ရန်ကုန်တက္ကသိုလ် နှစ်(၁၀၀)ပြည့် ရာပြည့်အထိမ်းအမှတ် သုတေသနစာတမ်းဖတ်ပွဲ ကျင်းပ

Sustainable Development Goals to Transform Peaceful and Prosperous Myanmar ခေါင်းစဉ်ဖြင့် ကျင်းပသည့် ရန်ကုန်တက္ကသိုလ် နှစ်(၁၀၀)ပြည့် ရာပြည့်အထိမ်း အမှတ် သုတေသနစာတမ်းဖတ်ပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် ရန်ကုန် တက္ကသိုလ် သုတေသနစင်တာ၌ ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ကျင်းပသည်။

ရှေးဦးစွာ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက ရန်ကုန်တက္ကသိုလ်သည် ပြည်ထောင်စုကြီးတွင် နေထိုင်ကြသည့် တိုင်းရင်းသား ညီအစ်ကို မောင်နှမ ပြည်သူအားလုံး၏နှလုံးသားဖြစ်သလို ပြည်ထောင်စုကြီးတွင်ရှိသည့် တက္ကသိုလ် အားလုံး၏မိခင်၊ ဂုဏ်ဆောင်တက္ကသိုလ်အဖြစ် တန်ဖိုးထားမြတ်နိုးကြပါကြောင်း၊ တက္ကသိုလ်၏ အသက်သွေးကြောသည် သုတေသနဖြစ်သည့်အတွက် ရန်ကုန်တက္ကသိုလ် နှစ်တစ်ရာ ပြည့် ရာပြည့်သဘင်အထိမ်းအမှတ်အဖြစ် ယခု သုတေသနစာတမ်းဖတ်ပွဲကို Sustainable Development Goals to Transform Peaceful and Prosperous Myanmar ခေါင်းစဉ်ဖြင့် ဦးစီးကျင်းပသည့် ပါမောက္ခချုပ်များကော်မတီဥက္ကဋ္ဌ ဆရာကြီး ဒေါက်တာဇော်ဝေစိုး၊ ရန်ကုန် တက္ကသိုလ် ပါမောက္ခချုပ် ဆရာကြီး ဒေါက်တာ ဖိုးကောင်းနှင့် တာဝန်ရှိသူများ၊ စာတမ်း ဖတ်ကြားသည့် ဆရာဆရာမ၊ ပညာရှင်(၇၆)ဦး တို့ကိုလည်း အထူးဂုဏ်ပြုအပ်ပါကြောင်း၊ ၂၀၁၆ ခုနှစ် Sustainable Development Report တွင် မြန်မာနိုင်ငံ၏ SD အညွှန်း ကိန်းမှာ ၄၄ ဒသမ ၅ ဖြစ်၍ ၂၀၂၀ ခုနှစ်တွင် SD အညွှန်းကိန်းမှာ ၆၄ ဒသမ ၆ ထိ တိုးတက်လာ သည်ကို တွေ့ရမည်ဖြစ်ပါကြောင်း။ ယခု သုတေသနညီလာခံကလည်း SD အညွှန်းကိန်းများ နှင့် နိုင်ငံတကာတက္ကသိုလ် အဆင့်မြင့်မားလာစေရေးတို့ကို အထောက်အကူ ဖြစ်စေမည်ဟု ယုံကြည်ပါကြောင်း။

