မြန်မာနိုင်ငံရဲ့ ပထမဆုံး ကမ္ဘာ့အဆင့်မီ အွန်လိုင်းတက္ကသိုလ် (သို့) Parami University

 

အထက်တန်းအောင်ပြီး တက္ကသိုလ်ကို အိမ်မှာနေရင်း ဆက်တက်ချင်တယ်၊ US နိုင်ငံရဲ့ ထိပ်တန်းတက္ကသိုလ်တစ်ခုကပေးတဲ့ Bachelor ဘွဲ့လည်း ရချင်တယ်။ ငွေအကုန်မခံဘဲ Scholarship နဲ့လည်း ကျောင်းတက်ချင်တယ်၊ နိုင်ငံတကာအတွေ့အကြုံတွေကိုလည်း ယူချင်တယ်ဆိုရင်တော့ သေချာပေါက် လျှောက်ရမယ့် တက္ကသိုလ်လေးတစ်ခုနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ 

 

Parami University 

Parami University မတိုင်ခင် ၂၀၁၇ ခုနှစ်မှာ Parami Institute of Liberal Arts and Sciences နာမည်နဲ့ မြန်မာနိုင်ငံတစ်ဝှမ်းမှ တက္ကသိုလ်ဘွဲ့ရတွေအတွက် တစ်နှစ်တာ Parami Leadership Program ကို သင်ကြားပေးခဲ့ပါတယ်။

 

နောက်ပိုင်းမှာ နောက်ထပ် အဆင့်မြင့်ပညာရေးလမ်းကြောင်းတွေကို ချဲ့ထွင်နိုင်ဖို့ အမေရိကန်ပြည်ထောင်စုမှာ တက္ကသိုလ်လိုင်စင်ရယူရခဲ့ပါတယ်။ ၂၀၂၂ ခုနှစ်၊ ဇွန်လမှာ Parami University ဆိုပြီး United States ရှိ Washington, D.C. ရဲ့ Higher Education Licensure Commission (HELC) မှ လိုင်စင်ရရှိခဲ့ပါတယ်။

 

Parami University ဟာ အွန်လိုင်းဘွဲ့ကြိုတက္ကသိုလ်ဖြစ်ပြီး နယူးယောက်မြို့က ထိပ်တန်းတက္ကသိုလ် Bard College နဲ့ ပူးပေါင်းထားတာဖြစ်တဲ့အတွက် တက်ရောက်မယ့် ကျောင်းသားကျောင်းသူတွေအနေနဲ့ US အစိုးရအသိမှတ်ပြု Bachelor Degree ကိုလည်း ရရှိနိုင်ပါတယ်။ 

 

Parami University မှာ သင်ကြားနေတဲ့ မေဂျာ (၂) ခု 

Parami University မှာ Philosophy, Politics, & Economics (PPE) နှင့် Statistics and Data Science (SDS) မေဂျာနှစ်ခုကို သင်ကြားပို့ချပေးနေပါတယ်။ Parami University မှာ အမေရိကန်ပြည်ထောင်စု ဝိဇ္ဇာနဲ့သိပ္ပံပညာရေး (Liberal Arts and Sciences) သင်ရိုးညွှန်းတမ်းနဲ့ သင်ကြားပေးလျက်ရှိပါတယ်။

 

PPE မေဂျာက အဓိကအားဖြင့် Social sciences နဲ့  Humanities တို့လို လူသားအရင်းအမြစ်နဲ့ တိုက်ရိုက် ထိစပ်တဲ့ ပညာရပ်ဆိုင်ရာ အသိပညာနဲ့ ကျွမ်းကျင်မှုကို ချဉ်းကပ်သင်ကြားရမယ့် မေဂျာတစ်ခု ဖြစ်ပါတယ်။ PPE မေဂျာက ယခု လက်ရှိကမ္ဘာတစ်ဝှမ်းမှာ ရင်ဆိုင်နေရတဲ့ အခက်အခဲအကြပ်အတည်းတွေအတွက် အဖြေရှာနိုင်တဲ့ တွေးခေါ်မှုကို ပေးအပ်တဲ့ မေဂျာတစ်ခုဖြစ်ပါတယ်။

