သင်ကြား/သင်ယူမှုပိုင်းမှာ အထောက်အကူပြုတဲ့ Blended-Learning

 

Blended learning ဆိုတာ သမားရိုးကျ မျက်နှာချင်းဆိုင် သင်ကြားပို့ချမှုကို အွန်လိုင်းပညာရေး အရင်းအမြစ်တွေနဲ့ ပေါင်းစပ်ရောနှောထားတဲ့ ပညာရေး နည်းစနစ်တစ်ခု ဖြစ်ပြီး Hybrid Learning လို့လည်း လူသိများပါတယ်။

 

ကျောင်းသားတစ်ဦးချင်းစီရဲ့ လိုအပ်ချက်နဲ့ လိုက်လျောညီထွေမှုရှိတဲ့ သင်ယူမှုအတွေ့အကြုံကို ပေးဆောင်တဲ့အပြင် နေရာဒေသနဲ့ အချိန်မရွေးသော သင်ကြားရေးနည်းစနစ်တစ်ခုဖြစ်တာကြောင့် ကိုဗစ်အလွန်ကာလမှာ ပိုမိုခေတ်စားလာခြင်းဖြစ်ပါတယ်။  


ကျောင်းသားတွေအနေနဲ့ ပေါင်းစပ်သင်ကြားမှုပုံစံ (Blended Learning) နဲ့ သင်ယူရတဲ့အခါ မိမိလေ့လာသင်ယူနေတဲ့ ဘာသာရပ်ကို ကျွမ်းကျင်သည်ထက် ပိုပြီး လုပ်ဆောင်နိုင်မယ့်အပြင် နည်းပညာအသုံးပြုမှုကိုလည်း ကျွမ်းကျင်စေပါတယ်။ 

 

Blended Learning မှာ မတူကွဲပြားတဲ့ Model (၄) ခု ရှိပါတယ်။ 

Rotate Model - အွန်လိုင်းသင်ခန်းစာတွေကို လေ့လာသင်ယူပြီး စာသင်ခန်းအတွင်း သင်ကြားရေး လှုပ်ရှားမှုတွေဖြစ်တဲ့ အဖွဲ့လိုက်ဆွေးနွေးမှု၊ တစ်ယောက်ချင်း ဆွေးနွေးမှုတို့ကို တစ်လှည့်စီပြုလုပ်ခြင်းဖြစ်ပါတယ်။ 

Flex Model - သင်ရိုးမှာ ပါရှိတဲ့ သင်ခန်းစာတွေကို အွန်လိုင်းကနေသာ အဓိက လေ့လာရပေမဲ့ လိုအပ်တဲ့အခါ ဆရာတွေက လူချင်းခေါ်တွေ့ပြီး ပံ့ပိုးကူညီမှုနှင့် လမ်းညွှန်မှုများ ပေးဆောင်ပါတယ်။ 

A La Carte Model - တချို့သင်ခန်းစာတွေကို အွန်လိုင်းမှတဆင့် လေ့လာဖို့ ရွေးချယ်နိုင်ပြီး တချို့သင်ခန်းစာတွေကိုတော့ စာသင်ခန်းအတွင်း လေ့လာသင်ယူနိုင်ပါတယ်။ 
Enriched Virtual Model - ကျောင်းသားတွေက သတ်မှတ်ထားတဲ့ အချိန်ပိုင်းတွင်သာ ကျောင်းသွားဖို့ လိုအပ်ပြီး သင်ခန်းစာ အများစုကို ပြီးမြောက်စေဖို့အတွက်တော့ အွန်လိုင်းသင်ကြားရေးစနစ်ကို အသုံးပြုခြင်းဖြစ်ပါတယ်။ 


Blended Learning ကို ဘာကြောင့် သုံးရတာလဲ? 

 

  • ကိုယ်ပိုင်သင်ယူမှုအတွေ့အကြုံကို ရရှိခြင်း

Blended Learning မှာ ကျောင်းသားတွေက အွန်လိုင်းသင်ခန်းစာတွေကို သတ်မှတ်ထားတဲ့အချိန်တွင်းမှာ စိတ်ကြိုက်အရှိန်အဟုန်ဖြင့် လေ့လာနိုင်ပါတယ်။ ကျောင်းသားတစ်ဦးချင်းစီရဲ့ လိုအပ်မှုပေါ် မူတည်ပြီး သင်ခန်းစာလေ့လာမှုပုံစံ၊ ပေးရတဲ့အချိန်၊ ဆရာတွေ လမ်းညွှန်ပေးရမယ့် အကြောင်းအရာနဲ့ သင်ကြားရေးနည်းပညာတွေက မတူညီနိုင်ပါဘူး။ 

 