ကိုဗစ်-၁၉ ကမ္ဘာ့ကပ်ရောဂါ ကာကွယ်ထိန်းချုပ်တားဆီးနေရသည့် ကာလဖြစ်၍ ယခု သုတေသနညီလာခံကို ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် စီစဉ်ကျင်းပရခြင်း ဖြစ်သောကြောင့် ဆရာ ဆရာမများအားလုံးတို့ကို ရှိရင်းအရင်းအမြစ်နှင့် တီထွင်ကြံဆ ဖြေရှင်းဆောင်ရွက်တတ် အောင် သင်ကြားသင်ယူပေးသည့် သင်ဆရာ၊ မြင်ဆရာ၊ ကြားဆရာများ အားလုံးတို့၏ ကျေးဇူးအင်မတန်ကြီးမားပါကြောင်း၊ ယခုသုတေသန ညီလာခံတွင် သုတေသန စာတမ်း များ ဖတ်ကြားဆွေးနွေးခြင်း၊ အမြင်ချင်းဖလှယ်ကာ အကြံဉာဏ်ပေးခြင်း၊ စီးပွားရေး လုပ်ငန်း လူ့အဖွဲ့အစည်းများကို ကူညီပံ့ပိုးရန် ကြိုးစားဆောင်ရွက်ခြင်း၊ ကျောင်းသား ကျောင်းသူများ အား စာတွေ့လက်တွေ့ လုပ်ငန်းခွင်နှင့် ချိတ်ဆက်ပေးရန် ကြိုးပမ်းဆောင်ရွက်ခြင်းတို့ကို အထူးဂုဏ်ယူစွာ ချီးကျူးပါကြောင်း။

သဘာဝသယံဇာတ အရင်းအမြစ်များသည် limited resources ဖြစ်ပါကြောင်း၊ သင်ယူခြင်း Learning ကမူ infinite resources အနန္တအရင်းအမြစ်များဖြစ်သလို infinite treasure အနန္တ ရတနာသိုက် ဖြစ်ပါကြောင်း၊ ရန်ကုန်တက္ကသိုလ်ကြီး၏ အမှတ်တံဆိပ်တွင် ဖော်ပြထားသည့် “နတ္ထိ ဝိဇ္ဇာ၊ သမံ မိတ္တံ“ ၏ဆိုလိုရင်းမှာ “ပညာသင်ယူခြင်းနှင့် တူသော မိတ်ဆွေသည် မရှိ” ဟူသည့်အတိုင်း ပြည်ထောင်စုဖွား တိုင်းရင်းသားများအားလုံး မိမိတို့၏ မိတ်ဆွေစစ် မိတ်ဆွေမှန်မှာ သင်ယူခြင်းဖြစ်၍ တစ်သက်တာလုံး သင်ယူကြစေလိုပါ ကြောင်း။

ရန်ကုန်တက္ကသိုလ်ကြီးသည် ပြည်ထောင်စုဖွား တိုင်းရင်းသားအားလုံးတို့အတွက် အကျိုးရှိသည့် ဘာသာရပ်များကို တစ်သက်တာသင်ယူနိုင်သည့် ဂုဏ်ဆောင် တက္ကသိုလ် ကြီးဖြစ်ပြီး ကမ္ဘာတည်သရွေ့ တည်တံ့ပါစေရန် ဆုမွန်ကောင်း ပို့သပါကြောင်း ပြောကြား သည်။

ယင်းနောက် သုတေသနစာတမ်းဖတ်ပွဲနှင့်ဟောပြောပွဲကျင်းပရေးလုပ်ငန်း ကော်မတီ ဥက္ကဋ္ဌ၊ ပါမောက္ခချုပ်များကော်မတီဥက္ကဋ္ဌ ဒေါက်တာဇော်ဝေစိုးနှင့် ရန်ကုန် တက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာဖိုးကောင်းတို့က အဖွင့်အမှာစကား ပြောကြားသည်။

ထို့နောက် သုတေသနစာတမ်းရှင်များက သက်ဆိုင်ရာခေါင်းစဉ်များအလိုက် စာတမ်း များကို ဖတ်ကြားကြသည်။

အဆိုပါ ရန်ကုန်တက္ကသိုလ် နှစ်(၁၀၀)ပြည့် ရာပြည့်အထိမ်းအမှတ် သုတေသန ညီလာခံကို နိုဝင်ဘာ (၁၉) ရက်မှ (၂၀) ရက်အထိ (၂)ရက်ကြာ ကျင်းပသွားမည်ဖြစ်ပြီး တက္ကသိုလ်(၄၂)ခုမှ ဆရာ ဆရာမ သုတေသန စာတမ်းပညာရှင် (၇၆)ဦးတို့က သုတေသန စာတမ်း(၇၆)စောင်ကို ဖတ်ကြားကြမည်ဖြစ်ကြောင်း သိရသည်။

Educational Information Department

Latest Post Read 522 times