ပညာရေးဝန်ကြီးဌာနသည် ၂၀၂၃ ခုနှစ်၊ မေလမှစ၍ ပုဂ္ဂလိကပညာရေးဥပဒေကို တရားဝင် ရေးဆွဲပြဌာန်းခဲ့ပါသည်။ ထို့ကြောင့် မြန်မာနိုင်ငံရှိ ပုဂ္ဂလိကကျောင်းများအနေဖြင့် လိုက်နာဆောင်ရွက်ရမည့် အပြောင်းအလဲများနှင့် မူဝါဒအသစ်များ ပေါ်ထွက်လာပါသည်။
ပုဂ္ဂလိကကျောင်းတည်ထောင်ထားသူများဖြစ်စေ၊ ပုဂ္ဂလိကကျောင်း စတင်တည်ထောင်လိုသူများဖြစ်စေ သိထားရမည့် ပုဂ္ဂလိကကျောင်းဆိုင်ရာ မူဝါဒအသစ်များကို စုစည်းဖော်ပြအပ်ပါသည်။
(၁) ပုဂ္ဂလိကကျောင်းများအားလုံးသည် သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ ဒေသဆိုင်ရာ ကြီးကြပ်ရေးအဖွဲ့ထံသို့ မှတ်ပုံတင်လျှောက်ထားရန် လိုအပ်မည်ဖြစ်ပါသည်။ မှတ်ပုံတင်လျှောက်ထားရမည့် ကျောင်းအမျိုးအစားများမှာ အောက်ပါအတိုင်း ဖြစ်ပါသည်။
(၂) အောက်ဖော်ပြပါ ကျောင်းစာသင်ခန်း အကျယ်အဝန်းနှင့်ပတ်သက်သော သတ်မှတ်ချက်များအတိုင်း လိုက်နာဆောင်ရွက်ခြင်းမရှိပါက ကျောင်းဖွင့်လှစ်ခွင့်ပေးမည် မဟုတ်ကြောင်းလည်း သိရပါသည်။
မူလတန်းအဆင့်
(၁) ကျောင်းသားတစ်ဦးအတွက် စာသင်ခန်းကြမ်းပြင် ဧရိယာ ၁၂ စတုရန်း ပေအောက် မလျော့နည်းခြင်း။
(၂) စာသင်ခန်း၏ အနံသည် အနည်းဆုံး ၁၅ ပေ ရှိခြင်း။
(၃) စာသင်ခန်း တစ်ခုတွင် ကျောင်းသား ၄၀ ဦးထက် မပိုခြင်း။
အလယ်တန်းအဆင့်နှင့် အထက်တန်းအဆင့်
(၁) ကျောင်းသားတစ်ဦးအတွက် စာသင်ခန်းကြမ်းပြင် ဧရိယာ ၁၈ စတုရန်း ပေအောက် မလျော့နည်းခြင်း။
(၂) စာသင်ခန်း၏ အနံသည် အနည်းဆုံး ၂၀ ပေ ရှိခြင်း။
(၃) စာသင်ခန်း တစ်ခုတွင် ကျောင်းသား ၄၀ ဦးထက် မပိုခြင်း။
(၃) ပုဂ္ဂလိကကျောင်းများအနေဖြင့် ကျောင်းအပ်လက်ခံပြီး ကြိုတင် စာသင်ကြားခြင်း ပြုလုပ်ပါက ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း ကြေညာချက် ထုတ်ပြန်ထားပါသည်။ ပုဂ္ဂလိကကျောင်းများသည် အခြေခံပညာကျောင်းများ မဖွင့်လှစ်ခင်အချိန်တွင် ကျောင်းဖွင့်လှစ်ခြင်းနှင့် ကြိုတင်စာသင်ကြားခြင်း မပြုလုပ်ရန် ညွှန်ကြားထားခြင်းဖြစ်သည်။
