စာအုပ်များကို အခမဲ့ ဖတ်ရှုနိုင်တဲ့ အွန်လိုင်းစာကြည့်တိုက် (၁၀) ခု

 

ဒီလိုဂျစ်တယ်ခေတ်မှာ ဗဟုသုတ ရရှိစေမယ့် စာအုပ်စာပေနဲ့ အချက်အလက်တွေကို အိမ်ထဲကအိမ်အပြင် မထွက်ရဘဲ ဖတ်ရှုနိုင်တဲ့ အွန်လိုင်းစာကြည့်တိုက်တွေ များစွာရှိနေပါပြီ။ အွန်လိုင်းစာကြည့်တိုက်တွေမှာ ကဏ္ဍအစုံအလင်မှ အသိပညာတိုးစေမယ့် စာအုပ်တွေ၊ သုတေသနစာတမ်းတွေ၊ ပညာရေးဆိုင်ရာ အကြောင်းအရာတွေ စသဖြင့် သုတ၊ ရသ စုံလင်စွာ ထားရှိထားပါတယ်။ 

 

သုတေသနအတွက် လေ့လာလိုတာဖြစ်ဖြစ်၊ ဘာသာရပ်ဆိုင်ရာ စာအုပ်တွေကို သိလိုတာဖြစ်ဖြစ်၊ ဗဟုသုတတိုးစေမယ့် စာအုပ်တွေကို ဖတ်လိုတာဖြစ်ဖြစ်၊ ဂန္ထဝင်စာပေတွေကို ရှာဖွေလိုတာဖြစ်ဖြစ် အွန်လိုင်းစာကြည့်တိုက်တွေမှာ ကုန်ကျစရိတ်မရှိဘဲ ဖတ်ရှုနိုင်ပါတယ်။ 


ဒါကြောင့် ကျောင်းသားတွေ၊ ဆရာတွေ၊ ပညာရေးနယ်ပယ်ကလူတွေကို အထောက်အကူဖြစ်စေမယ့် အရင်းအမြစ်များ ပေးဆောင်ပေးတဲ့ အကောင်းဆုံးအခမဲ့အွန်လိုင်း စာကြည့်တိုက် (၁၀) ခုကို မျှဝေပေးသွားပါမယ်။ 

 

၁။ Google Books

Google Books ဆိုတာ Google ရဲ့ ဝန်ဆောင်မှုတစ်ခုဖြစ်ပြီး နယ်ပယ်အသီးသီးမှ စာအုပ်တွေ၊ သုတေသနဆိုင်ရာ အနှစ်ချုပ် စာတိုတွေ၊ ပညာရေးဆိုင်ရာ စာအုပ်တွေ၊ ရှားပါးစာပေတွေကို ရှာဖွေနိုင်တဲ့ အွန်လိုင်းစာကြည့်တိုက်ပါ။ သူ့မှာရှိတဲ့ စာအုပ်တိုင်းက အခမဲ့မဟုတ်ပေမဲ့ တချို့စာအုပ်အဟောင်းတွေနဲ့ ပညာရေးဆိုင်ရာ အရင်းအမြစ်တွေကို ဝင်ရောက်ရှာဖွေနိုင်တာကြောင့် ပေါ့ပေါ့ပါးပါး စာဖတ်ဝါသနာပါသူတွေအတွက်နဲ့ သုတေသနအတွက် အသုံးဝင်ပါတယ်။ 

 

၂။ Open Library 

Open Library က Internet Archive ရဲ့ တစ်စိတ်တစ်ပိုင်းဖြစ်ပြီး ပုံနှိပ်စာအုပ်တွေ၊ ပညာရေးဆိုင်ရာစာအုပ်တွေ၊ သုတေသနဆိုင်ရာ စာအုပ်တွေ အပါအဝင် သန်းပေါင်းများစွာသော eBook တွေကို အခမဲ့ ရှာဖွေဖတ်ရှုလို့ ရပါတယ်။ အပြင်မှာ ရှာရခက်တဲ့ သုတေသန စာအုပ်အဟောင်းတွေ ရှိတာကြောင့် သုတေသနစာတမ်းပြုစုနေတာဆိုရင် အသုံးဝင်မှာဖြစ်သလို တခြားသော ပညာရေးဆိုင်ရာ စာအုပ်တွေလည်း ရှာဖွေနိုင်တာကြောင့် ကျောင်းသားတွေအတွက် အကျိုးရှိစေပါတယ်။ 

