ကိုဗစ်အလွန်ကာလ တစ်ကမ္ဘာလုံးရှိ ကလေးများပညာရေးအတွက် ကန်ဒေါ်လာ ၅ ဘီလီယံအထိ ထောက်ပံ့မည်

ဗြိတိန်ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင်နှင့်  ကင်ညာသမ္မတ ကန်ယာတာတို့နှစ်ဦးက ကိုဗစ်-၁၉  အလွန်ကာလတွင် ကမ္ဘာတစ်ဝန်းရှိ  ကလေးငယ်များ၏  ပညာရေးအတွက် အမေရိကန်ဒေါ်လာ ငါးဘီလီယံအထိ တိုးမြှင့်ထောက်ပံ့ရေး အစီအစဉ်တစ်ရပ်ကို ယမန်နေ့က သဘောတူခဲ့ကြကြောင်း သိရသည်။ ကပ်ရောဂါကာလအတွင်း   မဖွံ့ဖြိုးသေးသည့်နိုင်ငံများမှ ကလေးငယ်တို့မှာ  ကျောင်းမတက်ရဘဲ  အိမ်မှာသာ နေနေကြရသည်။  ယူနက်စကို၏  အစီရင်ခံစာတွင် ကလေးငယ်  သန်းပေါင်း  ၁၃၀၀  တို့မှာ ကျောင်းစာသင်ခန်း များနှင့်  ဝေးကွာနေရပြီး ကလေးငယ်များ၏  ပညာရေးကောင်းမွန်အောင် တည်ဆောက်ပေးရေးက စီးပွားရေးမြင့်တက်အောင် ကြိုးစားရေးထက် ပိုမိုဂရုစိုက်ရမည့် ကိစ္စရပ်ဖြစ်ကြောင်း သတိပေးထားသည်။ 

နှစ်နိုင်ငံခေါင်းဆောင်တို့က လာမည့် ၂၀၂၁  ခုနှစ် နှစ်လယ်တွင်ကျင်းပမည့်  ပညာရေးထိပ်သီးအစည်းအဝေး၌ ကလေးများပညာရေးမြှင့်တင်ပေးနိုင်ရေး အသေးစိတ် အစီအစဉ်ကို ချပြမည်ဖြစ်ကြောင်းလည်း ထုတ်ပြန်ခဲ့သည်။ ဘောရစ်ဂျွန်ဆင်နှင့်  ကန်ယာတာတို့က  အစည်းအဝေးသို့ တက်ရောက်လာသော အခြားနိုင်ငံတကာခေါင်းဆောင်များ ကိုလည်း ကလေးများ၏ပညာရေးအတွက် ထောက်ပံ့ပေးရေးနှင့်   ကမ္ဘာလုံးဆိုင်ရာပညာရေးမိတ်ဖက် အစီအစဉ်တစ်ရပ် ထူထောင်ရေးကိုလည်း တိုက်တွန်းသွားမည် ဖြစ်သည်။ ကိုဗစ်-၁၉ ရောဂါမဖြစ်မီ ကမ္ဘာတစ်ဝန်းကျောင်းမတက်ရသည့် ကလေးငယ်အရေအတွက်မှာ သန်း ၅၀၀ သာရှိနေရာမှ ကိုဗစ်-၁၉ ကာလအတွင်း သန်း ၁၃၀၀ ကျော်အထိ ဖြစ်လာခြင်းဖြစ်သည်။ 

ရောဂါပြန့်ပွားမှုဆိုးရွားသည့် အခြေအနေကြောင့်  မဖွံ့ဖြိုးသေးသည့်နိုင်ငံများမှ ကလေးငယ်များမှာ အွန်လိုင်းမှ ပညာသင်ကြားနိုင်ခြင်းမရှိဘဲ ကျောင်းများကို လုံးဝပိတ် ထားရသည်။ ကျောင်းများပိတ်ထားသည့် ကာလအတွင်း မိန်းကလေးငယ်များမှာ အရွယ်မတိုင်မီအတင်းအဓမ္မ လက်ထပ်ခိုင်းခြင်း၊ ကိုယ်ဝန်ဆောင်ရခြင်း စသည့် ပြဿနာ ရပ်များနှင့်ကြုံတွေ့နေရပြီး စစ်ဖြစ်ပွားနေသည့် ဒေသများတွင် နေထိုင်ကြသည့် ယောကျ်ားလေးများမှာလည်း လက်နက်ကိုင်တပ်များသို့ အတင်းအဓမ္မဝင်ရောက်စေခြင်း  စသည့် ဖြစ်ရပ်များ ကြုံတွေ့နေရသည်။ 

ယခု အစီအစဉ်သာ ဖြစ်ပေါ်လာပါက မဖွံ့ဖြိုးသေး သည့်နိုင်ငံများမှ ကလေးငယ်များ ကောင်းမွန်သည့် ပညာရေးဆိုင်ရာ အထောက်အပံ့များ ရရှိလာဖွယ်ရှိသည်။ 

Source: The Mirror Daily

Latest Post Read 918 times