KG+12 သင်ရိုးညွှန်းတမ်း အပြောင်းအလဲဟာ ဘာလို့ အရေးကြီးတာလဲ

ကောင်းမွန်သော ဘဝတစ်ခုဟာ ကျောင်းစာသင်ခန်းတွေကနေ အစပြုပါတယ်။ ယနေ့ခေတ်ကမ္ဘာကြီးမှာ ဝင်ဆန့် ကျင်လည်နိုင်ဖို့ဆိုတာ ခေတ်အလိုက်သိကျွမ်း တတ်မြောက်သင့်တဲ့ ပညာရပ်ဆိုင်ရာတွေကို သင်ယူတတ်မြောက် ဖို့က မရှိမဖြစ်လိုအပ်ချက်ပါပဲ။

ဒါကြောင့် သင်ရိုးညွှန်းတမ်းအသစ်တွေ ပြုပြင်ရေးဆွဲခဲ့ရာမှာ ခေတ်နဲ့ အညီ ပြဌာန်းသင့်တဲ့ သင်ရိုးဝင် အ‌ကြောင်းအရာသစ်တွေ၊ ပိုမိုကောင်းမွန်တဲ့ သင်ကြားနည်းနဲ့ စစ်ဆေး အကဲဖြတ်နည်းတွေပါဝင်ဖို့ အပါအဝင် ၂၁ရာစု ကျွမ်းကျင်မှု၊ ဗလငါးတန် ဖွံ့ဖြိုးစေမှုနဲ့ အလယ်တန်း၊ အထက်တန်း ကျောင်းသားတွေ အသက်မွေးဝမ်းကျောင်းဆိုင်ရာ ကျွမ်းကျင်မှုတွေကို အဓိက အလေးပေးထားတဲ့ သင်ရိုးညွှန်းတမ်းအဖြစ် ပြင်ဆင်ရေးဆွဲခဲ့ခြင်း ဖြစ်ပါတယ်။

ပြောင်းလဲထားတဲ့ သင်ရိုးညွှန်းတမ်းအသစ်တွေဟာ ခေတ်နဲ့ ပိုလျော်ညီပြီး၊ နိုင်ငံတကာတွင် အသုံးပြုနေတဲ့ သင်ရိုးညွှန်းတမ်းတွေနဲ့ ကိုက်ညီအောင် ပြောင်းလဲ ပြုပြင်ထားသောကြောင့် ကျောင်းသား/သူတွေ အတွက် အရေး၊ အဖတ်တင်မက၊ အကြားစွမ်းရည်နဲ့ အပြောစွမ်းရည် စတဲ့ စွမ်းရည်လေးရပ် တိုးတက်စေဖို့အတွက် သင်ခန်းစာတွေထဲမှာ စွမ်းရည်လေးမျိုးစလုံးကို ထည့်သွင်းပြင်ဆင်ထားပါတယ်။

သင်ရိုးသစ်ရဲ့ နောက်ပိုင်း တန်းမြင့် Grade တွေအတွက်ဆိုရင်လည်း အလွတ်ကျက်ခြင်းကို အားပေးတဲ့ ပုံစံမျိုးမဟုတ်တော့ပဲ၊ ကိုယ်ပိုင်စဉ်းစားဉာဏ်နဲ့ သင့်လျော်တဲ့ ဘာသာစကားအသုံးအနှုန်းတွေကို သုံးနှုန်း ပြောဆိုတတ်အောင် သင်ကြားစေပါတယ်၊ စုပေါင်းလုပ်ဆောင်တဲ့ အလေ့အထကို ပျိုးထောင်ပေးတဲ့ အနေနဲ့ သင်ခန်းစာတွေမှာ အဖွဲ့လိုက်လုပ်ဆောင်မှုတွေ၊ အတွဲလိုက် လုပ်ဆောင်မှုတွေ ထည့်သွင်းထားပါတယ်။

သင်ရိုးညွှန်းတမ်းအသစ် ပြောင်းလဲခြင်းကို အမျိုးသားပညာရေးမဟာဗျုဟာစီမံကိန်း ၁ ( ၂၀၁၆ - ၂၀၂၁ အရ) အကောင်အထည်ဖော်ခဲ့တာဖြစ်ပြီး ၅-၄-၃ စနစ် ( မူလတန်းမှာ ၅နှစ်၊ အလယ်တန်းမှာ ၄နှစ်၊ အထက်တန်းမှာ ၃နှစ်) နဲ့ သင်ကြားပေးဖို့ ရည်ရွယ်ထားတာဖြစ်ပါတယ်၊ ဒီလို ပြောင်းလဲသင်ကြားခြင်းကြောင့်ပဲ မူလတန်းမှ အလယ်တန်းအဆင့် ကူးပြောင်းခြင်းမှာ ကျောင်းထွက်နှုန်း လျော့ကျသွားပြီး ကိန်းဂဏန်း အချက်အလက်များအရ ၂၀၁၅- ၁၆ ပညာသင်နှစ်မှာ မူလတန်းအဆင့် အောင်မြင်သူဉီးရေ ( ၈၂၆,၄၁၂) သာရှိခဲ့ရာမှ ၂၀၁၉ - ၂၀၂၀ ပညာသင်နှစ်မှာ ( ၉၈၁,၀၇၅ ) ဦးရေ ရှိခဲ့တာ တွေ့ရှိရပါတယ်။

နိုင်ငံတကာသတ်မှတ်စံနှုန်းများနဲ့အညီ ဘဝ၊ အလုပ်ခွင်နဲ့ ပညာဆက်လက်သင်ကြားရေးတို့အတွက် လိုအပ်တဲ့ ဗဟုသုတ၊ ကိုယ်ရည်ကိုယ်သွေးတိုးတက်ဖို့ လက်တွေ့ကျွမ်းကျင်မှုများကို ဖြည့်ဆည်း ထည့်သွင်း သင်ကြားပေးတဲ့အတွက် သင်ရိုးသစ် သင်ရိုးညွှန်းတမ်းတွေဟာ အရေးပါတဲ့ သင်ရိုးညွှန်းတမ်း အပြောင်းအလဲ တစ်ခု ဖြစ်ပါသည်။ 

MDEP: Myanmar Digital Education Platform

Latest Post Read 4717 times