ဆရာတွေအတွက် စိတ်ဖိစီးမှုကို လျော့ကျစေတဲ့ နည်းလမ်း (၁၀) ခု

 

ဆရာအသက်မွေးဝမ်းကြောင်းအလုပ်က စိတ်ဖိစီးမှု အမြင့်ဆုံး အသက်မွေးဝမ်းကြောင်းတွေထဲက တစ်ခုဖြစ်တယ်လို့ ပညာရှင်တချို့က ဆိုပါတယ်။ အထူးသဖြင့် (၁၂) တန်းကို တာဝန်ယူ သင်ကြားရတဲ့ ဆရာတွေမှာ စိတ်ဖိစီးမှုတွေ ပိုပြီး ရှိတတ်ပါတယ်။

ကျောင်းသားတွေရဲ့ အောင်မြင်မှု နောက်ကွယ်မှာ ဆရာတွေရဲ့ အကူအညီ၊ အချိန်၊ စွမ်းအင်တွေကို မြှပ်နှံထားတာဖြစ်လို့ ဆရာတွေလည်း ကျောင်းသားတွေနည်းတူ စိတ်ပင်ပန်းရပါတယ်။  ဒါကြောင့် ဆရာတွေအနေနဲ့ အလုပ်နဲ့ ကိုယ်ပိုင်အချိန် မျှမျှတတ ရှိဖို့၊ စိတ်ဖိစီးမှုတွေကို လျော့ကျစေဖို့ လိုက်နာရမယ့် အချက်တွေကို မျှဝေပေးသွားပါမယ်။

 

၁။ အလုပ်အချိန်ကို တိကျစေပါ။

ဘယ်အလုပ်မှာမဆို အလုပ်ချိန်က အတိအကျ ရှိသင့်ပါတယ်။ ဥပမာ သင့်အလုပ်ချိန်က (၆) နာရီ ဆိုပါစို့။ စာသင်တာ၊ အမှတ်ခြစ်တာ၊ သင်ခန်းစာ အစီအစဉ် ရေးဆွဲတာ စတဲ့ သင်ကြားရေးဆိုင်ရာ လုပ်ငန်းစဉ်တွေကို အလုပ်ချိန်အတွင်းမှာပဲ ပြီးအောင် လုပ်သင့်ပါတယ်။

ဒါပေမဲ့ ပြီးအောင် မလုပ်လိုက်နိုင်တဲ့ အခါမျိုး ရှိလာရင် ဘယ်နေ့မှာ ကိုယ်ပိုင်အချိန်ထဲက ဘယ်နှစ်နာရီလောက်ကိုပဲ အချိန်ပို‌ပေးပြီး လုပ်မလဲဆိုတာ သတ်မှတ်ပါ။ တတ်နိုင်သမျှ အလုပ်ကို အိမ်ကို ယူသွားခြင်း ရှောင်ကြဉ်ပါ။ အထူးသဖြင့် အရေးမကြီးတဲ့ အလုပ်ကိစ္စ အီးမေးလ်တွေ၊ မက်ဆေ့ချ်တွေ စာပြန်တာကို ကိုယ်ပိုင်အချိန်မှာ မလုပ်မိအောင် ထိန်းပါ။

 

၂။ ကျန်းမာအောင် နေထိုင်စားသောက်ပါ။

ယောဂကျင့်ခြင်း၊ လမ်းလျှောက်ခြင်း၊ စက်ဘီးစီးခြင်းတို့လို ပုံမှန်လေ့ကျင့်ခန်းတွေမှာ ပါဝင်လှုပ်ရှားတာက စိတ်ဖိစီးမှုကို ပြေပျောက်စေပြီး တက်ကြွ လန်းဆန်းစေပါတယ်။ ကျန်းမာရေးအတွက် အာဟာရပြည့်၀တဲ့ အစားအစာတွေ၊ အဆာပြေမုန့်တွေကို ရွေးချယ် စားသုံးပါ။ ကျန်းမာရေးကောင်းဖို့ အိပ်ချိန်ကလည်း အရေးကြီးတာဖြစ်တဲ့အတွက် ညစဉ် (၇) နာရီ ကနေ (၈) နာရီအထိ အချိန်ပေးပြီး အိပ်ရေး၀၀ အိပ်စက်ပါ။

