Sales Hotline : 09448001653       Download App



သတ္တမ အကြိမ်မြောက် အခြေခံပညာသင်ရိုးညွှန်းတမ်းဆိုင်ရာ အစည်းအဝေးကျင်းပ

သတ္တမ အကြိမ်မြောက် အခြေခံပညာသင်ရိုးညွှန်းတမ်းဆိုင်ရာ ညှိနှိုင်းအစည်းအဝေးကို ယနေ့ နေ့လယ် ၁နာရီတွင် ဗီဒီယို ကွန်ဖရင့်စနစ်ဖြင့် ကျင်းပသည်။

အစည်းအဝေးသို့ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး၊ ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်း၊ အမျိုးသားပညာရေးမူဝါဒကော်မရှင်ဉက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ အမျိုးသား သင်ရိုးညွှန်းတမ်းကော်မတီဉက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ညွှန်ကြားရေးမှူးချုပ်များ၊ ပါမောက္ခချုပ်များ၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ်များ၊ ဘာသာရပ်သင်ရိုးညွှန်းတမ်းကော်မတီဉက္ကဋ္ဌများ၊ သင်ရိုးညွှန်းတမ်းရေးဆွဲရေး အဖွဲ့ဝင်များနှင့်သက်ဆိုင်ရာတာဝန်ရှိသူများ ဗီဒီယို ကွန်ဖရင့်စနစ်ဖြင့် ပါဝင်ဆွေးနွေးကြသည်။

ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကားပြောကြားရာတွင် သင်ရိုးညွှန်းတမ်းညှိနှိုင်း အစည်းအဝေးကို တက်ရောက်လာသည့် အမျိုးသားပညာ ရေးမူဝါဒကော်မရှင်ဉက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ အမျိုးသားသင်ရိုးညွှန်းတမ်းကော်မတီဉက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဘာသာရပ် သင်ရိုးညွှန်းတမ်းကော်မတီဉက္ကဋ္ဌများနှင့် သင်ရိုးညွှန်းတမ်းရေးဆွဲရေး အဖွဲ့ဝင်များ၊ JICA, ADB, EU စသည့်ဖွံ့ဖြိုးမှုမိတ်ဖက်အဖွဲ့အစည်းများ၊ သင်ရိုးညွှန်တမ်းပြုပြင်ပြောင်းလဲရေးအတွက် ကျောင်းသုံးဖတ်စာအုပ်အသစ်ပြုစုခြင်း၊ သင်ကြားသင်ယူမှုနည်းလမ်း ၊ သင်ထောက်ကူပစ္စည်းစသည်ဖြင့် သင်ရိုးညွှန်းနှင့်သက်ဆိုင်သော လုပ်ငန်းများအတွက် ပူးပေါင်းပါဝင်ဆောင်ရွက်ပေးကြသူများတစ် ဦးမကျန် အားလုံးကို ကျေးဇူးတင်ပါကြောင်း၊ တန်ဖိုးထားလေးစား၍ မှတ်တမ်းတင်ဂုဏ်ယူပါကြောင်း၊

Grade- 5, Grade- 8, Grade-11 သင်ရိုးညွှန်းတမ်းပြီးစီးမှုများအတွက် ကျေးဇူးတင်ပါကြောင်း၊ စာအုပ်များပြုစုပြီး Face to Face Training နှင့် အွန်လိုင်း Training များကို ယနေ့ ကိုဗစ်ကာလအခြေအနေအရ ပေါင်းစပ်ဆောင်ရွက်သွားရမည်ဖြစ်ပါကြောင်း၊ ကိုဗစ်ကူးစက်ပြန့်ပွားမှု ထိန်းချုပ်တားဆီးကာကွယ်နေရချိန်တွင် သတိထားဆောင်ရွက်ရန်လိုပါကြောင်း။