(၄) ပုဂ္ဂလိကကျောင်းများတွင် အခြေခံပညာကျောင်းများနည်းတူ နေ့စဉ်ကျောင်းတက်ချိန်၌ မြန်မာနိုင်ငံတော်အလံကို အလေးပြုခြင်းနှင့် နိုင်ငံတော်သီချင်းကို သီဆိုရပါမည်။
(၅) နိုင်ငံတကာသင်ရိုးညွှန်းတမ်းနှင့် သင်ကြားသော ပုဂ္ဂလိကကျောင်းများတွင် ကျောင်းသားများ ပြည်ထောင်စုစိတ်ဓာတ် ရှင်သန်စေရန်၊ မြန်မာ့ယဉ်ကျေးမှု မပျောက်ပျက်စေရန် မြန်မာစာ၊ မြန်မာ့သမိုင်းနှင့် မြန်မာ့ပထဝီဝင်အပါအဝင် အမျိုးသားသင်ရိုးညွှန်းတမ်းကော်မတီမှ သတ်မှတ်ထားသည့် သင်ရိုးညွှန်းတမ်းအပြည့်အစုံကို သင်ကြားခြင်းပြုလုပ်ရမည်ဟု အသိပေးထားပါသည်။
(၆) နိုင်ငံတကာကျောင်းများနှင့် ပုဂ္ဂလိကကျောင်းများအနေဖြင့် ဝါတွင်းကာလကျောင်းပိတ်ရက်များကို အစိုးရကျောင်းများ ပိတ်သည့်အတိုင်း တပြေးညီပိတ်ပေးပိတ်ရပါမည်။ ဝါတွင်းကာလ၌ အခြေခံပညာကျောင်းများ၊ မြန်မာသင်ရိုးဖြင့် သင်ကြားနေသော ပုဂ္ဂလိကကျောင်းများနှင့် နိုင်ငံတကာသင်ရိုးဖြင့် သင်ကြားနေသော ပုဂ္ဂလိကကျောင်းများတွင် ရက်သတ္တတစ်ပတ်လျှင် ဥပုသ်နေ့နှင့် တနင်္ဂနွေနေ့ နှစ်ရက်ကို ကျောင်းပိတ်ရက်များအဖြစ် သတ်မှတ်ရန် ကြေညာချက် ထုတ်ပြန်ထားပါသည်။
(၇) ပြည်တွင်း၌ ဖွင့်လှစ်ထားသည့် ပုဂ္ဂလိက တက္ကသိုလ်များအနေဖြင့် သတ်မှတ်ထားသည့် တက္ကသိုလ်စံနှုန်းနှင့် မကိုက်ညီပါက ကောလိပ်အဖြစ် အမည်ပြောင်းလဲဖွင့်လှစ်ရပါမည်။ လက်ရှိတွင် ရန်ကုန်မြို့ရှိ ပုဂ္ဂလိက တက္ကသိုလ်ပေါင်း (၄၀) ကျော်ကို ပညာရေးဝန်ကြီးဌာနမှ University အမည်ဖြုတ်ချရန် ညွှန်ကြားထားပါသည်။
၂၀၂၃ နှစ်ဝက်မှစ၍ ၂၀၂၄ ခုနှစ်အတွင်း ပညာရေးဝန်ကြီးဌာနမှ ညွှန်ကြားခဲ့သည့် အမိန့်စာများကို စုစည်းဖော်ပြခဲ့ခြင်းဖြစ်ပါသည်။ ပုဂ္ဂလိကကျောင်းများအနေဖြင့် အဆိုပါ ညွှန်ကြားချက်များကို လိုက်နာဆောင်ရွက်ရန် အရေးကြီးပြီး သတ်မှတ်စံနှုန်းများနှင့် မကိုက်ညီကြောင်း စစ်ဆေးတွေ့ရှိပါက ဥပဒေအရ အရေးယူခံရမည်ဖြစ်သည်။
-------------------------------------------
VPN မလိုဘဲ ပညာရေးသတင်းအစုံအလင်ကို ဖတ်ရှုနိုင်ဖို့ Myanmar Education Guide ရဲ့ Telegram Channel ကို အခုပဲ Join ထားလိုက်တော့နော်။
Join our Telegram Channel