 

SDS မေဂျာကတော့ သိပ္ပံနည်းကျနည်းလမ်းတွေ၊ အယ်လဂိုရီသမ်တွေ၊ ဒေတာတွေမှတဆင့် အချက်အလက်တွေ တွက်ထုတ်ခြင်းဆိုင်ရာ ပညာရပ်ကို လေ့လာရတာဖြစ်ပါတယ်။ ဒီပညာရပ်ဟာဆိုရင် သင်္ချာ၊ စာရင်းဇယားနဲ့ ကွန်ပြူတာသိပ္ပံ (Computer science) ကဲ့သို့သော ဘာသာရပ်တွေကို ပေါင်းစပ်ထားပြီး ရှုပ်ထွေးတဲ့ ဒေတာအချက်အလက်တွေကို တွက်ယူခွဲခြမ်းစိတ်ဖြာပြီး မှန်ကန်တိကျတဲ့ အချက်အလက်တွေကို ထုတ်ဖော်နိုင်ဖို့ ရည်ရွယ်သင်ကြားတဲ့ ဘာသာရပ်ပါ။ 

 

မေဂျာနှစ်ခုအတွက် သင်တန်းကာလ

Parami University မှာ PPE နှင့် SDS မေဂျာနှစ်ခုလုံးကို (၄) နှစ် (အချိန်ပြည့်) အွန်လိုင်းကနေတဆင့် တက်ရောက်သင်ယူရမှာပါ။

 

ပေးအပ်မယ့် ဘွဲ့အမျိုးအစား

(၂) နှစ်တာ Associate Degree နှင့် (၄) နှစ်တာ Bachelor Degree များကို Bard College နှင့် Parami University နှစ်ခုလုံးမှ Dual Degree ကိုရရှိမှာဖြစ်ပါတယ်။ ဒါကြောင့် Parami University မှာ တက်ရောက်မယ့် ကျောင်းသူကျောင်းသားတွေအနေနဲ့ (၂) နှစ်အပြီးတွင် Associate ဘွဲ့ (၂) ခုနဲ့ (၄) နှစ်အပြီးတွင် Bachelor ဘွဲ့ (၂) ခု ရရှိမှာပါ။ 

 

ဘွဲ့ကြိုပရိုဂရမ်များကို ဘယ်လို သင်ကြားပေးလဲ?

Parami University ဟာဆိုရင် ပုံမှန်အွန်လိုင်းဘွဲ့ကြိုပရိုဂရမ်တွေနဲ့ မတူဘဲ ကမ္ဘာ့အဆင့်မီ ပါမောက္ခတွေကိုယ်တိုင် အွန်လိုင်းကတစ်ဆင့် မျက်နှာချင်းဆိုင် အပြန်အလှန် မေးမြန်းဆွေးနွေးနိုင်တဲ့ သင်ကြားရေးစနစ်ကို သုံးပြီး သင်ကြားလျက်ရှိပါတယ်။

ပညာရပ်ဆိုင်ရာ ဆရာတွေရဲ့ အကြံပေးပံ့ပိုးကူညီမှုနဲ့ လက်တွေ့ဘဝအတွေ့အကြုံအတွက် သင်ရိုးညွှန်းတမ်းပြင်ပ လှုပ်ရှားမှုတွေအပြင် Student-led projects တွေကိုပါ လုပ်ဆောင်ရမှာဖြစ်ပါတယ်။ 

 

သင်ကြားရေးမှာ အသုံးပြုတဲ့ ဘာသာစကား

ကမ္ဘာ့အဆင့်မီတက္ကသိုလ်ဖြစ်တဲ့အတွက် ဘွဲ့ကြိုပရိုဂရမ်မှာ သင်ကြားရမယ့် အတန်းတိုင်းဟာ အင်္ဂလိပ်ဘာသာစကား တစ်မျိုးတည်းကိုသာ အသုံးပြုသင်ကြားပို့ချပေးတာဖြစ်ပါတယ်။ 

 

(၁၀) တန်းမအောင်သေးရင်ရော လျှောက်ထားလို့ရနိုင်လား?

