ရန်ကုန်စီးပွားရေးတက္ကသိုလ်(လှိုင်နယ်မြေ) ထူးချွန်ကျောင်းသားများအား စီးပွားရေးပညာချွန်ဆုပေးမည်

ရန်ကုန်စီးပွားရေးတက္ကသိုလ်(လှိုင်နယ်မြေ) ထူးချွန်ကျောင်းသားများအား စီးပွားရေးပညာချွန်ဆုပေးမည်

ယခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲအောင်မြင်ပြီး ရန်ကုန်စီးပွားရေးတက္ကသိုလ်(လှိုင်နယ်မြေ)သို့ တက်ရောက်ခွင့်ရသူများအနက် ထူးချွန်သူများအား ပညာရေးဝန်ကြီးဌာနက စီးပွားရေးပညာချွန်ဆုပေးမည်ဖြစ်သည်။

ရန်ကုန်စီးပွားရေးတက္ကသိုလ်(လှိုင်နယ်မြေ)သို့ တက်ရောက်ခွင့်ရသူများစာရင်းကို စက်တင်ဘာ၁၇ ရက်တွင် ကြေငြာမည်ဖြစ်ပြီး ယင်းတို့အနက်ထူးချွန်ကျောင်းသား၊ ကျောင်းသူများအား စီးပွားရေးပညာချွန်ဆုပေးအပ်မည်ဖြစ်သည်။

"စီးပွားရေးပညာချွန်ဆုပေးဖို့အတွက် သတ်မှတ်ထားတဲ့ တက္ကသိုလ်ဝင်စာမေးပွဲ ရမှတ်တွေရှိပါတယ်။ အဲဒီအမှတ်တွေ ပြည့်မီတဲ့ ကျောင်းသား၊ ကျောင်းသူတွေကိုပေးတာပေါ့" ဟု အဆိုပါ တက္ကသိုလ်ကျောင်းသားရေးရာဌာန တာဝန်ရှိသူတစ်ဦးက ပြောသည်။

ပညာသင်ဆုရရှိသူများအနေဖြင့် နှစ်စဉ်ဒီဇင်ဘာမှ စက်တင်ဘာအထိ ၁ဝ လတာအတွက် တစ်လလျှင် ကျပ် ၁ဝဝ,ဝဝဝ ပညာသင်ဆုကြေးရရှိမည်ဖြစ်သည်။

ရန်ကုန်စီးပွားရေးတက္ကသိုလ်(လှိုင်နယ်မြေ)ကို၂ဝ၁၅-၁၆ ပညာသင်နှစ်က စတင်ဖွင့်လှစ်ခဲ့ရာထိုနှစ်တွင် စီးပွားရေးပညာချွန်ဆုရရှိသူ ၇၃ ဦး၊ ယခု ၂၀၁၆-၁၇ ပညာသင်နှစ်တွင် ၇၀ ဦး၊ ယခု ၂၀၁၇-၁၈ ပညာသင်နှစ်တွင် ၈၃ ဦးရှိခဲ့သည်။

ရန်ကုန်စီးပွားရေးတက္ကသိုလ်(လှိုင်နယ်မြေ)တွင် Bachelor of Accounting, Bachelor of Population Studies, Bachelor of Public Administration, Bachelor of Development Studies လေးနှစ်ဘွဲ့သင်တန်းများဖွင့်လှစ်ထားသည်။

တက္ကသိုလ်ဝင်စာမေးပွဲ တွင် မည်သည့်ဘာသာတွဲဖြင့် အောင်မြင်သည်ဖြစ်စေ ဇွန်လ ၁၅ ရက်က စကာ တက္ကသိုလ်ဝင်ခွင့် လျှောက်ထားခွင့် ပြုခဲ့သည်။

လျှောက်ထားသူများကို လူတွေ့ နှုတ်ဖြေထပ်မံစစ်ဆေးထားပြီး ဝင်ခွင့်ရပါက စက်တင်ဘာ ၁၇ ရက်မှ အောက်တိုဘာ ၁၇ ရက်အထိ ကျောင်းအပ်ရမည်ဖြစ်သည်။

ဒီဇင်ဘာ ၃ ရက်တွင် စတင်ဖွင့်လှစ်မည်ဖြစ်ပြီး တက္ကသိုလ် အပြောင်းအရွှေ့စာရင်းများ ငြမ်သက်မှသာ ရန်ကုန်စီးပွားရေးတက္ကသိုလ်(လှိုင်နယ်မြေ) တွင် တက်ရောက်သည့် ကျောင်းသား၊ ကျောင်းသူစာရင်းကို သိရှိမည်ဖြစ်ပြီး စီးပွားရေးပညာချွန်ဆုရသူများကို ယင်းအချိန်မှသာ ရွေးချယ်မည်ဖြစ်သည်။

ရန်ကုန်စီးပွားရေးတက္ကသိုလ်(လှိုင်နယ်မြေ) သို့ ပြီးခဲ့သည့် ပညာသင်နှစ်တွင် ပထမနှစ်ကျောင်းသား၊ ကျောင်းသူ ၂၅၇ ဦးတက်ရောက်ခွင့်ရပြီး အမြင့်ဆုံးဝင်ခွင့် အမှတ် ၅၄၂ မှတ်၊ အနိမ့်ဆုံးဝင်ခွင့်အမှတ် ၄၇၇ မှတ်ဖြစ်သည်။

မိမိတို့ တက်ရောက်လိုသည့် သင်တန်းကျောင်းများနှင့် ပုဂ္ဂလိကကျောင်းများကို ရှာဖွေလိုပါက ဒီ Link မှာရှာဖွေနိုင်ပါသည်။

ပညာရေးလမ်းညွှန် website တွင် ပါဝင်သော သင်တန်းများ ကျောင်းများScholarshipKnowledge များနှင့် ပတ်သက်သော အချက်အလက်များကို ၀င်ရောက်ရှာဖွေ ဖတ်ရှုနိုင်ပါတယ်။

source: 7day daily

Local Read 1218 times