 

၃။ Project Gutenberg

Project Gutenberg ကတော့ အခမဲ့ eBook ပေါင်း ၆၀,၀၀၀ ကျော်ကို ထောက်ပံ့ပေးထားတဲ့ အွန်လိုင်းစာကြည့်တိုက်တွေထဲက တစ်ခုဖြစ်ပါတယ်။ သူ့မှာ အဓိကအားဖြင့် ဂန္ထဝင်စာပေတွေ၊ သမိုင်းဆိုင်ရာ စာရွက်စာတမ်းတွေ၊ ပညာရေးဆိုင်ရာ စာအုပ်တွေ ပါ၀င်တာကြောင့် ကျောင်းသားတွေနဲ့ လူမှုဘာသာရပ်တွေကို လေ့လာနေတဲ့သူတွေအတွက် အရင်းအမြစ်ကောင်းတစ်ခုလည်းဖြစ်ပါတယ်။ စာအုပ်အဟောင်းတွေကို လူတိုင်းလက်လှမ်းမီနိုင်စေဖို့ စေတနာထား လုပ်ဆောင်ပေးနေတာလည်း ဖြစ်ပါတယ်။

 

၄။ Directory of Open Access Books (DOAB) 

DOAB မှာ open-access လိုင်စင်အောက်က ဝင်ရောက်ကြည့်ရှုနိုင်တဲ့ ထောင်ပေါင်းများစွာသော ပညာရေးဆိုင်ရာ စာအုပ်များကို ပေးဆောင်တဲ့ လမ်းညွှန်တစ်ခုဖြစ်ပါတယ်။ စာအုပ်တွေအာလုံးဟာ အရည်အသွေးမြင့် သုတေသန စာအုပ်တွေဖြစ်ပါတယ်။ အတားအဆီးမရှိဘဲ ယုံကြည်စိတ်ချရတဲ့ ပညာရေးဆိုင်ရာ စာသားနဲ့ စာအုပ်တွေကို ဝင်ရောက်ကြည့်ရှုဖို့ လိုအပ်နေတဲ့ ကျောင်းသား၊ သုတေသီနဲ့ ပညာရှင်တွေအတွက် အထူးတန်ဖိုးရှိပါတယ်။ 

 

၅။ Library Genesis (LibGen)

ပညာရပ်ဆိုင်ရာ နယ်ပယ်အသီးသီးမှ သုတေသနစာတမ်းတွေ၊ စာအုပ်တွေ၊ ဆောင်းပါးတွေ စုံလင်စွာ ရှိတဲ့ အွန်လိုင်းစာကြည့်တိုက်တစ်ခုပါ။ အထူးသဖြင့် သိပ္ပံ၊ နည်းပညာနဲ့ ဆေးပညာ ဘာသာရပ်ဆိုင်ရာ စျေးကြီးတဲ့ အရင်းအမြစ်တွေကို အခမဲ့ ဝင်ရောက်ကြည့်ရှုနိုင်တဲ့အတွက် ကျောင်းသားတွေနဲ့ သုတေသီများ မကြာခဏ အသုံးပြုလေ့ရှိပါတယ်။ 

 

၆။ Internet Archive

Internet Archive မှာ သမိုင်း၊ ရုပ်ရှင်၊ ဂီတနဲ့ နည်းပညာဆိုင်ရာ အခမဲ့ စာအုပ်တွေအပြင် သုတေသနစာတမ်းတွေ တက္ကသိုလ်တွေရဲ့ သင်တန်းတွေ၊ ပုံနှိပ်စာအုပ် စတဲ့ သန်းပေါင်းများစွာသော အခမဲ့ စာအုပ်တွေရှိတာဖြစ်တဲ့အတွက် World Library လို့တောင် တင်စားခေါ်ဝေါ်ကြပါတယ်။ သုတေသနစာတမ်းအတွက် စာအုပ်တွေ ရှာဖတ်ချင်တဲ့ ပညာရှင်တွေ၊ ပညာရေးဆိုင်ရာအရင်းအမြစ်တွေကို ရှာဖွေလိုတဲ့ ကျောင်းသားတွေအတွက် တန်ဖိုးမဖြတ်နိုင်တဲ့ အွန်လိုင်းစာကြည့်တိုက်ပါ။

 

