အမျိုးသားပညာရေးမဟာဗျူဟာစီမံကိန်း (၂၀၂၁-၂၀၃၀) (National Education Strategic Plan - NESP) (2021-2030) ရေးဆွဲရေးအတွက် ဆရာသမဂ္ဂများ၊ ဆရာအသင်းအဖွဲ့များ၊ ဆရာဆရာမများနှင့် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့ နံနက် ၉:၀၀နာရီတွင် နေပြည်တော်၊ ပညာရေးဝန်ကြီးဌာန ရုံးအမှတ် (၁၃) မှ အွန်လိုင်း စနစ်ဖြင့် ကျင်းပသည်။
အစည်းအဝေးသို့ ပညာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး၊ ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်း၊ ပညာရေးဝန်ကြီးဌာနမှ အမြဲတမ်းအတွင်းဝန်နှင့် ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ်များ၊ ဆရာသမဂ္ဂများ၊ ဆရာအသင်းအဖွဲ့များ၊ ဆရာဆရာမများနှင့် သက်ဆိုင်ရာတာဝန်ရှိသူ များ အွန်လိုင်းဖြင့် ပါဝင်ဆွေးနွေးကြသည်။
အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးက ယနေ့ ဆွေးနွေးပွဲသို့ အချိန်ပေးပြီးတက်ရောက်လာကြသည့် ဆရာဆရာမများအားလုံးကို တန်ဖိုးထားလေးစားပါကြောင်း၊ အားလုံး၏ပူးပေါင်းဆောင်ရွက်မှုသည် ပညာရေး အရည်အသွေးအတွက် အရေးကြီးပါကြောင်း၊ အားလုံးဆက်လက်ပြီး ညီညီညွတ်ညွတ်နှင့် ပူးပေါင်းဆောင်ရွက် ပေးကြရန်မေတ္တာရပ်ခံပါကြောင်း၊
ပညာရေး ၄.၀ သို့ ခုန်ကျော်သွားခြင်း၊ ကျောင်းသား၊ကျောင်းသူများကို ဗဟိုချက်တွင်ထားခြင်း (Leapfrogging to Education 4.0: Student at the Core, November 2017, FICCI, page-19)၊ OECD အနာဂတ် ပညာရေးနှင့် ကျွမ်းကျင်မှုများ ၂၀၃၀၊ OECD သင်ယူမှု နယ်ပယ် ၂၀၃၀ (OECD Future of Education and Skills 2030: OCED Learning Compass 2030 Pg-12) စသည်တို့ကို လေ့လာပါက စက်မှုနှင့် ပညာရေး ယှဉ်တွဲပြောင်းလဲမှုများကို စိစစ်တွေ့ရှိရမည်ဖြစ်ပါကြောင်း၊
၁၈ ရာစုတွင် ရေနွေးငွေ့စက်ရုံများ ဆန်းသစ်တီထွင် ဖန်တီးနိုင်ခဲ့သည်ကို စက်မှုပြောင်းလဲရေး ၁.၀ (Industry 1.0) ဟု သတ်မှတ်ခဲ့ပါကြောင်း၊ ထိုကာလ၌ ပညာရေး ၁.၀ (Education 1.0)ဆိုသည်မှာ ဆရာများမှာ အနည်းဆုံး ပညာအရည်အချင်းသတ်မှတ်ချက်မရှိခဲ့ပါကြောင်း၊ သင်ရိုးညွှန်းတမ်းမှာလည်း သတ်မှတ်ချက်မရှိဘဲ တစ်ဦးမှ တစ်ဦးသို့သာ သင်ကြားပို့ချခဲ့ကြောင်း၊ သုတေသနမှာလည်း စုဝေး၍ ဘာသာရေးနှင့် လူမှုရေး ဆိုင်ရာများသာ ဆွေးနွေးပြီး ပူးပေါင်းဆောင်ရွက်မှု၊ အဆောက်အအုံနှင့် အထောက်အပံ့တို့မှာလည်း အကန့်အသတ် ဖြင့်သာ ရှိခဲ့ပါကြောင်း၊
