တက္ကသိုလ်ကျောင်းအပ်နှံရေးကိစ္စများကို မတ် (၁၇) မှစပြီး အွန်လိုင်းစနစ် ကျင့်သုံးမည်

ပညာရေးဝန်ကြီးဌာနရှိ တက္ကသိုလ်များတွင် မတ် (၁၇) ရက် (တနင်္လာနေ့) မှစတင်၍ ကျောင်းဝင်မှတ်ပုံတင်ခြင်း၊ ကျောင်းဝင်ကြေးနှင့် ကျောင်းလခများအတွက် အွန်လိုင်းစနစ်ကို ကျင့်သုံးသွားမည်ဖြစ်ကြောင်း သိရသည်။ 

ပညာရေးဝန်ကြီးဌာနမှ အကြီးအကဲများ၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ တာဝန်ရှိသူများ၊ သက်ဆိုင်ရာ ဘဏ်နှင့်ငွေကြေးအဖွဲ့အစည်းများမှ ဦးစီးကော်မတီဝင်များက မတ်လ (၁၁) ရက်တွင် နေပြည်တော် ပညာရေးဝန်ကြီးဌာန ရုံးအမှတ် (၁၃) ၌ အစည်းအဝေး ပြုလုပ်ခဲ့သည်။  

အဆိုပါအစည်းအဝေးတွင် တက္ကသိုလ်ကျောင်းသားများ၏ ကျောင်းဝင်မှတ်ပုံတင်ခြင်း (Registration) နှင့် ကျောင်းဝင်ကြေး၊ ကျောင်းလခများကို Online Payment ၊ Mobile Wallet ဖြင့် ပေးသွင်းခြင်းတို့အား ချိတ်ဆက်ဆောင်ရွက်နိုင်ရေးကို ဆွေးနွေးပြောကြားခဲ့သည်။ 

တက္ကသိုလ်နေ့သင်တန်းနှင့် အဝေးသင်ကျောင်းသားများ၏ ကျောင်းဝင်မှတ်ပုံတင်ခြင်းနှင့် ကျောင်းဝင်ကြေး၊ ကျောင်းလခပေးသွင်းခြင်းများကို မိမိတို့ နှစ်သက်ရာ Online Payment ၊ Mobile Wallet တို့ဖြင့် စတင်ဆောင်ရွက်နိုင်ပြီဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးက အစည်းအဝေးတွင် ပြောကြားခဲ့သည်။  

တက္ကသိုလ်ကျောင်းသားများ ငွေသားဖြင့် ကျောင်းဝင်ကြေး၊ ကျောင်းလခ ပေးသွင်းခြင်းအစား ဒစ်ဂျစ်တယ်ငွေကြေး (Digital Currency) သုံးစွဲခြင်း အလေ့အကျင့်ကို ပြောင်းလဲကျင့်သုံးတတ်စေရန် ရည်ရွယ်ပြီး မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ MMQR စနစ်တွင် ချိတ်ဆက်ထားသော ဘဏ်အဖွဲ့အစည်းများနှင့် အွန်လိုင်းငွေပေးချေခြင်းကို မတ် (၁၇) ရက် (တနင်္လာနေ့) မှစတင်၍ ပညာရေးဝန်ကြီးဌာနရှိ တက္ကသိုလ်များတွင် စတင်ကျင့်သုံးမည်ဖြစ်ကြောင်း သိရသည်။ 

အွန်လိုင်းမှတဆင့် ကျောင်းအပ်နှံခြင်းကို ပညာရေးဝန်ကြီးဌာန၏ ဝက်ဘ်ဆိုက်ဒ်ဖြစ်သော https://sms.moe.gov.mm တွင် ပြုလုပ်နိုင်ပြီး အခက်အခဲတစ်စုံတစ်ရာရှိပါက ဖုန်းနံပါတ် 09421742448၊ 09448052474 တို့ကို ဆက်သွယ်နိုင်ကြောင်း ဖော်ပြထားသည်။

Source - MYANMAR NATIONAL PORTAL

Latest Post Local News Read 295 times