နိုင်ငံတော်ဘဏ္ဍာဖြင့် ပေးအပ်မည့် တက္ကသိုလ်ပညာသင်ထောက်ပံ့ကြေးဆု လျှောက်ထားနိုင်

နိုင်ငံတော်ဘဏ္ဍာဖြင့် ပေးအပ်မည့် တက္ကသိုလ်ပညာသင်ထောက်ပံ့ကြေးဆု လျှောက်ထားနိုင်

တက္ကသိုလ်တက်ရန် အခက်အခဲရှိသူများအနေဖြင့် နိုင်ငံတော်ဘဏ္ဍာဖြင့် ပေးအပ်မည့် တက္ကသိုလ်ပညာသင်ထောက်ပံ့ကြေးဆု လျှောက်ထားနိုင်ကြောင်း ၂၀၁၈ ခုနှစ် တက္ကသိုလ်လမ်းညွှန်တွင် ကြေညာထားသည်။

ဆင်းရဲနွမ်းပါးသဖြင့် တက္ကသိုလ်ပညာဆက်လက်သင်ကြားရန် အခက်အခဲရှိသူများအား စာမေးပွဲကျရှုံးခြင်းနှင့် ကျောင်းစည်းကမ်းဖျက်ခြင်းမရှိလျှင် ဘွဲ့ရသည်အထိ တက္ကသိုလ်ပညာသင် ထောက်ပံ့ကြေး ချီးမြှင့်မည် ဖြစ်သည်။

၂၀၁၈ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲအောင်မြင်ပြီး ၂၀၁၈ ဒီဇင်ဘာတွင် ပထမနှစ်သင်တန်း တက်ရောက်မည့် ကျောင်းသား/သူများသည် တက္ကသိုလ်ပညာသင် ထောက်ပံ့ကြေးလျှောက်ထားနိုင်ပြီး တစ်လလျှင် ကျပ်သုံးသောင်း ထောက်ပံ့ပေးမည် ဖြစ်သည်။

ပညာသင်ထောက်ပံ့ကြေးလျှောက်ထားလိုသူများသည် တက္ကသိုလ်ဝင်ခွင့် လျှောက်လွှာအိတ်တွင် ပါရှိသည့် ပညာသင်ထောက်ပံ့ကြေးဆု လျှောက်လွှာကို မိမိနေထိုင်သော မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနသို့ ပေးပို့ရမည်ဖြစ်သည်။

မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက လိုအပ်သလို စိစစ်ရွေးချယ်ပြီး အဆင့်မြင့် ပညာဦးစီးဌာန (ရန်ကုန်) သို့ ပေးပို့မည် ဖြစ်သည်။

လစာနည်းနိုင်ငံ့ဝန်ထမ်းများ၏ သားသမီးများနှင့် ဆင်းရဲနွမ်းပါးသဖြင့် တက္ကသိုလ်ပညာဆက်လက်သင်ကြားရန် အခက်အခဲရှိခြင်း၊ ဆင်းရဲနွမ်းပါးသည့် အခြေအနေချင်းတူလျှင် ပညာတော်သူ ဖြစ်ခြင်း စသည့် အချက်များအပေါ် စိစစ်ကာ ပညာသင်ထောက်ပံ့ကြေးဆုပေးမည် ဖြစ်သည်။

ပညာသင်ထောက်ပံ့ကြေးဆုကို တစ်အိမ်ထောင်လျှင် တစ်ဦးသာ ခံစားခွင့်ရှိသည်ဟု သတ်မှတ်ထားသည်။

ပညာရေးဝန်ကြီးဌာနအနေဖြင့် ယခင်နှစ်များကတည်းက ယင်းပညာသင်ထောက်ပံ့ကြေးပေးအပ်ခဲ့သော်လည်း ငွေပမာဏကို ခေတ်နှင့်လျော်ညီစွာ တိုးပေးခြင်းမရှိ၍ ကျောင်းသား/သူများ စိတ်ဝင်စားမှု နည်းလာပြီး ရပ်ဆိုင်းထားခဲ့သည်။

၂၀၁၅-၁၆ ပညာသင်နှစ်တွင် ထိုအစီအစဉ် ပြန်လည်စတင်ကာ တစ်ဦးလျှင် ကျပ်သုံးသောင်းနှုန်းဖြင့် ၁၀ လ ထောက်ပံ့ပေးခြင်းကြောင့်ပညာသင်ထောက်ပံ့ကြေး လျှောက်ထားမှု များ ရှိလာသည်။

၂၀၁၇-၁၈ ပညာသင်နှစ်တွင် နိုင်ငံအနှံ့ရှိ တက္ကသိုလ်ကျောင်းသား/သူ ၆,၁၂၉ ဦးကို နိုင်ငံတော်ဘဏ္ဍာဖြင့် ပညာသင်ထောက်ပံ့ကြေး ပေးအပ်ထားသည်။

ပညာရေးလမ်းညွှန်website တွင်မြန်မာတစ်နိုင်ငံလုံးတွင် ပြောင်းလဲနေသော ပညာရေးအခြေအနေများအခမဲ့ ပညာရေးသင်ကြားပေးနေသည့် သင်တန်းကျောင်းများ၊ ပြည်တွင်း၊ ပြည်ပပညာသင်ဆုများ၊ ပညာရေးအတွက် သင်တန်းများ၊ အလုပ်ခွင်ဝင်ရန် လိုအပ်သော သင်တန်းများ စသည်တို့ပါဝင်ပါတယ်နော်...။

source: 7day

Local Read 4680 times