၁၉ ရာစုတွင် လျှပ်စစ်ကို ဆန်းသစ်တီထွင် ဖန်တီးနိုင်ခဲ့၍ ထုတ်ကုန်အမြောက်အများထုတ်လုပ်ရန် ဆောင်ရွက်နိုင်ခဲ့သည်ကို စက်မှုပြောင်းလဲရေး၂.၀ (Industry 2.0)ဟုသတ်မှတ်ခဲ့ပါကြောင်း၊ ထိုကာလ၌ ပညာရေး ၂.၀ (Education 2.0) ဆိုသည်မှာ အချိန်ပြည့်ဆရာများ၊ အနည်းဆုံးပညာအရည်အချင်း သတ်မှတ်ချက်များရှိခဲ့ပြီး သင်ရိုးညွှန်းတမ်းနှင့် စာသင်ခန်းတွင်းသင်ကြားခြင်းရှိခဲ့ပါကြောင်း၊ ဆရာက လူအများစုကို စံသတ်မှတ်ထားသည့် သင်ရိုးညွှန်းတမ်းဖြင့် သင်ကြားပို့ချပါကြောင်း၊
လူမှုရေးသိပ္ပံနှင့် သိပ္ပံနယ်ပယ်များတွင် သုတေသနဆောင်ရွက် လာခဲ့ပြီး ဒေသဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုမှာလည်း အကန့်အသတ်ဖြင့်ရှိခဲ့ပါကြောင်း၊ တက္ကသိုလ်များ ပေါ်ပေါက်လာပြီး စာသင်ခန်းမများ၊ အိပ်ဆောင်များ၊ အပန်းဖြေနေရာများရှိလာခဲ့ပါကြောင်း၊ ကျောင်းလခမှ ဝင်ငွေရရှိသလို အစိုးရကျောင်းများကို နိုင်ငံတော်ဘဏ္ဍာမှ ထောက်ပံ့လာခဲ့ပါကြောင်း၊ သုတေသနနှင့် ဖွံ့ဖြိုးရေး ရန်ပုံငွေများထူထောင်ခဲ့ပြီး နိုင်ငံအစိုးရတို့က ဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ အုပ်ချုပ်မှုစနစ်ကို သတ်မှတ် ဆောင်ရွက်ခဲ့ပါကြောင်း၊
၂၀ ရာစုတွင် အလိုအလျောက်နည်းပညာ၊ အီလက်ထရောနစ်၊ အိုင်တီတို့ကို ဆန်းသစ်တီထွင် ဖန်တီးနိုင်ခဲ့သည်ကို စက်မှုပြောင်းလဲရေး ၃.၀ (Industry 3.0) ဟု သတ်မှတ်ခဲ့ပါကြောင်း၊ ထိုကာလအတွင်း ပညာရေး ၃.၀ (Education 3.0) ဆိုသည်မှာ အချိန်ပြည့်ဆရာများ၊ အနည်းဆုံးပညာအရည်အချင်း သတ်မှတ်ချက် များရှိခဲ့ပါကြောင်း၊ စံသတ်မှတ်ထားသည့် သင်ရိုးညွှန်းတမ်းများဖြစ်သော်လည်း အွန်လိုင်းသင်ယူခြင်း အခွင့်အလမ်း ရှိလာခဲ့ပြီး နည်းပညာအသုံးချ၍ သုတေသနကို ပူးပေါင်းဆောင်ရွက်ခြင်း အားပေးကူးပြောင်းလာခဲ့ပါကြောင်း၊
ဆက်သွယ်ရေးနည်းပညာအားကောင်းလာပြီး ပူးပေါင်းဆောင်ရွက်မှုမှာလည်း တိုးတက်လာခဲ့ပါကြောင်း၊ နည်းပညာနှင့် အခြေခံအဆောက်အအုံများတွင် ရင်းနှီးမြုပ်နှံလာခဲ့ကြပြီး ဘဏ္ဍာရေးမှာလည်း ကျောင်းလခ အပေါ်တွင်သာ အခြေပြုလာခဲ့ပါကြောင်း၊ ပညာရေးအဆင့်အတန်းသတ်မှတ်ချက်များရှိလာ၍ လုပ်ထုံးလုပ်နည်း နှင့်အညီ ဆောင်ရွက်လာခဲ့ပါကြောင်း၊
ဉာဏ်ရည်တု (AI)၊ အင်တာနက်ပစ္စည်းများ Internet of Things (IOT)၊ Cloud Computing, များပြား သောအချက်အလက်များ စုစည်းထားခြင်း (Big Data)၊ စက်ရုပ်တီထွင်အသုံးချမှုပညာ (Robotics) စသည်များ ဆန်းသစ်တီထွင် ဖန်တီးနိုင်ခဲ့သည်ကို စက်မှုပြောင်းလဲရေး ၄.၀ (Industry 4.0) ဟုသတ်မှတ်ပါကြောင်း၊
