အင်္ဂလန်နိုင်ငံရှိ ဆရာ/ဆရာမ လစာအား £2,500 တိုးရန် အတည်ပြု

 

ဗြိတိန်လွှတ်တော်မှ ဝန်ကြီးများသည် ဆရာ/ဆရာမများ၏ လစာကို  ၅.၅ ရာခိုင်နှုန်း တိုးပေးမည့် အကြံပြုချက်ကို လက်ခံကြပြီးနောက် လာမည့်စက်တင်ဘာလ စာသင်နှစ်အသစ်မှစ၍ ဆရာတစ်ဦးကို ပျှမ်းမျှ £2,500 တိုးပေးမည်ဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာနမှ သိရပါသည်။ 

 

School Teachers Review Body (ကျောင်းဆရာများပြန်လည်သုံးသပ်ရေးအဖွဲ့၏) အစီရင်ခံစာအရ အတန်းအားလုံးတွင် ဆရာများ၏ လစာကို ၅.၅ ရာခိုင်နှုန်း တိုးပေးရန်နှင့် အချိန်ပိုဆင်းရသည့်အခါတွင်လည်း ၅.၅ ရာခိုင်နှုန်း တိုးပေးရန် တောင်းဆိုထားသည်။

 

ဘဏ္ဍရေးဝန်ကြီး Rachel Reeves မှလည်း ကျောင်းဆရာများပြန်လည်သုံးသပ်ရေးအဖွဲ့၏ အဆိုပါအကြံပြုချက်များကို အပြည့်အ၀လက်ခံကြောင်း ဇူလိုင်လ (၂၉) ရက်နေ့တွင် လွှတ်တော်မှာ ပြောကြားခဲ့သည်။    

 

ဆရာတစ်ဦးအတွက် ပျှမ်းမျှလစာ £2,500 ကျော်တိုးခြင်းဖြစ်သည့်အတွက် ၂၀၂၄-၂၀၂၅ ပညာသင်နှစ်တစ်နှစ်စာအတွက် ဆရာတစ်ဦး၏ လစာပေါင်း £49,000 ကျော်နှင့် ညီမျှနိုင်သည်ဟု အစိုးရသုံးသပ်ချက်တွင် ဖော်ပြထားသည်။

 

 

ကျောင်းများသည် ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်တွင် ၎င်းတို့၏ လစာတိုး ကုန်ကျစရိတ်များကို ကာမိရန် အစိုးရထံမှ ရန်ပုံငွေ £1.2 ဘီလီယံ ထပ်ဆောင်းရရှိမည်ဖြစ်သည်။ ပညာရေးဌာနသည် ဆရာများနှင့် ခေါင်းဆောင်များ တိုးမြင့်လာမှုနှင့် ကျောင်းဝန်ထမ်းများအား ထောက်ပံ့မှုအတွက် အပြည့်အ၀ ရန်ပုံငွေပေးမည်ဟု ပြောကြားခဲ့သည်။ 

 

STRB မှ စာသင်နှစ်တစ်ခုလုံးအတွက် ဝန်ထမ်းလစာကို ထည့်မတွက်ဘဲ ဆရာလစာအတွက်ချည်းသာ £1.65 ဘီလီယံခန့် ကုန်ကျနိုင်မည်ဟု ခန့်မှန်းတွက်ချက်ထားပါသည်။

 

ကျောင်းများအတွက် £1.2 ဘီလီယံထောက်ပံ့မှုသည် ၂၀၂၄ ခုနှစ် စက်တင်ဘာလမှ ၂၀၂၅ ခုနှစ် မတ်လအထိ ခုနစ်လတာကာလအတွက်သာ လုံလောက်မည်ဖြစ်ပြီး မတ်လနောက်ပိုင်းမှစ၍ လစာတိုးမှုအတွက် ငွေများကို  နိုင်ငံတော်မှ ထောက်ပံ့ထားသည့် ပုံမှန်ရန်ပုံငွေစနစ်တွင် ထည့်သွင်းသွားမည်ဖြစ်သည်။ 

 

"ဒီလို ထိုက်တန်တဲ့ လစာတိုးပေးတာဟာ ပြည်သူ့ဝန်ထမ်းတွေ၊ အလုပ်ကြိုးစာကြတဲ့ ဝန်ထမ်းတွေအတွက် မှန်ကန်တဲ့ ဆုံးဖြတ်ချက်တစ်ခုဖြစ်ပြီး ကျောင်းမှာ ဆရာအင်အား နည်းပါးမှုနှင့် ပြတ်လတ်မှုကိုလည်း ကာကွယ်ပြီးသားဖြစ်စေမှာပါ။ ဒါကြောင့် အချိန်မဆွဲဘဲ လစာပြန်လည်သုံးသပ်ရေး အဖွဲ့နဲ့ ညိနှိုင်းဆောင်ရွက်မှုတွေ ပြုလုပ်ဖို့ လိုအပ်ကြောင်း" Rachel Reeves က ပြောခဲ့သည်။ 

 

အမျိုးသားကျောင်းဆရာများသမဂ္ဂအသင်း (National Association of Head Teachers - NAHT) ၏ ခေါင်းဆောင် Paul Whiteman သည် လစာတိုးခြင်းနှင့် အစိုးရ၏ အပိုရန်ပုံငွေကို သဘောကျလက်ခံကြောင်း ပြောကြားခဲ့သည်။ သို့သော် မတူညီသော အခြေအနေရှိသည့် စာသင်ကျောင်းတစ်ခုချင်းစီအတွက် ကွဲပြားစွာ သက်ရောက်မှုများရှိမည်ဖြစ်ကြောင်း ထောက်ပြခဲ့သည်။

 

အစိုးရ၏ ရန်ပုံငွေအစီအစဉ်များသည် မြင့်မားသော ကုန်ကျစရိတ်ရှိသော အထူးကျောင်းများကို ထည့်မတွက်ထားဘဲ ကျောင်းတစ်ကျောင်း၏ ပျမ်းမျှကုန်ကျစရိတ်အပေါ်သာ အခြေခံထားခြင်းဖြစ်သည်။ ယမန်နှစ်က အစိုးရက ငွေကြေးအခက်အခဲရှိကျောင်းများကို ကူညီရန် £40 မီလီယံ ရန်ပုံငွေ ပံ့ပိုးခဲ့သော်လည်း လိုအပ်နေသော ကျောင်းအများအပြားမှာ ထောက်ပံ့မှု မရရှိခဲ့ပေ။

 

ထို့ကြောင့် လိုအပ်ချက်ရှိသည့် ကျောင်းများ၊ လူသိနည်းသည့် ကျောင်းငယ်များနှင့် အစားထိုးပညာရေး ကျောင်းများကဲ့သို့သော အခက်ခဲဆုံးသောကျောင်းများသည် ထပ်လောင်းအကူအညီလိုအပ်နေကြောင်း Whiteman မှ အလေးပေးပြောကြားခဲ့သည်။

 

Source - Tes Magazine

----------------------------------------

VPN မလိုဘဲ ပညာရေးသတင်းအစုံအလင်ကို ဖတ်ရှုနိုင်ဖို့ Myanmar Education Guide ရဲ့ Telegram Channel ကို အခုပဲ Join ထားလိုက်တော့နော်။

Join our Telegram Channel

> https://t.me/eudcationguide

 

International News Latest Post Read 158 times