညာသင်နှစ်အကုန် ၂၀၁၈ခုနှစ်၊ နိုဝင်ဘာလမှ စတင်၍ အပ်နှင်း ချီးမြှင့်လျက် ရှိသည်။ 

 

အထူးပြုဘာသာရပ်အလိုက် ဘွဲ့လွန်ဒီပလိုမာ သင်တန်းများကို ၂၀၁၄- ၂၀၁၅ ပညာသင်နှစ်မှ စတင် သင်ကြားခဲ့ပြီး ဘွဲ့လွန်ဒီပလိုမာများ ပေးအပ်လျက် ရှိသည်။ အထူးပြုဘာသာရပ်အလိုက် မဟာဘွဲ့ သင်တန်းများကို ၂၀၁၅- ၂၀၁၆ ပညာသင်နှစ်တွင် စတင် သင်ကြားခဲ့ပြီး ၂၀၁၇- ၂၀၁၈ ပညာသင်နှစ်မှ စ၍ မဟာဘွဲ့များ အပ်နှင်း ချီးမြှင့်လျက် ရှိသည်။

 

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေး ဝန်ကြီးဌာန ပြည်ထောင်စု၀န်ကြီးရုံး၏ (၁၉-၁၁-၂၀၂၁) ရက်စွဲပါ စာအမှတ် ၁/၁/၂၉/သမကျေးလက် (၁၂၁၆/၂၀၂၁) နှင့် ပညာရေး ဝန်ကြီးဌာန ဝန်ကြီးရုံး၏ (၅-၁၁-၂၀၂၁) ရက်စွဲပါ စာအမှတ် အုပ်ချုပ်မှု (ဖွဲ့စည်းပုံ)/၂၀၂၁ (၉၆၂၈) ဖြင့် သမဝါယမတက္ကသိုလ် (သန်လျင်) အား သမဝါယမနှင့် စီမံခန့်ခွဲမှုပညာ တက္ကသိုလ် (သန်လျင်) ဟု အမည်ပြောင်းလဲ သတ်မှတ်ခဲ့သည်။

 

သမဝါယမနှင့် စီမံခန့်ခွဲမှုပညာတက္ကသိုလ် (သန်လျင်) ၏ သမိုင်းကြောင်း၊ မျှော်မှန်းချက်၊ လုပ်ငန်းတာဝန်များ၊ ရည်မှန်းချက်၊ ဖွဲ့စည်းပုံ၊ ဆောင်ပုဒ်၊ ပေးအပ်သည့်ဘွဲ့များ၊ ပညာသင်နှစ်အလိုက် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်မှု အခြေအနေ၊ ဘွဲ့ရကျောင်းသားဦးရေ၊ ပြည်တွင်း/ပြည်ပ အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်နေမှု အခြေအနေနှင့် သုတေသနဆောင်ရွက်မှုများကို အောက်ပါလင့်ခ်တွင် အသေးစိတ် ဖတ်ရှု လေ့လာနိုင်သည်။


> https://t.ly/m-3tm

Government School Latest Post Read 1609 times