"ဝ''ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန်ခရိုင်၊ ဟိုပန်မြို့နယ်တွင် ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအတွက် မဲရုံများတွင် တာဝန်ထမ်းဆောင်ရန် နေရပ်အသီးသီးမှ ပြန်လည်ရောက်ရှိလာကြသည့် ဆရာ/ဆရာမများကို အခြေခံပညာအထက်တန်းကျောင်း၌ Facility Quarantine အသွားအလာ ကန့်သတ်မှု(၁၄)ရက် ထားရှိကြောင်း သိရသည်။
အသွားအလာကန့်သတ်ထားရှိမည့် ကျန်းမာရေးစောင့်ကြည့်မှု စင်တာအဖြစ် အခြေခံပညာအထက်တန်းကျောင်းနှင့် မြို့နယ်အားကစားကွင်းတို့ကို စီစဉ်ထားသည်။ အောက်တိုဘာလ (၅)ရက် မှ (၁၀) ရက်အထိ အခြေခံပညာအထက်တန်းကျောင်း ကျန်းမာရေးစောင့်ကြည့်မှု စင်တာတွင် ဆရာ၊ ဆရာမ စုစုပေါင်း (၃၃)ဦး ရောက်ရှိနေပြီဖြစ်သည်။
ကျန်းမာရေးစောင့်ကြည့်မှုစင်တာရှိ ဆရာ/ဆရာမများကို မြို့နယ်ကျန်းမာရေးဌာနမှ တာဝန်ရှိသူများနှင့် ပညာရေးဝန်ထမ်းများက နေ့စဉ်အပူချိန်တိုင်းတာခြင်း၊ ကျန်းမာရေးစစ်ဆေးခြင်းများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
Source: MRTV