ဧရာ၀တီမြစ်ရေလျှံမှုကြောင့် စာသင်ကျောင်း (၁၀၀) ကျော် ယာယီပိတ်ထား

 

ဇူလိုင် လဆန်းပိုင်းမှ စတင်ပြီး  ဧရာဝတီမြစ်နှင့် ချင်းတွင်းမြစ် ရေလျှံမှုတို့ကြောင့် မြစ်ကမ်းနံဘေးရှိ မြို့ရွာများမှ စာသင်ကျောင်းပေါင်း (၁၀၀) ကျော်ကို ရက်အကန့်အသတ်မရှိ ယာယီပိတ်ထားရကြောင်း ပြန်ကြားရေးဝန်ကြီးဌာနမှ သိရပါသည်။

 

ဧရာဝတီမြစ်နှင့် ချင်းတွင်းမြစ်ရေ တိုးမြင့်လာခဲ့သည့်အတွက် မြန်မာပြည်အထက်ပိုင်း ကချင်ပြည်နယ်၊ မြန်မာနိုင်ငံအလယ်ပိုင်း မန္တလေးတိုင်း၊ မကွေးတိုင်း၊ ပဲခူးတိုင်းနှင့် ဧရာဝတီတိုင်းရှိ မြို့ရွာများမှာ ရေကြီးရေလျှံမှုများ ဖြစ်ပေါ်နေပါသည်။ 

 

မြစ်ရေလျှံတက်နေမှုကြောင့် မြစ်ကမ်းအနီးရှိ မြို့ပေါင်း (၂၂) မြို့၌ စိုးရိမ်ရေမှတ်အထက် ကျော်လွန်နေပြီး ရေကြီးရေလျှံမှုများ ကြုံတွေ့နေရကြောင်း (မိုး/ဇလ) ဌာန၏ ဇူလိုင်လ ၁၇ ရက်နေ့ မနက်ပိုင်း ထုတ်ပြန်ချက်များအရ သိရပါသည်။

 

ဧရာ၀တီမြစ်ရေကြီးခြင်းကြောင့် မြစ်လယ်ပိုင်းနှင့် မြစ်အောက်ပိုင်းမှ မြို့များမှာ ရေကြီးရေလျှံမှုကို ကြုံတွေ့နေရပြီး မန္တလေး၊ စစ်ကိုင်း၊ မြင်းမူ၊ ပခုက္ကူ၊ ညောင်ဦး၊ ချောက်၊ မင်းဘူး၊ မကွေး၊ အောင်လံ၊ ပြည်၊ ဆိပ်သာ၊ ဟင်္သာတ၊ ဇလွန် စသည့် မြို့ (၁၃) မြို့ ပါဝင်ပါသည်။ 

 

ချင်းတွင်းမြစ်ရေကြီးကြောင့် မြစ်အထက်ပိုင်း ဟုမ္မလင်းမြို့ကနေ ဖောင်းပြင်၊ မော်လိုက်၊ ကလေး၀၊ မင်းကင်း၊ ကနီ၊ မုံရွာမြို့အထိ မြို့ပေါင်း (၇) မြို့မှာ ရေကြီးရေလျှံမှုများ ဖြစ်ပေါ်နေပြီး ဒုဌ၀တီမြစ်ကြောင့် မြစ်ငယ်မြို့နှင့် ငဝန်မြစ်ကြောင့် ငသိုင်းချောင်းတို့သည် စိုးရိမ်ရေအမှတ်တွင် ဆက်လက်တည်ရှိနေပါသည်။ 

 

အဆိုပါ ရေကြီးရေလျှံမှုများကြောင့် ဇူလိုင်လ (၁၀) ရက်နေ့မှစပြီး ရေဝင်သည့် စာသင်ကျောင်း (၁၀၇) ကျောင်းကို ယာယီပိတ်ထားရကြောင်း RFA သတင်းဌာနမှ ဖော်ပြထားပါသည်။ 

 

လက်ရှိတွင် ပခုက္ကူ၊ ညောင်ဦး၊ ချောက်၊ ပွင့်ဖြူ၊ ဆင်ပေါင်ဝဲ၊ အောင်လံ၊ ကံမ၊ ဇလွန်၊ အင်္ဂပူမြို့နယ်များမှ စာသင်ကျောင်းများကို ယာယီပိတ်ထားရပါသည်။ အများစုမှာ ပခုက္ကူ၊ ပွင့်ဖြူနှင့် ကံမမြို့နယ်ရှိ စာသင်ကျောင်းများ ပါဝင်ပြီး ထိုသုံးမြို့နယ်တည်းမှာတင် စာသင်ကျောင်းပေါင်း (၇၁) ကျောင်း ပိတ်ထားရခြင်းဖြစ်ပါသည်။ 

 

ယာယီပိတ်ထားသည့်ကျောင်းများကို ရေများပြန်လည်ကျသည့်အခါ ကျောင်းပိတ်ရက်များတွင် အစားထိုးပြန်လည် ဖွင့်လှစ်သင်ကြားပေးမည်ဖြစ်ကြောင်းလည်း မြို့နယ်ပညာရေးမှူးများထံမှ သိရပါသည်။ 

 

Source - RFA , မြန်မာ့အလင်း 

 

Latest Post Local News Read 304 times