အကြောင်းအမျိုးမျိုးကြောင့် အထက်တန်းပညာရေး မပြီးဆုံးသေးသူများ၊ အထက်တန်းပညာရေး အောင်လက်မှတ် သို့မဟုတ် အထက်တန်းပညာရေးနဲ့ ညီမျှသော အောင်လက်မှတ်မရှိတဲ့ ‌ကျောင်းသူကျောင်းသားများ၊ အင်္ဂလိပ်ဘာသာစကားကျွမ်းကျင်မှု အထောက်အထားလက်မှတ်မရှိသော ကျောင်းသူကျောင်းသားများဟာ Parami University မှ စစ်ဆေးတဲ့ ဝင်ခွင့်စာမေးပွဲတွေေကို အွန်လိုင်းမှတဆင့် အခမဲ့ ဝင်ရောက်ဖြေဆိုပြီး ကျောင်းလျှောက်ထားနိုင်ပါတယ်။


ကျောင်းသူကျောင်းသားတွေကို ဘာတွေ ထောက်ပံ့ပေးလဲ?

လျှပ်စစ်မီးနဲ့ အင်တာနက်ပုံမှန်မရရှိတဲ့ ကျောင်းသူကျောင်းသားတွေအတွက် Parami University မှ Learning Hub တွေ၊ လိုအပ်တဲ့ Learning Facility တွေကိုပါ စီစဉ်ပေးပါတယ်။ စာဖတ်ဝါသနာပါသူတွေ၊ English Skills တိုးတက်ချင်သူတွေအတွက် Reading Club လည်း ရှိသလို၊ E-Library ကနေလည်း ပညာရေးဆိုင်ရာ စာအုပ်တွေ၊ စိတ်ဝင်စားစရာ ဆောင်းပါးတွေ၊ ဂျာနယ်တွေကို အခမဲ့ ဖတ်ရှုနိုင်ပါတယ်။ 

 

ဒါတွေအပြင် ကျောင်းသားကျောင်းသူတွေအတွက် US နိုင်ငံကို သွားပြီး အလုပ်သင်အခွင့်အလမ်းတွေ ရယူနိုင်ဖို့၊ ထိုင်းနိုင်ငံမှာ နေထိုင်ပြီးကျောင်းတက်နိုင်ဖို့၊ နိုင်ငံတကာက Exchange Program တွေမှာ အတွေ့အကြုံတွေရဖို့ကိုလည်း ထောက်ပံ့စီစဉ်ပေးပါတယ်။ 


ကျောင်းစာသင်နှစ်ကြေး

Parami University မှာ Financial Aid မယူဘဲ ကျောင်းတက်မယ်ဆိုရင် တစ်နှစ်စာကို USD 6,940 ပေးသွင်းရပါတယ်။ 


ကျောင်းဝင်ခွင့် ဘယ်လိုလျှောက်ရမလဲ?

၂၀၂၄-၂၀၂၅ ပညာသင်နှစ်အတွက် ဝင်ခွင့်လျှောက်လွှာပိတ်သွားပြီဆိုပေမဲ့ နောက်ပညာသင်နှစ်အတွက် အခုတည်းက ကြိုတင်ပြင်ဆင်ထားနိုင်ပါတယ်။ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်အတွက် ကျောင်းဝင်ခွင့်ခေါ်ဆိုမှုကို ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလမှာ ပြန်လည် စတင်သွားမှာဖြစ်ကြောင်း သိရပါတယ်။ 

 

ကျောင်းဝင်ခွင့်လျှောက်တဲ့အခါ -

  • Parami Application Portal မှ Online Application Form

>> https://www.parami.edu.mm/apply

  • Personal Statement (300-500 words)
  • Supplement Essay (300-500 words)
  • အထက်တန်းအောင်လက်မှတ် 
  • အင်္ဂလိပ်ဘာသာစကားကျွမ်းကျင်ကြောင်း အထောက်အထား
  • Two Recommendation Letters
  • Financial Aid Form

 

 

ပညာသင်ဆုလျှောက်လို့ရနိုင်လား?

