၂၀၂၄ ခုနှစ်၊ EducationUSA Forum ပညာရေးဆိုင်ရာပြပွဲတွင် မြန်မာသံရုံးမှ ပါဝင်ပြသ

 

အမေရိကန်နိုင်ငံတွင် ပြီးခဲ့သည့် ဇူလိုင်လ (၃၁) ရက်နေ့၌ ကျင်းပခဲ့ပြုလုပ်ခဲ့သည့် EducationUSA Forum တွင် မြန်မာသံရုံးမှလည်း ပါဝင်ပြသခဲ့ကြောင်း မြန်မာနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးဌာန (MOFA) မှ သိရသည်။ 

 

အမေရိကန်နိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပညာရေးနှင့် ယဉ်ကျေးမှုဆိုင်ရာဗျူရိုက စီစဉ်ကျင်းပသည့် ၂၀၂၄ ခုနှစ်၊ EducationUSA Forum ပညာရေးဆိုင်ရာပြပွဲကို အမေရိကန်နိုင်ငံ၊ ဝါရှင်တန် ဒီစီမြို့ရှိ JW Marriott Hotel ၌ ၃၁-၇-၂၀၂၄ ရက်၊ မွန်းလွဲပိုင်းတွင် ပြုလုပ်ခဲ့ပါသည်။

 

အဆိုပါပြပွဲတွင် ဝါရှင်တန်မြို့၊ မြန်မာသံရုံးလည်း ပါဝင်ပြသခဲ့ပြီး မြန်မာနိုင်ငံနှင့်ပတ်သက်သည့် အချက်အလက်များ၊ မြန်မာနိုင်ငံ၏ ပညာရေးစနစ်နှင့် ဆောင်ရွက်ချက်များ၊  နိုင်ငံတကာကျောင်းသား/ကျောင်းသူများအနေဖြင့် မြန်မာနိုင်ငံရှိ နိုင်ငံခြား ဘာသာတက္ကသိုလ်များ၌ မြန်မာဘာသာစကားသင်ယူနိုင်မှု အစီအစဉ်များနှင့်စပ်လျဉ်း၍ လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကာ၊ တက်ရောက်လာကြသူများ၏ မေးမြန်းမှုများကို ရှင်းလင်းဆွေးနွေးခဲ့ကြကြောင်း သိရပါသည်။ 

 

အဆိုပါပညာရေးဆိုင်ရာပြပွဲသို့ အမေရိကန်နိုင်ငံရှိ နိုင်ငံခြားသံရုံးပေါင်း (၆၀) ကျော် ပါဝင်ပြသခဲ့ကြပြီး၊ အမေရိကန်တက္ကသိုလ်/ကောလိပ်အများအပြားမှ ကိုယ်စားလှယ်များနှင့် EducationUSA စင်တာများမှ ပညာရေးအကြံပေးများ တက်ရောက်ခဲ့ကြပါသည်။ 

 

ပွဲတွင် ပါဝင်ပြသခဲ့သည့် နိုင်ငံခြားသံရုံးများက သက်ဆိုင်ရာနိုင်ငံများ၏ ပညာရေးစနစ်နှင့် အခွင့်အလမ်းများ ဝေမျှဆွေးနွေးခြင်းနှင့် အမေရိကန် တက္ကသိုလ်/ကောလိပ်များမှ ကိုယ်စားလှယ်များက အမေရိကန်နိုင်ငံ၌ အဆင့်မြင့်ပညာသင်ယူနိုင်ရေးဆိုင်ရာ အခွင့်အလမ်းများကို ရှင်းလင်းပြောကြားခြင်းတို့ ပြုလုပ်ခဲ့ကြကြောင်း သိရပါသည်။ 

 

Source - MOFA 

 

Events & Exhibitions Read 305 times