  • လိုက်လျောညီထွေရှိခြင်း

အွန်လိုင်းသင်ကြားရေးကို ပေါင်စပ်သင်ကြားရတဲ့ သင်ကြားရေးနည်းစနစ်ဖြစ်တာကြောင့် ကျောင်းသားတွေအတွက် အချိန်မရွေး၊ နေရောမရွေး ဝင်ရောက်လေ့လာနိုင်ပြီး အချိန်အများကြီး ပေးဖို့မအားတဲ့သူတွေအတွက် အဆင်ပြေပါတယ်။ ဥပမာ အလုပ်တစ်ဖက်နဲ့ ကျောင်းတက်နေရသူ၊ တခြားသင်တန်း (သို့) တာဝန်တွေရှိနေသူဆိုရင် အချိန်နေရာ ကန့်သတ်ထားခြင်းမရှိတဲ့အတွက် အကျိုးရှိစေပါတယ်။ 

 

  • စွမ်းရည်တိုးတက်ခြင်း

Blended Learning နဲ့ သင်ယူရတဲ့ ကျောင်းသားတွေက တခြားကျောင်းသားတွေထက် ကိုယ်ပိုင်ဆုံးဖြတ်ချ ချနိုင်ပြီး အချိန်စီမံခန့်ခွဲတတ်လာပါတယ်။ ဒါ့အပြင် အတွေးအခေါ်ပိုင်း ရင့်သန်စေပြီး အချက်အလက်များလည်း ရှာဖွေတတ်လာပါတယ်။ ကိုယ်တိုင်အွန်လိုင်းသင်ကြားရေးအရင်းအမြစ်တွေကို အသုံးပြုရတဲ့အတွက် နည်းပညာအသုံးချမှုစွမ်းရည်လည်း တိုးတက်လာစေပါတယ်။ 

 

  • တက်ကြွစွာပါဝင်ခြင်း

စာသင်ခန်းအတွင်းမှာ သမားရိုးကျ သင်ကြားနေရတာထက် အွန်လိုင်းသင်ကြားရေးကိုပါ ပေါင်းစပ်ထားတာဖြစ်တဲ့အတွက် စာသင်ခန်းအတွင်းမှာ ဂိမ်းကစားတာ၊ ဉာဏ်စမ်းမေးခွန်းတွေ ဖြေဆိုတာ၊ အဖွဲ့လိုက်ဆွေးနွေးမှုတွေမှာ ပါဝင်တာ၊ သင်ခန်းစာနဲ့ဆိုင်တဲ့ ဗီဒီယို ကြည့်ရှုတာ စသဖြင့် သင်ကြားရေးအတွက် အထောက်အကူပြုတဲ့ အရင်းအမြစ်တွေကို သုံးပြီး ကျောင်းသားတွေကို တက်ကြလာအောင် သင်ကြားနိုင်ပါတယ်။ 

 

  • အချိန်ပိုရခြင်း

အွန်လိုင်းကနေမှတဆင့် သီအိုရီပိုင်း သင်ကြားပေးပြီး မေးခွန်းတွေဖြေခိုင်းလိုက်မယ်ဆိုရင် လက်တွေ့လုပ်ဆောင်ရမယ့် လှုပ်ရှားမှုတွေအတွက် စာသင်ခန်းအတွင်း အချိန်ပိုရရှိမှာဖြစ်ပါတယ်။ အွန်လိုင်းကနေ သင်ခန်းစာ ပို့ချမှုကို ကြိုလုပ်ထားတာဖြစ်တဲ့အတွက် သင်ခန်းစာနဲ့ သက်ဆိုင်တဲ့ ဆွေးနွေးမှုတွေ၊ ဖြေရှင်းမှုတွေကို အတန်းတွင်းအချိန်မှာ လုပ်ဆောင်နိုင်မှာဖြစ်ပါတယ်။ 

 

  • သင်ကြားရေးအရင်းအမြစ်များ ပိုမိုရရှိခြင်း

Blended learning မှာ ကျောင်းသားတွေက အွန်လိုင်းဆောင်းပါးတွေ၊ ဗီဒီယိုတွေ၊ သရုပ်ဖော်ပုံတွေ၊ အသံဖိုင်တွေ စတဲ့ မတူကွဲပြားသော သင်ကြားရေးအရင်းအမြစ်များကို လွယ်လွယ်ကူကူ ရရှိစေနိုင်ပါတယ်။ ဒါကြောင့် သမားရိုးကျ စာသင်ခန်းတွေနဲ့ နှိုင်းယှဉ်ပါက ပိုမိုကောင်းမွန်တဲ့ သင်ယူမှုအတွေ့အကြုံကို ရရှိစေတဲ့အပြင် ပုံနှိပ်စာအုပ်တွေ မလိုတော့အတွက်လည်း ကုန်ကျစရိတ်ကို သက်သာစေပါတယ်။ 
 

ကျောင်းသားတွေအနေနဲ့လည်း သင်ယူမှုပိုင်းမှာ တိုးတက်မှုရှိစေသလို ဆရာတွေအနေနဲ့လည်း ကျောင်းသားတစ်ဦးချင်းစီရဲ့ လေ့လာသင်ယူနိုင်မှုစွမ်းရည်ကို သိရှိနိုင်ပြီး လိုအပ်သလို ညွှန်ကြားမှုပေးနိုင်တဲ့အတွက် သင်ပြမှုမှာ ပိုမိုထိရာက်မှုရှိစေပါတယ်။ 

 

High University / College Read 7 times