Parami University မှာ ကျောင်းဝင်ခွင့်ရတာနဲ့ ပညာသင်ဆုတွေ လျှောက်လို့ရပါတယ်။ ပေးအပ်တဲ့ ပညာသင်ဆုကတော့ ကျောင်းလခအပြည့်အဝ ကင်းလွတ်ခွင့်အထိ လျှောက်ထားနိုင်တဲ့ Need-based scholarship အမျိုးအစား ဖြစ်ပါတယ်။ Need-based ဖြစ်တဲ့အတွက် အထက်တန်းမှာ အမှတ်တွေမကောင်းခဲ့ရင်တောင် ကြိုးစားချင်စိတ်ရှိရင် အခွင့်အရေးရနိုင်ပါတယ်။ 

 

ကျောင်းလျှောက်ထားပုံအဆင့်ဆင့် 

Online Application လျှောက်ပြီး (၂) ပတ်ကြာတဲ့အခါ လိုအပ်ရင် စာမေးပွဲ ဖြေဖို့ အကြောင်းကြားပါလိမ့်မယ်။ တစ်ပတ်ကြာရင် စာမေးပွဲအောင်တဲ့သူတွေကို အွန်လိုင်းကတဆင့် လူတွေ့စစ်ဆေးပါလိမ့်မယ်။

လူတွေ့စစ်ဆေးပြီး နှစ်ပတ်ကြာရင် Admission Decision Letter ပေးပို့ပါလိမ့်မယ်။ ဒါပြီးရင်တော့ ကျောင်းဝင်ခွင့်ရရှိသွားတဲ့သူတွေရဲ့ Financial Statment ကို Review လုပ်ဖို့ ကျောင်းဘက်က အချိန် (၂) ပတ်၊ (၃) ပတ်လောက်ယူပါတယ်။

နောက်ဆုံးအနေနဲ့ Financial Aid Letter ရရှိသွားတဲ့သူတွေနဲ့ Enrollment အတွက် Emial ကနေတဆင့် အကြောင်းပြန်ပေးမှာဖြစ်ပါတယ်။  

 

Parami Institute of Continuing Education 

Parami Universty မှာ Bachelor Program တွေအပြင် တခြားသော Online Certification Course တွေကိုလည်း အခမဲ့ သင်ယူနိုင်ပါသေးတယ်။ 

  • Humanities, Social Sciences, Arts နဲ့ Sciences တို့ကို လေ့လာနိုင်မယ့် ParamiX
  • English Language ကို လေ့လာချင်သူတွေအတွက် AEM-Parami ELI
  • အတွေးအခေါ် ဖလှယ်ရတာတွေ၊ ကိုယ်ပိုင်သဘောအမြင်ကို ထုတ်ဖော်ရတာတွေ၊ စာအုပ်ဖတ်ရတာတွေကို ဝါသနာပါရင် Parami MOOC
  • Grow with Google နဲ့ ပူးပေါင်းပြီး IT ပိုင်းကို သင်ကြားပေးနေတဲ့ Parami x Google
  • ကမ္ဘာ့သမိုင်းကို ကျယ်ကျယ်ပြန့်ပြန်လေ့လာချင်သူတွေအတွက် Princeton University မှ သင်ကြားပေးမယ့် Parami x Princeton
  • Yale University မှ Online Course တွေကို သင်ကြားနိုင်မယ့် Course Parami x Yale

 

ကျောင်းကို စိတ်ဝင်စားရင်ဖြစ်ဖြစ်၊ အကြောင်းအရာတစ်စုံတစ်ရာ စုံစမ်းမေးမြန်းချင်တာဖြစ်‌ အသေးစိတ် သိရှိလိုပါက [email protected] (သို့) +95 9 45 7864 730 ၊ +95 9 79 3030 555 ၊  +1 646 255 0437 (U.S) တို့ကို ရုံးချိန်အတွင်း ဆက်သွယ်မေးမြန်းနိုင်ပါတယ်။

Website - https://www.parami.edu.mm/

 

Local Read 270 times