၂၁ ရာစုတွင် နိုင်ငံများအကြား အပြန်အလှန်မှီခိုမှုရှိလာပြီး ဗဟိုချုပ်ကိုင်မှုလျော့ချလာပါကြောင်း၊ အကြမ်းဖက်မှုများ၊ အမျိုးသားရေးဝါဒများ၏ စိန်ခေါ်မှုများရှိလာပါကြောင်း၊ နည်းပညာနှင့် ဆန်းသစ်တီထွင်မှုတွင် ဆိုက်ဘာနည်းပညာ (ဆိုရှယ်မီဒီယာ၊ ဉာဏ်ရည်တု(AI)၊ သုံးဖက်မြင်ဖြင့် ပုံနှိပ်ထုတ်ခြင်း (3-D printing) ၊ စက်ရုပ်တီထွင်အသုံးချမှုပညာ (robotics))၊ အင်တာနက်ပစ္စည်းများ(Internet of things)၊ များပြားသော သတင်းအချက်အလက်များစုစည်းထားခြင်း (big data)၊ ဒီဂျစ်တယ်အသုံးပြုခြင်း (digitalization)၊ post-truth သတင်းမှားများ (fake news)) အားကောင်းလာပါကြောင်း၊
စက်မှုလုပ်ငန်းနှင့် စီးပွားရေးလုပ်ငန်းများတွင် ဒီဂျစ်တယ်စီးပွားရေးများ၊ လူမှုရေးဆိုင်ရာ စွန့်ဦးတီထွင်မှုများအားကောင်းလာပါကြောင်း၊ စားသုံးသူများကလည်း ကုန်ထုတ်လုပ်မှုနှင့် ဝန်ဆောင်မှုများဆောင်ရွက်လာပါကြောင်း၊ တန်ဖိုးထားမှုများ စိတ်ခံစားမှုများ အဓိကကျလာ ပါကြောင်း၊ Corporate Social Responsibility (CSR) မှ Creating Shared Value (CSV) အလေးထား ဆောင်ရွက်လာ၍ ရေရှည်တည်တံ့ခိုင်မြဲသော ဖွံ့ဖြိုးတိုးတက်မှုပန်းတိုင် (SDGs) က ပို၍ အဓိကကျသော အခန်း ကဏ္ဍဖြစ်လာပါကြောင်း၊
လူသားများသည်လည်း သဘာဝနှင့် လူသားအတူယဉ်တွဲ၍ အရေးပါလာပြီး ရေရှည် တည်တံ့ခိုင်မြဲသော ဖွံ့ဖြိုးတိုးတက်မှု (Sustainable Development)၊ ရေရှည်တည်တံ့ခိုင်မြဲစေရန် သယံဇာတ အရင်းမြစ်များကို အသုံးပြု၍ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု (Green Growth) တို့လည်း အရေးပါလာပါကြောင်း၊ သဘာဝသည်လည်း လူ့စွမ်းအားစု တစ်ရပ်လုံး၏ စွမ်းရည် အသိပညာ၊ အတွေ့အကြုံနှင့် အရည်အသွေးများ (human capital) ၊ ယဉ်ကျေးမှုနှင့် သက်ဆိုင်သောစွမ်းရည် အသိပညာ၊ အတွေ့အကြုံနှင့် အရည်အသွေးများ (cultural capital)၊ လူ့အဖွဲ့အစည်း အတွင်း အချင်းချင်း ထိရောက်သော ဆက်ဆံဖြစ်စေခြင်းများ (social capital) အရေးပါလာပါကြောင်း၊ ရွှေ့ပြောင်းနေထိုင်မှုများ၊ မြို့ပြဖွံ့ဖြိုးတိုးတက်မှုများ၊ လူ့သက်တမ်းရှည်ကြာမှု များ အရှိန်အဟုန်မြင့်မားလာပါကြောင်း၊
မွေးဖွားနှုန်း လျော့နည်းလာခြင်း၊ မညီမျှမှုမြင့်မားလာခြင်း၊ သဘာဝ ပတ်ဝန်းကျင် ပျက်စီးလာခြင်း၊ ရာသီဥတုပြောင်းလဲခြင်း၊ လုပ်ငန်းအဖွဲ့အစည်းများမှာလည်း အသင်းအဖွဲ့ စိတ်ဓာတ်ရှိမှု၊ တစ်သားတည်းရှိမှု၊ လိုက်လျောညီထွေ ပြင်ပြောင်းလွယ်မှု၊ ပွင့်လင်းမြင်သာမှုတို့ကိုအခြေခံ၍ စုပေါင်းအင်အားဖြင့် တာဝန်ယူ တာဝန်ခံ ဆောင်ရွက်ခြင်း၊ ကျောင်းများအချင်းချင်းပူးပေါင်း ဆောင်ရွက်ခြင်း၊ ကျောင်းနှင့် လူမှုအဖွဲ့အစည်းများလည်း အဆင့်လိုက် ပူးပေါင်းဆောင်ရွက်ခြင်းနှင့် သင်ရိုးညွှန်းတမ်းမှာလည်း အပြန်အလှန် မှီခိုမှုအတွက် ပြင်ဆင်မှု အားကောင်းလာပါကြောင်း၊