 

၃။  စိတ်တည်ငြိမ်အောင် လေ့ကျင့်ပါ။

စိတ်အေးချမ်းရအောင် မိနစ်အနည်းငယ်လောက် အချိန်ယူပြီး မနက်စောစော တရားထိုင်တာမျိုး လုပ်ဆောင်သင့်ပါတယ်။ စိတ်ဖိစီးမှု များလာတဲ့အခါ အသက်ကို ခပ်ပြင်းပြင် ရှုသွင်း၊ ရှုထုတ် လုပ်ပြီး စိတ်လျှော့ပါ။ စိတ်ရှုပ်နေတဲ့အခါ ဆိုရှယ်မီဒီယာ အသုံးပြုခြင်းကို ခဏလောက် နားပြီး ကိုယ်ဝါသနာပါတဲ့ အရာတွေ လုပ်ဆောင်ပါ။ ဥပမာ - စာဖတ်ခြင်း၊ ပန်းချီဆွဲခြင်း၊ ပန်းစိုက်ခြင်းတို့လို စိတ်ကို တည်ငြိမ်စေတဲ့ အရာမျိုးတွေကို လုပ်ဆောင်သင့်ပါတယ်။

 

၄။ ကြိုတင်စီစဉ်ပါ။

သင်ခန်းစာ မစခင် သင်ကြားရမယ့် အကြောင်းအရာကို ပြန်ဖတ်တာ၊ သင်ကြားရေးမှာ အသုံးပြုမယ့် သင်ထောက်ကူပစ္စည်းတွေ စုစည်းထားတာ၊ Deadline အမှီပြီးရမယ့် တာဝန်တွေကို ပြီးမြောက်အောင် လုပ်ဆောင်တာ စတဲ့ ကြိုတင်ပြင်ဆင်မှုတိုင်းဟာ စိတ်ဖိစီးမှုကို လျော့ကျစေပါတယ်။ သင့်အတွက် တာဝန် ပေါ့သွားရအောင် လုပ်ဖော်ကိုင်ဖက်တွေ (သို့) ကျောင်းသားတွေကို သင့်တော်တဲ့ နေရာမှာ တာဝန်တွေ ခွဲဝေလုပ်ဆောင်စေပါ။

 

၅။ ပံ့ပိုးမှုကွန်ရက်တစ်ခု တည်ဆောက်ပါ။

လုပ်ဖော်ကိုင်ဖက်အချင်းချင်း ရင်းရင်းနှီးနှီးနဲ့ အခက်အခဲတွေ၊ အတွေ့အကြုံတွေ၊ နည်းဗျူဟာတွေကို မျှဝေပါ။ စိတ်ညစ်စရာ ရှိတဲ့အခါ မိသားစုနဲ့ သူငယ်ချင်းတွေကို တိုင်ပင်ပြီး စိတ်ပိုင်းဆိုင်ရာ ပံ့ပိုးမှုနဲ့ အကြံဉာဏ်တွေ တောင်းယူပါ။ အခုနောက်ပိုင်း စိတ်ပိုင်းဆိုင်ရာ ကုထုံးပညာရှင်တွေနဲ့ တိုင်ပင်ဆွေးနွေးတာကလည်း ခေတ်စားလာတာဖြစ်တဲ့အတွက် ကျွမ်းကျင်တဲ့သူတွေဆီမှာ အကူအညီတောင်းဖို့ကိုလည်း မတွန့်ဆုတ်ပါနဲ့။

 

၆။ ငြင်းဖို့ အားမနာပါနဲ့။

ကိုယ်နိုင်တဲ့ဝန်ထက် ကျော်လွန်နေတဲ့ အပို တာဝန်တွေကို ပေးခြင်းခံနေရပြီဆိုရင် ယဉ်ကျေးစွာ ငြင်းဆိုပါ။ အလုပ်တွေ များနေတဲ့အခါ ရှိသမျှ အလုပ်တွေအာလုံး ပြီးမြောက်ဖို့ထက် အရေးကြီးတဲ့ ဦးစားပေး အလုပ်တွေကိုသာ အာရုံစိုက်ပါ။ ဦးစားပေးအလုပ်ဆိုတာ သင့်ပန်းတိုင်နဲ့ လိုက်လျောညီထွေဖြစ်မယ့် အလုပ်တွေကိုသာ ဆိုလိုခြင်း ဖြစ်ပါတယ်။