တစ်ကမ္ဘာလုံး ယခုကူးစက်ပြန့်ပွားနှုန်းက မျိုးပြောင်းဗီဇဖြစ်ပြီး အင်မတန်ကူးစက်မြန်သည့်အတွက် လုံးဝပေါ့လို့ မရပါကြောင်း၊ ကိုဗစ်နှင့်အတူ ယှဉ်တွဲနေထိုင်ရမည်ဖြစ်သည့်အတွက် ပါးစပ်နှင့်နှာခေါင်းစည်း (Mask) နှင့် မျက်နှာအကာ (Face Shield) တပ်ဆင်ခြင်း၊ ကိုယ်အပူချိန် တိုင်းတာခြင်း၊ စနစ်တကျ စက္ကန့် ၂၀ ကြာ လက်ဆေးရန် ဖြည့်ဆည်းအသုံးပြုခြင်း၊ တစ်ဦးနှင့်တစ်ဦး ၆ ပေ ကွာခြား၍ သတ်မှတ်ချက်များနှင့်အညီ ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ ဗဟိုအဆင့် ကျောင်းအဆင့် သင်ကြားသင်ယူမှုနည်းလမ်းများ ဆင့်ပွား သင်တန်းအတွက် စီစဉ်ဆောင်ရွက်မှုများကို ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ ညွန်ကြားချက်နှင့် ကိုဗစ်ဗဟိုကော်မတီ၏ ညွန်ကြားချက်တွေကို အတိအကျလိုက်နာပြီး ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ အွန်လိုင်းသင်တန်းဆောင်ရွက်ပါက လူတစ်ဉီးချင်းစီသည် ဒစ်ဂျစ်တယ်ပစ္စည်း တစ်ခုစီနှင့် တစ်ဉီးချင်းစီ အိမ်၊ ရုံး စသည့်နေရာသီးသန့်ဖြင့် ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း။

ပညာရေးဝန်ကြီးဌာနအနေဖြင့် မြေပြင်တွင် ပြုလုပ်ပါက ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ခွင့်ပြုချက်ရယူပြီး လူသုံးဆယ် ထက်မပိုဘဲ ဆောင်ရွက်သွားရမည်ဖြစ်ပါကြောင်း၊ အမျိုးသားအဆင့် ဗဟိုကော်မတီကို တင်ပြ၍ စီစဉ်ဆောင်ရွက်ရမည့် လုပ်ငန်းဖြစ်သည့် အတွက် သေသေချာချာ စနစ်တကျစီမံကာ ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ နွေရာသီ သင်တန်းတက်မည့် ဆရာဆရာမ ကျောင်းသားကျောင်းသူများအတွက် ပူပြင်းသောရာသီဥတုတွင် လိုအပ်သော သောက်ရေ သုံးရေ စသည့် လိုအပ်ချက်များ ဖြည်းဆည်းပေးနိုင်ရေး ထည့်သွင်းစဉ်းစားရန် လိုပါကြောင်း။

Grade- 5, Grade- 8, Grade-11 သင်ရိုးညွှန်းတမ်း စာအုပ်သစ်များ ဆောင်ရွက်ပေးမှုကို အင်မတန်အားရပါကြောင်း၊ ပြုစုဆောင်ရွက်ပေးကြသူများ၊ ပူးပေါင်းဆောင်ရွက်ပေးကြသူများနှင့် သက်ဆိုင်ရာ တာဝန်ရှိသူများ အားလုံးကို ကျေးဇူးတင်ပါကြောင်း၊ အရည်အသွေးရှိသော ကျောင်းသုံး ဖတ်စာအုပ်များဖြစ်အောင်၊ အရည်အသွေးရှိသော သင်ကြားသင်ယူမှုများဖြစ်အောင်၊ အရည်အသွေးရှိ သော သင်ကြားသင်ယူမှု သင်ထောက်ကူပစ္စည်းများ အသုံးပြုနိုင်အောင် စီစဉ်ဆောင်ရွက်ပေးကြသော အမျိုးသားသင်ရိုးညွန်းတမ်း ကော်မတီဉက္ကဋ္ဌနှင့်အဖွဲ့ဝင်များကိုလည်း ကျေးဇူးတင်ပါကြောင်း၊ JICA, ADB, EU စသော ဖွံ့ဖြိုးမှုမိတ်ဖက်အဖွဲ့အစည်းများမှ အဖွဲ့များအားလုံးကို ကျေးဇူးတင်ပါကြောင်း၊ ကိုဗစ်ကာလနှင့် လိုက်လျောညီထွေစွာ ဆောင်ရွက်ရသည့်အတွက် အားလုံးတွင် လိုအပ်ချက် အခက်အခဲများရှိ နိုင်ပါကြောင်း၊ အခက်အခဲစသည်များကို ဖြည့်ဆည်း ဆောင်ရွက်ပေးသွားမည်ဖြစ်ပြီး အတူတကွ ဆက်လက်၍ ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ပေးကြရန် မေတ္တာရပ်ခံပါကြောင်း စသည်ဖြင့် အမှာစကားပြောကြားသည်။

ထို့နောက် သင်ရိုးသစ် Grade- 5, Grade- 8 နှင့် Grade-11 ကျောင်းသုံးစာအုပ်နှင့် ဆရာလမ်းညွှန်များပြုစုခြင်းနှင့်စပ်လျဉ်း၍ ဆွေးနွေးကြပြီး အစည်းအဝေးကို အစီအစဉ်အတိုင်း ဆက်လက်ကျင်းပကြကြောင်း သတင်းရရှိသည်။

By Myanmar Education Guide - EDGE

Latest Post News Read 2941 times