လူသားကောင်းအတွက် ပညာရေး၊ ကျယ်ကျယ်ပြန့်ပြန့် နက်နက်နဲနဲ သင်ယူရန် လိုအပ်ပါကြောင်း၊ နောက်ခံအခြေအနေနှင့် မျှော်မှန်းချက်မတူသူ များအတွက် စုပေါင်းအင်အားဖြင့် တာဝန်ယူ တာဝန်ခံ၍ ဆုံးဖြတ်ပြီး တစ်သက်တာ ဒီဂျစ်တယ်သင်ယူမှု အခွင့်အလမ်း၊ တစ်သက်တာပေါင်းစပ်သင်ယူမှု အခွင့်အလမ်းများ ပံ့ပိုးဖြည့်ဆည်းဆောင်ရွက်ပေးကြရမည် ဖြစ်ပါကြောင်း၊
ပညာရေးက စက်မှုထက်သာလွန်အားကောင်းပါက သုခချမ်းသာပြည့်ဝ(Prosperity)၍ စက်မှုက ပညာရေးထက် သာလွန်အားကောင်းပါက စိတ်ဖိစီးမှု၊ စိတ်ပိုင်းဆိုင်ရာဒဏ်ရာများ (Pain) ခံစားရကြောင်းကို သုတေသနအစီရင်ခံစာများ၌ ဖော်ပြထားသည်ကို လေ့လာတွေ့ရှိရပါကြောင်း၊
“သင်ယူမှု မျိုးဆက် အစီရင်ခံစာ ၂၀၁၇” (Learning Generation Report 2017)တွင် လူမှုအဖွဲ့အစည်းဆိုင်ရာ ပြောင်းလဲမှု၊ စီပွားရေးနှင့် နည်းပညာဆိုင်ရာ ရှာဖွေတွေ့ရှိချက်များပေါ်တွင်မူတည်ပြီး ရာစုနှစ်ပေါင်းများစွာ ပြောင်းလဲခဲ့ပါ ကြောင်း၊ နည်းပညာဖွံ့ဖြိုးတိုးတက်မှု မြန်ဆန်ခြင်း (Automation) ၊ (Artificial Intelligence, Robotics, Cloud Computing, Big Data, Internet of Things)၊ လုပ်သားဈေးကွက်ပြောင်းလဲလာခြင်းနှင့် အလုပ်အကိုင် အခွင့်အလမ်းအတွက် ပြိုင်ဆိုင်မှုပြင်းထန်လာပြီး အဆင့်မြင့်ကျွမ်းကျင်မှု လိုအပ်လာပါကြောင်း၊
ခေတ်မီ နည်းပညာများကို ဆန်းသစ်တီထွင်ဖန်တီးမှုကြောင့် အလုပ်အကိုင်အများစုမှာ မကြာမီကာလတွင် ပျောက်ကွယ် သွားမည်ဖြစ်ပြီး အရည်အသွေးရှိသည့် ပညာရေးတစ်ခုတည်းကသာ လိုအပ်သော အဆင့်မြင့်ကျွမ်းကျင်မှုရရှိစေရန်၊ မညီမျှမှုများလျော့ချရန်၊ အနာဂတ် သုခချမ်းသာပြည့်ဝစေရန် အာမခံပေးနိုင်မည်ဖြစ်ပါကြောင်း၊ ထို့ကြောင့် ဉာဏ်ရည်ဉာဏ်သွေးထက်မြက်မှု (IQ)နှင့် စိတ်ရင့်ကျက်တည်ငြိမ်မှု၊ တစ်ပါးသူကို စာနာပေးနိုင်မှု (EQ)စသည့် ၂၁ ရာစုကို စိန်ခေါ်နိုင်သော အရည်အသွေးရှိသည့် ပညာရေးစနစ်ကို စုပေါင်းအင်အားဖြင့်ဖော်ဆောင်ရန် အရေးကြီးပါကြောင်း၊
အဆင့်မြင့်ပညာ အကြံပေးပညာရှင် ဒေါက်တာဂျမေးဆာမီ၏ ဟောပြောပို့ချချက်တစ်ခုတွင် ပညာရေး ပြုပြင်ပြောင်းလဲ ဆောင်ရွက်သည့်အခါ စိန်ခေါ်မှုအသစ်များနှင့် အခွင့်အလမ်းများကို ဖော်ပြရာ၌ ဆန်းသစ် တီထွင်မှုအတွက် ပညာရေးတွင် TVET နှင့် တက္ကသိုလ်ပညာရေး ရေရှည်တည်တံ့ခိုင်မြဲ၍ ဟန်ချက်ညီသော ဖွံ့ဖြိုးတိုးတက်မှု ပန်းတိုင်ထားရှိရန်၊
ကျွမ်းကျင်မှုနှင့် ပရော်ဖက်ရှင်နယ်အတွက် စီစဉ်ဆောင်ရွက်ရန်၊ တန်ဖိုးထား မှုနှင့် ကမ္ဘာ့လူသားကောင်းဖြစ်လာရန်၊ လူ့အဖွဲ့အစည်းအားလုံးသည် သင်ယူသူများဖြစ်လာရန်နှင့် ကျောင်းများ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စွမ်းရည်မြှင့်တင်ရန်လိုပါကြောင်း၊
