စနစ်သစ်ဆရာခန့်ထားမှု မူဘောင်အရ ရာထူးပြောင်း ဆရာ/ဆရာမများ နစ်နာမှုများရှိ

ပညာရေးဝန်ကြီးဌာန အခြေခံပညာဦးစီးဌာနလက်အောက်ရှိ အခြေခံ ဆရာ/ဆရာမများကို စနစ်သစ်ဆရာခန့်ထားမှု မူဘောင်တွင် မူလတန်းအဆင့်သင်ကျောင်းများရှိ အလယ်တန်းပြ လယ်ပြ (၂) ဆရာ/ဆရာမများအား ဒုတိယမူလတန်းပြများအဖြစ် ရာထူးပြောင်းရန် သတ်မှတ်ချက်အရ ရာထူးလျော့သွားသည့်အတွက် အခွင့်အရေး နစ်နာဆုံးရှုံးမှုများ ရှိနေကြောင်း အလယ်တန်းပြဆရာ/ဆရာမများထံမှ သိရသည်။

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ကောင်စီ နယ်မြေအတွင်း မြို့နယ်အသီးသီးရှိ အခြေခံပညာအလယ်တန်းအဆင့်သင်ကျောင်းများရှိ အလယ်တန်းပြ (၂) များအား အလယ်တန်းအဆင့်တွင် သင်ကြားပါက ဒုတိယအလယ်တန်းပြများအဖြစ်လည်းကောင်း၊ မူလတန်းအဆင့်တွင် သင်ကြားပါက ဒုတိယမူလတန်းပြများအဖြစ်လည်းကောင်း ရာထူးပြောင်းရန်နှင့် မူလတန်းအဆင့်သင်ကျောင်းများရှိ အလယ်တန်းပြ (မူတာဝန်) လယ်ပြ (၂ ) များအား ဒုတိယမူလတန်းပြများအဖြစ် ရာထူးပြောင်းရန်ဖြစ်ပါသဖြင့် မိမိမြို့နယ်အတွင်းရှိ အလယ်တန်းအဆင့်သင်ကျောင်းများရှိ အလယ်တန်းပြ (၂ )များစာရင်းနှင့် မူလတန်းအဆင့်သင်ကျောင်းများရှိ အလယ်တန်းပြ (၂ )များစာရင်းကို စာရင်းပြုစု၍ နေပြည်တော်ပညာရေးမှူးရုံးသို့ ( ဒီဇင်ဘာ ၉ ရက်) အရောက်ပေးပို့ရန် အခြေခံပညာဦးစီးဌာနမှ (ဒီဇင်ဘာ ၄ ရက်) ရက်စွဲဖြင့် မြို့နယ်ပညာရေးမှူးရုံးများသို့ အကြောင်းကြားစာ ပေးပို့ထားသည်။

"အမတို့က အလယ်တန်းပြဖြစ်ပြီးသား။ လက်မှတ်ရပြီးသူတွေပါ။ မူပြကို ဖြတ်ကျော်ပြီးမှ လယ်ပြကိုပြန်လျောက်ရမယ်ဆိုတော့ အခုကရာထူးလျော့နေကြပြီ။ မူကျောင်းရောက် လယ်ပြတွေက မူကျောင်းပိုပြီး ဒုမူပြဖြစ်မှာ။ ဒုမူပြနဲ့ဒုလယ်ပြလစာက တူတူပဲ။ ဒါပေမယ့် အလယ်တန်းမှာပဲ အမတို့က သင်လာကျတော့ မိမိဆန္ဒအလျောက် ရွေးချယ်ခွင့်ရစေချင်တာပါ။

လယ်တာ၀န်နဲ့ပဲ လယ်ပြပဲဖြစ်စေချင်ပါတယ်။ မဆိုင်တဲ့မူကိုပို့ပြီး ဒုမူပြဆိုတော့ မူပြထက်တစ်ဆင့်နိမ့်ပါတယ်။ အရင်က မူအုပ်ပြီးရင် လယ်ပြပါ။ အခုက မူကျောင်းရောက်ရင် လယ်ပြဖြစ်ပြီးသားကို လယ်ပြပြန်လျောက်ခိုင်းတာ မတရားပါဘူး" ဟု အ.မ.က (၂၉)၊ မင်္ဂလာဒုံမြို့နယ်မှ အလယ်တန်းပြဆရာမ ဒေါ်ဇင်မာ၀င်း က ပြောသည်။

အဆိုပါစနစ်သစ်ဆရာခန့်ထားမှု မူဘောင်အရ မူလတန်းအဆင့်သင်ကျောင်းများရှိ အလယ်တန်းပြ လယ်ပြ (၂ )ဆရာ/ဆရာမများအား ဒုတိယမူလတန်းပြများအဖြစ် ရာထူးပြောင်းခံရသည့် ဆရာ၊ ဆရာမများ၏ နစ်နာဆုံးရှုံးမှုများအတွက် (ဒီဇင်ဘာ ၁၁ ရက်) တွင် သက်ဆိုင်ဌာနများသို့ အသနားခံစာတင်သွားမည်ဖြစ်ကြောင်း သိရသည်။

"အခုလယ်ပြ (၂) လုပ်ထားတဲ့ ဆရာ/ဆရာမ အားလုံးက အလယ်တန်းပြ စစ်စစ်တွေပါ။ မူလတန်းကျောင်းတွေရဲ့ လိုအပ်ချက်အရ မူလတန်းကျောင်းကို ပညာရေးဝန်ကြီးကိုယ်တိုင်က ပို့လိုက်တာ။ အခုကျတော့ စနစ်သစ်ကို သွားတော့မယ်ဆိုတော့ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ကျောင်းတွေကို မရှာပေးချင်တာနဲ့ မူလတန်းကျောင်းရောက်နေတဲ့ ဆရာ/ဆရာမတွေကို မူလတန်းပြပဲ ပြန်လုပ်ရမယ်ဆိုပြီးတော့ လုပ်တာ။ ရပြီးသား ရာထူးအမြင့်ကနေ ရာထူးအနိမ့်ကို ဆင်းရမယ်ဆိုတော့ ကျွန်မတို့က ဘာပြစ်မှုမှ လုပ်ထားတာလဲ မဟုတ်တော့ လက်မခံနိုင်ပါဘူး။

စာတင်ဖို့ လူစုနေတဲ့ မနက်ဖြန် စာအပြီး တင်နိုင်အောင်လုပ်နေတယ်။ အဆုံးထိ သွားမှာပါ"ဟု ရှမ်းပြည်နယ်(တောင်ပိုင်း)လွိုင်လင်မြို့၊ အ.မ.က ပန်ခေါက်ဝိုးမှ အလယ်တန်းပြဆရာမ ဒေါ်အေးအေးသိန်းက ပြောသည်။

ဆရာ၊ ဆရာမများ၏ နစ်နာမှုများကို ပညာရေးဝန်ကြီးဌာနအနေဖြင့် အမြန်ဆုံးဖြေရှင်းပေးရန် လိုအပ်ပြီး ဖြေရှင်းမှုများ ဆောင်ရွက်ပေးခြင်း မရှိပါက ဆန္ဒထုတ်ဖော်ခြင်းများကို ဆက်လက် လုပ်ဆောင်သွားမည် ဖြစ်ကြောင်း ဆရာ/ဆရာမများထံမှသိရသည်။

Source: စံတော်ချိန်

Latest Post News Read 11688 times