နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များ စက်မှုလက်မှုပညာသင်တန်းကျောင်းအား ဖွင့်လှစ်ရန် စီစဉ်ထားရှိ

နယ်စပ်ရေးရာဝန်ကြီးဌာန ပညာရေးနှင့်လေ့ကျင့်ရေး ဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးတင်မောင်မြင့်သည် ယနေ့မွန်းလွဲ ၁၂ နာရီခွဲတွင် ရှမ်းပြည်နယ် (တောင်ပိုင်း)မြို့နယ်များရှိ တိုင်းရင်းသားလူငယ်များအတွက်အသက်မွေးဝမ်းကျောင်း ပြုနိုင်မည့် သင်တန်းများ စဉ်ဆက် မပြတ် ဖွင့်လှစ်ပေးနိုင်ရေး  ရည်ရွယ်၍  ဆောက်လုပ်ရေး သင်တန်း၊ လျှပ်စစ်သင်တန်း၊ ဂဟေသင်တန်း၊ မော်တော် ယာဉ်နှင့် စက်ပြင်သင်တန်းနှင့်  လက်ကိုင်ဖုန်းပြင်သင်တန်း များ ဖွင့်လှစ်သင်ကြားပေးရန်  ဆောင်ရွက်ထားသည့်  နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များ စက်မှုလက်မှုပညာ သင်တန်းကျောင်း (အောင်ပန်း) သို့ ရောက်ရှိခဲ့ပြီး လေးထပ် အလုပ်ရုံ စာသင်ခန်းမ၊ သုံးထပ်သင်တန်းသား အိပ်ဆောင်၊ လေးခန်းတွဲ သုံးထပ်ဝန်ထမ်းအိမ်ရာ၊ စတိုဆောင်နှင့် ထမင်းချက်ဆောင်တို့  အသင့်ပြင်ဆင်ထားမှု အခြေအနေ များနှင့် သင်တန်းအလိုက် သင်ထောက်ကူပစ္စည်းများ၊ လက်တွေ့ခန်းသုံးပစ္စည်းများဖြင့် သင်ကြားပေးရန် ဆောင်ရွက်ထားမှုများအား ကြည့်ရှုစစ်ဆေးကာ ကိုဗစ်-၁၉ ကာလအလွန် သင်တန်းကျောင်းဖွင့်ပွဲပြုလုပ်၍  သင်တန်း များ ဖွင့်လှစ်နိုင်ရေး လိုအပ်သည်များ စီမံဆောင်ရွက်ပေးသည်။ 

ကိုဗစ်-၁၉ ရောဂါ ပြန့်ပွားမှုထိန်းချုပ်နိုင်ပြီး သင်တန်းများ ဖွင့်လှစ်ရန် ခွင့်ပြုမိန့်များရရှိသည်နှင့် အသက်မွေးဝမ်းကျောင်းသင်တန်းများ ပြန်လည်ဖွင့်လှစ် မည့် စက်မှုလက်မှုသင်တန်းကျောင်း ရှစ်ကျောင်းတို့တွင် ကြိုတင်ပြင်ဆင် ဆောင်ရွက်ထားပြီးဖြစ်ကြောင်းနှင့် ဖွင့်လှစ်ပြီး စက်မှုလက်မှုသင်တန်းကျောင်းတို့မှ ယနေ့အထိ ၅၅၀၄ ဦး သင်တန်းဆင်းပေးနိုင်ခဲ့ကာ အလုပ်အကိုင်ရရှိသူ ၂၁၈၇  ဦးရှိသဖြင့် ရာခိုင်နှုန်းအားဖြင့်  ၃၉  ဒသမ  ၇၃ ရာခိုင်နှုန်း အလုပ်အကိုင်အခွင့်အလမ်း ဖန်တီးပေးနိုင်ခဲ့၍ ယခု အောင်ပန်းစက်မှုလက်မှုသင်တန်းကျောင်းဖွင့်လှစ်နိုင်ပါက ရှမ်းပြည်နယ် (တောင်ပိုင်း) မှ တိုင်းရင်းသားများအတွက် အလုပ်အကိုင်များ ပိုမိုဖန်တီးပေးနိုင်မည်ဖြစ်သည်။

ထို့အတူ အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်း ပညာသင်တန်းကျောင်း ၄၆ ကျောင်း ပြန်လည်ဖွင့်လှစ် နိုင်ရေး ကြိုတင်ပြင်ဆင်ဆောင်ရွက်လျက်ရှိကြောင်းနှင့် ယနေ့ အထိ အိမ်တွင်းမှုသင်တန်းသူ ၉၁၂၀၆ ဦးနှင့် ဟိုတယ်ဝန်ဆောင်မှုဆိုင်ရာ သင်တန်းသား သင်တန်းသူ ၆၀၀ စုစုပေါင်း ၉၁၈၀၆ ဦး  သင်တန်းဆင်းပေးနိုင်ခဲ့ပြီး အလုပ်အကိုင်ရရှိသူ  ၄၁၂၁၅   ဦးရှိသဖြင့် ရာခိုင်နှုန်းအားဖြင့် ၄၄ ဒသမ ၉၀ ရာခိုင်နှုန်း အလုပ်အကိုင်အခွင့်အလမ်း ဖန်တီးပေးနိုင်ခဲ့သည်။

ထိုသို့ အလုပ်အကိုင်အခွင့်အလမ်း ဖန်တီးပေးနိုင်ခဲ့ ခြင်းအားဖြင့် နိုင်ငံတော်မှ အကောင်အထည်ဖော်ဆောင်ရွက် လျက်ရှိသည့် Technical and Vocational Education and Training (TVET) နည်းပညာနှင့် သက်မွေးပညာရေးနှင့် လေ့ကျင့်ရေးလုပ်ငန်းစဉ်များ ပိုမိုအောင်မြင်မှုရရှိစေမည် ဖြစ်ပြီး လူမှုစီးပွားဘဝ မြှင့်တင်ပေးနိုင်ရေး အထောက်အကူ ပြုလျက်ရှိကြောင်း သိရသည်။

The Mirror News (သတင်းစဉ်)

Latest Post Read 703 times