ဆန်းသစ်တီထွင်သည့် သင်ကြားသင်ယူမှုနည်းလမ်းဖြင့် ဦးဆောင်ရန်လိုပါကြောင်း၊ ဆန်းသစ်သည့် စွမ်းရည်များ၊ ကျွမ်းကျင်မှုများနှင့် သဘောထားအမြင်များ၊ ဆန်းသစ်တီထွင်၍ ခေတ်မီ နည်းပညာများ အသုံးပြု၍ အနာဂတ် အလုပ်အကိုင်များဆောင်ရွက်ရန်လိုပါကြောင်း၊ နည်းပညာဖွံ့ဖြိုးတိုးတက်မှုကြောင့် အလုပ်အကိုင် အခွင့်အလမ်း နည်းလာ၍ ယှဉ်ပြိုင်မှု ပြင်းထန်လာခြင်းနှင့် အလုပ်အကိုင်အသစ်များ ပေါ်ထွက်လာပါကြောင်း၊
လွန်ခဲ့သော ၁၀ နှစ်ခန့်က မရှိခဲ့သည့် ကွန်ပျူတာတွင် လုပ်ငန်းတစ်ရပ်အတွက် အသုံးချနိုင်ရန် ရေးဆွဲထားသူ (App developer)၊ လူမှုမီဒီယာမန်နေဂျာ (Social media manager)/ youtube အကြောင်းအရာများကို ဖန်တီးသူ (YouTube content creator)၊ ဒစ်ဂျစ်တယ်ဆိုင်ရာ ဘေးအန္တရာယ်ကို စီမံထိန်းသိမ်းသူ (Digital risk manager) ၊ မြို့တော်အခက်အခဲများ၊ ဝန်ဆောင်များကို နည်းပညာဖြင့် ဖြေရှင်းဆောင်ရွက်သည့် မြို့တော် (Smart city)၊ အဆောက်အဉီများကို နည်းပညာအသုံးပြု၍ ပုံစံရေးဆွဲသူ (smart building architect)၊ မောင်းသူမဲ့ကားအတွက် စီမံ ဆောင်ရွက်သော စက်မှုအတတ်ပညာရှင် (Driver-less car engineer)၊ Cloud ကွန်ပျူတာအတတ် အထူးပညာရှင် (Cloud computing specialist) ၊ များပြားသော သတင်းအချက်အလက်များကိုစိစစ်သူ (Big data analyst)၊ ရေရှည်တည်တံ့ခိုင်မြဲမှုကို စီမံထိန်းသိမ်းသူ (Sustainability manager)၊ မောင်းသူမဲ့ လေယာဉ်ကို မောင်းသူ (Drone operator) စသည့် အလုပ်အကိုင် အခွင့်အလမ်းများပေါ်ထွက်လာပါကြောင်း၊ ဖွံ့ဖြိုးပြီးနိုင်ငံများ တွင် စက်မှုဆိုင်ရာ ပုံကြမ်းရေးဆွဲသူများ (mechanical drafters) ၊ ကွန်ပျူတာ ပရိုဂရမ်ရေးဆွဲသူနှင့် ဆော့ဖ်ဝဲရေးဆွဲသူများ (computer programmers & software developers) ၊ ဗိသုကာနှင့် မြို့ပြဆိုင်ရာ ပုံကြမ်းရေးဆွဲသူများ (architectural and civil drafters) ၊ ကြော်ညာလုပ်ငန်းနှင့် အရောင်းမြှင့်တင်ရေး မန်နေဂျာများ (advertising and promotion managers)၊ ဆေးဝါးကျွမ်းကျင်ပညာရှင်များ (pharmacists) ၊ အာမခံသူ (insurance underwriters) ၊ ပတ်ဝန်းကျင်ဆိုင်ရာ စက်မှုကျွမ်းကျင်သူ (environmental engineers) ၊ အီလက်ထရောနစ်နှင့် လျှပ်စစ်ဆိုင်ရာ ပုံကြမ်းရေးဆွဲသူ (electronics and electrical drafters) ၊ အာမခံကိန်းဂဏန်းဆိုင်ရာ သင်္ချာပါရဂူများ (actuaries) ကို ဦးစားပေးလာပါကြောင်း၊
