၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုခွင့် လျှောက်ထားနိုင်ပြီ

 

၂၀၂၅ ခုနှစ်တွင် ကျင်းပမည့် တက္ကသိုလ်ဝင် စာမေးပွဲဝင်ရောက်ဖြေဆိုမည့် ကျောင်းသား၊ ကျောင်းသူများအနေဖြင့် လာမည့်စက်တင်ဘာလအတွင်း ဖြေဆိုခွင့်လျှောက်လွှာကို လျှောက်ထားရမည်ဖြစ်ကြောင်း မြန်မာနိုင်ငံစာစစ်ဦးစီးဌာနမှ သိရပါသည်။ 

 

၂၀၂၅ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲအတွက် ဖြေဆိုခွင့်လျှောက်လွှာ တစ်စောင်လျှင် ၂၀ဝ ကျပ်နှင့် စာမေးပွဲဝင်ကြေးအတွက် ၇ဝဝ ကျပ်တန်ဖိုးရှိ ပညာရေးဝန်ကြီးဌာန၊ ငွေသွင်းတံဆိပ်ခေါင်းတို့ကို မြန်မာနိုင်ငံစာစစ်ဦးစီးဌာန၊ ရန်ကုန်(ရုံးခွဲ)၊ ပါရမီလမ်း၊ ၁၂-ရပ်ကွက်၊ လှိုင်မြို့နယ်တွင် ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ (၁) ရက်နေ့မှ စတင်၍ သွားရောက် ဝယ်ယူနိုင်ပါသည်။ 

 

စာမေးပွဲဖြေဆိုခွင့် လျှောက်လွှာတင်သွင်းရာ၌ STEAMS (1), (2) ဖြေဆိုမည့်သူများအတွက် အစိမ်းရောင်ဖြေဆိုခွင့်လျှောက်လွှာနှင့် ကတ်ပြားပုံစံဖြင့်လည်းကောင်း၊ STAMS ဖြေဆိုမည့်သူများအတွက် ပန်းရောင်ဖြေဆိုခွင့်လျှောက်လွှာနှင့် ကတ်ပြားပုံစံဖြင့်လည်းကောင်း တင်သွင်းရန် အရောင်နှစ်မျိုး ခွဲခြားသတ်မှတ်ထားပါသည်။

 

စနစ်ဟောင်း နဝမတန်း အောင်မြင်ပြီး အကြောင်းအမျိုးမျိုးကြောင့် စနစ်ဟောင်း တက္ကသိုလ်ဝင်စာမေးပွဲ ဝင်ရောက်ဖြေဆိုခြင်းမရှိခဲ့သူများ၊ စနစ်ဟောင်း တက္ကသိုလ်ဝင် စာမေးပွဲကျရှုံးသူများနှင့် စနစ်သစ် ဒွါဒသမတန်း (Grade-12) တက္ကသိုလ်ဝင်စာမေးပွဲ ကျရှုံးသူများကို ပြင်ပဖြေအဖြစ် ဖြေဆိုခွင့်ပြုမည်ဖြစ်ပြီး ဘာသာတွဲ (၃) ခုဖြစ်သော STEAMS-1, STEAMS-2, STAMS တို့အနက်မှ ဘာသာတွဲ (၁) ခုကို ရွေးချယ်ဖြေဆိုရမည် ဖြစ်ပါသည်။

 

ပြင်ပဖြေဆိုရန် လျှောက်လွှာတင်သွင်းသူများသည် စာမေးပွဲဝင်ကြေးအတွက် ၇၀ဝ ကျပ်တန် ငွေသွင်းတံဆိပ်ခေါင်းများ ဝယ်ယူပြီး လျှောက်လွှာ၏ လက်ဝဲဘက်ထိပ်ပိုင်းတွင် ကပ်၍ မိမိတို့ အမှန်တကယ် နေထိုင်သည့် မြို့နယ်ပညာရေးမှူးရုံးတွင် ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ (၁) ရက်နေ့မှ စက်တင်ဘာလ (၂၇) ရက်နေ့အတွင်း တင်သွင်းကြရမည် ဖြစ်ပါသည်။

 

ပြင်ပဖြေဆိုမည့်သူများ လျှောက်လွှာတင်သွင်းရာတွင် -

- ကာယကံရှင်ကိုယ်တိုင် မိမိလက်ရေးဖြင့် ဖြည့်စွက်တင်သွင်းရမည်။

- ပတ်စ်ပို့ဓာတ်ပုံ (၁'× ၁.၂') ဓာတ်ပုံ (၃) ပုံ ယူဆောင်သွားရပါမည်။ 

- လျှောက်ထားသူနှင့် မိဘနှစ်ပါး၏ မွေးသက္ကရာဇ်၊ မှတ်ပုံတင်အမှတ်များ ယူဆောင်သွားရပါမည်။ 