 

၇။ အနားယူပါ။

အလုပ်ချိန်အတွင်းမှာ ဦးနှောက်နဲ့ ခန္ဓာကိုယ်ကို အနားမပေးဘဲ ဆက်တိုက်ကြီး အလုပ်လုပ်တာမျိုး ရှောင်ပါ။ အားပြန်သွင်းဖို့ အချိန်တို အနားယူမှုလေးတော့ ရှိသင့်ပါတယ်။ ပိတ်ရက်တွေ ရောက်ရင် အပြည့်အ၀ အနားယူပြီး သင်ဝါသနာပါတာတွေကို လုပ်ဆောင်ပါ။ ချစ်ရတဲ့ သူတွေနဲ့ အချိန်ဖြုန်းပါ။ အားလပ်ရက်မှာ အလုပ်နဲ့ လုံးဝ အဆက်အသွယ်ဖြတ်ပြီး သင့်ကို ပျော်စေတဲ့ လှုပ်ရှားမှုတွေကို လုပ်ဆောင်ပါ။

 

၈။ အောင်မြင်မှု အသေးလေးတွေကအစ ဂုဏ်ပြုပါ။

သင်ကြားရေးမှာ သင်ခန်းစာတစ်ခု အောင်အောင်မြင်မြင် ပြီးသွားတဲ့အခါ၊ စာမေးပွဲမှာ ကျောင်းသားတွေ အမှတ်ကောင်းကောင်း ရကြတဲ့အခါ အပြုသဘောဆောင်ပြီး အသိအမှတ်ပြုပါ။ သင့်အတွက် အရေးပါတဲ့ မှတ်တိုင်တစ်ခု အောင်မြင်ပြီးတိုင်းမှာလည်း သင့်ကိုယ်သင် ဆုချဖို့ မမေ့ပါနဲ့။  

 

၉။ အတတ်ပညာဖွံ့ဖြိုးတိုးတက်ရေးကို ရှာဖွေပါ။

အလုပ်မှာ သင့်ကိုယ်သင် ဝန်ပိခံနေမယ့်အစား ပရော်ဖက်ရှင်နယ် တိုးတက်မှု အခွင့်အလမ်းတွေကို များများ ရှာဖွေပါ။ ဘယ်ပညာရပ်မှာဆို မရပ်တန့်လိုက်ဘဲ ဆက်လက် လေ့လာမှု ရှိနေမှ အောင်မြင် တိုးတက်တာပါ။ ဒါကြောင့် သင့်စိတ်ဝင်စားမှုအပြင် စာသင်ခန်း လိုအပ်ချက်နဲ့ ကိုက်ညီတဲ့  အလုပ်ရုံဆွေးနွေးပွဲတွေ၊ လေ့ကျင့်ရေးတွေမှာ ပါဝင်သင့်ပါတယ်။

 

၁၀။ အကောင်းမြင်စိတ် မွေးပါ။

သင်ခန်းစာတိုင်း (သို့မဟုတ်) နေ့ရက်တိုင်းဟာ အဆင်ပြေပြေနဲ့ ပြီးဆုံးသွားမှာ မဟုတ်ကြောင်း လက်ခံထားပါ။ တချို့ စာသင်ချိန်တွေမှာ အဆင်ပြေသလို တချို့စာသင်ချိန်တွေမှာလည်း စိန်ခေါ်မှုတွေနဲ့ ကြုံတွေ့ရဦးမှာပါ။ အခက်အခဲတွေနဲ့ ရင်ဆိုင်ရတိုင်း အဆိုးမြင်စိတ်တွေ တွေးနေမယ့်အစား ငါအဆင်ပြေပြေ လုပ်နိုင်ခဲ့တဲ့ နေ့တွေလည်း ရှိတာပဲဆိုတာ အကောင်းဘက်က ပြန်တွေးပြီး စိတ်ဖြေပါ။

 

Vocational Read 14 times