စင်္ကာပူနိုင်ငံတွင် အစားအသောက်၊ ဆေးဝါး၊ ဒီဂျစ်တယ်နည်းပညာများကို ဦးစားပေးပြီး နည်းပညာအသစ်များဖြစ်သည့် ကွန်ပျူတာနှင့် အင်တာနက် (Computers and Internet)၊ ဉာဏ်ရည်တု (Artificial intelligence)၊ ပကတိနည်းပါးဖြစ်အောင် ဖန်တီးခြင်း (Virtual Reality/ Augmented Reality)၊ အတူတကွပူးပေါင်း ဆောင်ရွက်သည့် နေရာများ (Collaborative Platforms)၊ သုံးဖက်မြင် ပုံနှိပ်ခြင်း (3-D Printing) ၊ များပြားသော သတင်းအချက်အလက်များ စုစည်းထားခြင်း (Big Data) ၊ ကွန်ရက်ချိတ်ထားသော ကွန်ပျူတာများအကြား ဆက်သွယ်မှု မှတ်တမ်းတင်နိုင်သော စနစ်စကို အသုံးပြုထား သော စက်ရုပ်ဆိုင်ရာ နည်းပညာ (Blockchain Robotics) ၊ ဉာဏ်ရည်၊ ဉာဏ်စွမ်းရှိသော အီလက်ထရောနစ် နည်းပညာ (Intelligent electronics)၊ ဆက်သွယ်ထိန်းချုပ်မှု သိပ္ပံ (Cybernetics)၊ လူသားများ၏ အင်္ဂါအဖွဲ့အစည်းများနှင့် ဇီဝကလပ်စည်း နည်းပညာ (Organ and human tissue technology) ၊ ဒစ်ဂျစ်တယ်စက်မှုဆိုင်ရာ ကုန်ထုတ်လုပ်ခြင်း (Digital industrial production) ၊ မြို့ပြစိုက်ပျိုးရေး (Urban agriculture) ၊ စွန့်ပစ်ပစ္စည်း များကို ပြန်လည်အသုံးချနိုင်ရန် ဆောင်ရွက်သည့် စီးပွားရေးကျွမ်းကျင်သူ (Circular economy specialists) ၊ ရေအောက်ကမ္ဘာနည်းပညာ (Deep ocean technology) ၊ ဘက်ထရီဆိုင်ရာနည်းပညာ (Battery technology) ၊ နေစွမ်းအင်နှင့် လေစွမ်းအင်ဆိုင်ရာ နည်းပညာ (Solar and wind energy technology) တို့သည် ပရော်ဖက်ရှင်နယ်အသစ်များဖြစ်လာပါကြောင်း၊
၂၁ ရာစု ကျွမ်းကျင်မှုများ၊ စာတတ်မြောက်မှု၊ အခြေခံသင်္ချာ၊ သိပ္ပံ၊ အိုင်စီတီ၊ ဘဏ္ဍာရေး၊ ယဉ်ကျေးမှုနှင့် ပြည်သူ့နီတိ စသည့် အခြေခံတတ်မြောက်မှုများ၊ ရှုပ်ထွေးနက်နဲသည့် စွမ်းရည်များဖြစ်သည့် သတင်း အချက်အလက် ခွဲခြမ်းစိတ်ဖြာခြင်း (Information analysis) ၊ ဝေဖန်ပိုင်းခြားစဉ်းစားတတ်ခြင်းနှင့် ပြဿနာ ဖြေရှင်းတတ်ခြင်း (critical thinking & problem solving)၊ ကမ္ဘာလုံးဆိုင်ရာ ဆက်စပ်ခွဲခြမ်း စိတ်ဖြာခြင်း (Global contextual analysis)၊ အသင်းအဖွဲ့ဖြင့်ဆောင်ရွက်တတ်ခြင်း (Teamwork) ၊ အတူတကွပူးပေါင်းဆောင်ရွက် ခြင်း (collaboration)၊ ဆက်သွယ်ဆောင်ရွက်တတ်ခြင်း (Communication) ၊ ဖန်တီးတတ်ခြင်း (Creativity)၊ စရိုက်လက္ခဏာ အရည်အသွေး (Character qualities) ၊လူမှု၊ စိတ်ခံစားမှုဆိုင်ရာ ကျွမ်းကျင်မှုများ(Socio-emotional competences) ၊ သိလိုစိတ်ပြင်းပြခြင်း(Curiosity)၊ စေ့ဆော်မှု (motivation)၊ ကိုယ်စွမ်းကိုယ်စရှိခြင်း (Initiative)(entrepreneurial thinking)၊ ဇွဲရှိခြင်း(Persistence) စိတ်ဓာတ်ကြံ့ခိုင်ခြင်း (grit)၊ ခံနိုင်ရည်ရှိခြင်း (resilience)၊ အလိုက်သင့် ပြောင်းလဲတတ်ခြင်း (Adaptability)၊ ဦးဆောင်မှု (Leadership) ၊ လူ့ကျင့်ဝတ်ဆိုင်ရာ ကို သိရှိခြင်းနှင့် စဉ်းစားတွေးခေါ်တတ်ခြင်း (Ethical awareness &reasoning)၊ စသည့် (social, cultural & environmental dimensions)များကို သင်ယူတတ်မြောက် စေရေးအတွက် သင်ရိုးညွှန်းတမ်း၊ သင်ကြားသင်ယူမှု နည်းလမ်း၊ စစ်ဆေးအကဲဖြတ်ခြင်းတို့ အရေးကြီးပါကြောင်း၊