- စနစ်ဟောင်းများအတွက် Grade 9 အောင်မြင်ခဲ့သော ခုံအမှတ်၊ ခုနှစ်၊ ကျောင်း

- စနစ်သစ်များအတွက် Grade 11 အောင်မြင်ခဲ့သော ခုံအမှတ်၊ ခုနှစ်၊ ကျောင်း

- Grade (12) ကျရှုံးခဲ့သော ခုံအမှတ်၊ ခုနှစ်၊ စာစစ်ဌာနတို့ကို သိရှိရပါမည်။ 

 

အထက်ပါ အထောက်အထားများကို ယူဆောင်၍ ကာယကံရှင်ကိုယ်တိုင် မိမိတို့နေရပ်၏ မြို့နယ်ပညာရေးမှူးရုံးသို့ သွား၍လျှောက်ထားရပါမည်။ 

 

အခြေခံပညာအထက်တန်းကျောင်းများ၊ ကျောင်းခွဲများ၊ တွဲဖက်ကျောင်းများနှင့် ကိုယ်ပိုင်အထက်တန်းကျောင်းများမှ ဖြေဆိုရန် လျှောက်လွှာတင်သွင်းမည့် ကျောင်းသား၊ ကျောင်းသူများအတွက် ကျောင်းအုပ်ကြီးများသည် စာမေးပွဲဝင်ကြေး ၇၀ဝ ကျပ်တန် ငွေသွင်းတံဆိပ်ခေါင်းများ ဝယ်ယူပြီး လျှောက်လွှာ တစ်စောင်ချင်းတွင် ကပ်၍ စုပေါင်းပြီး မြန်မာနိုင်ငံ စာစစ်ဦးစီးဌာနသို့ ၂၀၂၄-ခုနှစ်၊ စက်တင်ဘာလ (၁) ရက်နေ့မှ စက်တင်ဘာလ (၃၀) ရက်နေ့အတွင်း သတ်မှတ်ရက်အမီ တင်သွင်းကြရမည်ဖြစ်ပါသည်။

 

သတိထားရမည့်အချက်များ 

- သတ်မှတ်ထားသော ရက်များအတွင်း အချိန်မီပေးပို့ခြင်း မရှိသူများသည် စာမေးပွဲဖြေဆိုခွင့်ရရှိကြမည်မဟုတ်ပါ။

- စာဖြေသူ တင်သွင်းသည့် စာမေးပွဲဖြေဆိုခွင့်လျှောက်လွှာနှင့် ကတ်ပြားတွင် ဖော်ပြပါရှိသည့် ဘာသာတွဲမှအပ အခြားဘာသာတွဲသို့ ပြောင်းလဲ ဖြေဆိုခွင့်ပြုမည်မဟုတ်ပါ။

-  မိမိဖြေဆိုမည့် ဘာသာတွဲအလိုက် အချက်အလက်များ မှန်ကန်မှု ရှိ/မရှိ သေချာစွာ စစ်ဆေးပြီး ပေးပို့ကြရပါမည်။ 

- တက္ကသိုလ်ဝင်စာမေးပွဲ အောင်လက်မှတ်တွင် ဤဌာန၌ မှတ်တမ်းသိမ်းဆည်းထားသည့် အချက်အလက်များအတိုင်းသာ ထုတ်ပေးမည်ဖြစ်ပါသည်။

- စာမေးပွဲ အောင်မြင်ပြီးပါက အဆိုပါ အချက်အလက်များကို မည်သည့် အကြောင်းပြချက်၊ မည်သည့်လုပ်ဆောင်ချက်၊ မည်သည့်နည်းလမ်းနှင့်မျှ ပြင်ဆင်ခွင့်ပြုမည် မဟုတ်ပါ။

 

၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုခွင့် လျှောက်လွှာနမူနာပုံစံ

 

 

 

 

----------------------------------------------

VPN မလိုဘဲ ပညာရေးသတင်းအစုံအလင်ကို ဖတ်ရှုနိုင်ဖို့ Myanmar Education Guide ရဲ့ Telegram Channel ကို အခုပဲ Join ထားလိုက်တော့နော်။

Join our Telegram Channel

> https://t.me/eudcationguide

 

Latest Post Local News Read 1101 times