၇။ JSTOR 

JSTOR က ပညာရေးဆိုင်ရာ ဂျာနယ်တွေ၊ စာအုပ်တွေ၊ မူရင်းအရင်းအမြစ်တွေကို ထောက်ပံ့ပေးထားပြီး လူသိများတဲ့ အွန်လိုင်းစာကြည့်တိုက်ဖြစ်ပါတယ်။ အကြောင်းအရာအများစုကို အခမဲ့ ဝင်ရောက်မဖတ်ရှုနိုင်ပေမဲ့ Open Access ကဏ္ဍမှာတော့ သုတေသီတွေနဲ့ ကျောင်းသားတွေအတွက် အထူးသင့်လျော်တဲ့ အခမဲ့ စာအုပ်တွေ၊ ဆောင်းပါးတွေကို ဖတ်ရှုနိုင်ပါတယ်။ အထူးသဖြင့် လူသားပညာ၊ လူမှုရေးသိပ္ပံနဲ့ သဘာဝသိပ္ပံတို့ကို လေ့လာနိုင်ပါတယ်။ 
  

၈။ Bookboon

Bookboon ကတော့ တက္ကသိုလ်ကျောင်းသားတွေ အသုံးများတဲ့ အခမဲ့ စာအုပ်တွေ စုစည်းရာ အွန်လိုင်းစာကြည့်တိုက်ဖြစ်ပါတယ်။ သူ့မှာ ပညာရေးဆိုင်ရာ စာအုပ်တွေအပြင် အဓိကအားဖြင့် စီးပွားရေးလုပ်ငန်း၊ အင်ဂျင်နီယာနဲ့ IT ဆိုင်ရာ စာအုပ်တွေ၊ လုပ်ငန်းဆိုင်ရာ ကျွမ်းကျင်ပညာရှင်များနှင့် ပညာရေး ပညာရှင်များမှ ရေးသားထားတဲ့ လက်တွေ့လမ်းညွှန်များနှင့် ပြဌာန်းစာအုပ်များကို ရှာဖွေနိုင်ပါတယ်။ 

 

၉။ ManyBooks

အလုပ်အတွက်အပြင် ပညာရေးအတွက်ပါ လိုအပ်တဲ့ စာအုပ်တွေကို အခမဲ့ ရှာဖွေလိုတယ်ဆိုရင် အမျိုးအစား စုံလင်ပြီး စာအုပ် ၅၀,၀၀၀ ကျော်ရှိတဲ့ ManyBooks အွန်လိုင်းစာကြည့်တိုက် ရှိပါတယ်။ အသုံးပြုရလွယ်ကူပြီး ပညာရေးဆိုင်ရာ အရင်းအမြစ်တွေ၊ ဂန္ထဝင် စာအုပ်တွေနဲ့ အထွေထွေ စိတ်ဝင်စားဖွယ်စာအုပ်တွေဆီ အလွယ်တကူ ဝင်ရောက်နိုင်ဖို့ စီစဉ်ပေးထားပါတယ်။ အခကြေးငွေမယူဘဲ စာအုပ်တွေ ရှာဖွေနိုင်တာကြောင့် ကျောင်းသားတွေနဲ့ စာဖတ်ဝါသနာပါသူတွေအတွက် သင့်တော်ပါတယ်။ 

 

၁၀။ Digital Public Library of America (DPLA)

DPLA က အသုံးပြုသူတွေကို အမေရိကန်တစ်ဝှမ်းရှိ စာကြည့်တိုက်တွေ၊ ပြတိုက်တွေနဲ့ ပညာရေးအဖွဲ့အစည်းတွေက ဒစ်ဂျစ်တယ်ပလပ်ဖောင်နဲ့ ချိတ်ဆက်ပေးထားပါတယ်။ သူ့ဆီမှာ သန်းပေါင်းများစွာသော သမိုင်းဆိုင်ရာ၊ ပညာရပ်ဆိုင်ရာနှင့် ယဉ်ကျေးမှုဆိုင်ရာ စာအုပ်များ၊ သုတေသနစာတမ်းများနှင့် မှတ်တမ်းအကြောင်းအရာများကို အခမဲ့ ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။ ဒါကြောင့် သုတေသီများ၊ သမိုင်းပညာရှင်များနှင့် ပညာတတ်များအတွက် အထူးကောင်းမွန်တဲ့ အရင်းအမြစ်တစ်ခုဖြစ်ပါတယ်။

 

University / College Vocational Read 15 times