စစ်ဆေးအကဲဖြတ်မှုသည်လည်း ကျွမ်းကျင်မှုနှင့် စွမ်းရည်များပြည့်ဝစေရန် သင်ယူတတ်မြောက်ရေးအတွက် အောင်မြင်စွာ မဆောင်ရွက်နိုင်ပါက သင်ယူလိုစိတ်ကို ဖျက်ဆီးတတ်သည်ကို အထူးသတိပြုရန် အရေးကြီးပါကြောင်း၊
အကောင်းဆုံးစွမ်းဆောင်မှုအနေဖြင့် ကုန်သည်များ၊ စီးပွားရေးနှင့် စက်မှုလုပ်ငန်းရှင်တို့နှင့်နီးကပ်စွာ ပူးပေါင်းဆောင်ရွက်ရန်၊ သီအိုရီနှင့် လုပ်ငန်းခွင့် ချိတ်ဆက်နိုင်ရေး School-Industry Partnership များ ထူထောင်ရန်၊ အရည်အသွေးအာမခံမှု အားကောင်းရန်၊ အုပ်ချုပ်မှုစနစ်များ ခေတ်မီအားကောင်းရန်၊ တက္ကသိုလ် ပဋိညာဉ်စာတမ်းများနှင့်အညီ ဖွဲ့စည်းပုံ၊ ပညာရပ်ဆိုင်ရာ၊ ဘဏ္ဍာရေးဆိုင်ရာ လွတ်လပ်စွာ ကိုယ်ပိုင်စီမံခန့်ခွဲမှု၊ လူ့စွမ်းအားအရင်းအမြစ်၊ ဆုချီးမြင့်ခြင်းနှင့် စွမ်းရည်များရရှိရန်အတွက် အမြဲဆောင်ရွက်ခြင်း အားပေးရန်နှင့် ဘဏ္ဍာငွေထောက်ပံ့ရန်လိုအပ်ပါကြောင်း၊
အမျိုးသားပညာရေးမဟာဗျူဟာစီမံကိန်း (၂၀၁၆-၂၀၂၁) အရ ပညာရေး ပြုပြင်ပြောင်းလဲမှု များကို ဆောင်ရွက်ရာတွင် မည်သည့်ခွဲခြားမှုမျှမရှိရေး၊ မည်သူတစ်ဦးတစ်ယောက်မျှမကျန်ရှိရေး၊ ကျောင်းထွက်သူ မရှိရေးနှင့် သင်ယူမှုမဆုံးရှုံးရေး မူများနှင့်အညီ လူသားကောင်းများ၊ ပူးပေါင်းဆောင်ရွက်တတ်သူများ၊ တာဝန်ယူ တာဝန်ခံ ဆောင်ရွက်တတ်သူများ၊ ဆန်းသစ်တီထွင်ဖန်တီးနိုင်သူများဖြစ်လာစေရန်အတွက် အရည်အသွေးရှိ သော ပညာရေးကိုဦးတည်ပြီး ပညာရေးတွင် ရင်းနှီးမြုပ်နှံနေပါကြောင်း၊ ဆရာဆရာမများ စွမ်းဆောင်ရည် မြှင့်တင်ပြီး ၂၁ ရာစု ကျွမ်းကျင်မှုနှင့် စွမ်းရည်များရရှိနိုင်မည့် သင်ရိုးညွှန်းတမ်းပြုပြင်ပြောင်းလဲခဲ့ပါကြောင်း၊
သင်ကြားသင်ယူမှုနည်းလမ်းများ သင်တန်းပေးခြင်း၊ စစ်ဆေးအကဲဖြတ်မှုပြောင်းလဲခြင်း၊ အင်္ဂလိပ်စာ ဘာသာစကား အရည်အချင်းမြှင့်တင်ခြင်း၊ အိုင်စီတီဆိုင်ရာများကိုလည်း ဖြည့်ဆည်းဆောင်ရွက်ပေးရမည်ဖြစ်ပါ ကြောင်း၊ တိုင်းရင်းသားဒေသများအား ဦးစားပေး၍ အရည်အချင်းပြည့်ဝသည့် ဆရာများ၊ နည်းပညာနှင့် အခြေခံ အဆောက်အအုံများ ပံ့ပိုးဖြည့်ဆည်းရန်နှင့် တစ်သက်တာပေါင်းစပ်သင်ယူမှု အခွင့်အလမ်းများအားပေး ဖြည့်ဆည်းဆောင်ရွက်ရန်လိုပါကြောင်း၊
ပညာရေးပြုပြင်ပြောင်းလဲမှုများကို စနစ်တကျ ပူးပေါင်းအကောင်အထည်ဖော်ဆောင်ရွက်ရာတွင် ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်း၊ မူဝါဒများသတ်မှတ်ပြီး ဒေသ၏လိုအပ်ချက်နှင့်ကိုက်ညီသော သင်တန်းများကို ဖွင့်လှစ်ရန်လိုပါကြောင်း၊ တက္ကသိုလ်များတွင် လွတ်လပ်စွာကိုယ်ပိုင်စီမံခန့်ခွဲမှု(University Autonomy) ၊ မဟာစီမံကိန်း (Master Plan) ၊ တက္ကသိုလ်ပဋိညာဉ်စာတမ်း(University Charter) စသည်များနှင့်အညီ တက္ကသိုလ်များတွင် တက္ကသိုလ်ကောင်စီ(University Council)၊ ပညာရေးအဖွဲ့(Senate)၊ စီမံခန့်ခွဲမှုအဖွဲ့ (Administrative Board)၊ သုတေသန (Research)၊ သင်ရိုး (Curriculum)၊ သင်ကြားသင်ယူမှု (Teaching-Learning)၊ စာတွေ့(Theory)၊ လက်တွေ့ (Practical)စသည်များနှင့် ဆရာသမဂ္ဂ၊ ကျောင်းသားသမဂ္ဂ များကိုဖွဲ့စည်းပြီး တက္ကသိုလ်၏ ဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်နိုင်ရန် အားပေးရမည်ဖြစ်ပါကြောင်း၊ အကျိုးရှိ သည့် ဘာသာရပ်များကို တစ်သက်တာပေါင်းစပ် သင်ယူမှုအခွင့်အလမ်းရှိရေး ညီညီညွတ်ညွတ် စုပေါင်းအင်အားဖြင့် ဝိုင်းဝန်းပူးပေါင်းအောင်ရွက်ပေးကြရန် မေတ္တာရပ်ခံပါကြောင်း စသည်ဖြင့် အဖွင့်အမှာစကား ပြောကြားသည်။
ထို့နောက် ပညာရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဒေါက်တာဇော်မြင့်က အမျိုးသားပညာရေး မဟာဗျူဟာစီမံကိန်း (၂၀၂၁-၂၀၃၀) ရေးဆွဲခြင်းလုပ်ငန်းများကိုလည်းကောင်း၊ အခြေခံပညာဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးကိုလေးဝင်းက အမျိုးသားပညာရေး မဟာဗျူဟာ စီမံကိန်း(၂၀၂၁-၂၀၃၀) အခန်း(၅)မှ အခြေခံပညာကဏ္ဍကိုလည်းကောင်း မိတ်ဆက်ရှင်းလင်းတင်ပြကြသည်။
ထို့နောက် အစည်းအဝေးတက်ရောက်လာကြသူများက အခြေခံပညာကဏ္ဍဆောင်ရွက်နေမှု အခြေအနေများ၊ လက်ရှိရာထူးတိုးပြောင်းခန့်ထားမှု အခြေအနေများ၊ ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များ နှင့် သိရှိလိုသည်များကို ဆွေးနွေးမေးမြန်းကြရာ ပြည်ထောင်စုဝန်ကြီး၊ အမြဲတမ်းအတွင်းဝန်၊ အခြေခံပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများက ပြန်လည်ညှိနှိုင်းဆွေးနွေးကြသည်။
ဆက်လက်၍ ဒုတိယအပိုင်းအစီအစဉ်ကို နေ့လယ် ၂နာရီတွင် ပြန်လည်စတင်ရာ နည်းပညာ၊ သက်မွေးပညာနှင့်လေ့ကျင့်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာစိုင်းကျော်နိုင်ဦးက အမျိုးသားပညာရေး မဟာဗျူဟာစီမံကိန်း (၂၀၂၁-၂၀၃၀) အခန်း(၆) နည်းပညာနှင့်သက်မွေးပညာကဏ္ဍနှင့်ပတ်သက်၍ မိတ်ဆက်ရှင်းလင်းတင်ပြသည်။
ယင်းနောက် တက်ရောက်လာသူများက သက်ဆိုင်ရာကဏ္ဍများနှင့်စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြပြီး ညှိနှိုင်းဆွေးနွေးပွဲ ညနေ ၆ နာရီတွင် ပြီးမြောက်ကြောင်း သတင်းရရှိသည်။
By Myanmar Education Guide - EDGE