နိုင်ငံတော်သမ္မတ၏ ပညာသင်ဆုကို နိုင်ငံတော်ပညာသင်ဆုအဖြစ် အမည်ပြောင်းလဲ၊ အဆင့်မြင့် ပညာရေး ကဏ္ဍလိုအပ်ချက်ကိုသာ အဓိကထားပေးအပ်မည်ဟု ပြော

နိုင်ငံတော်သမ္မတ၏ ပညာသင်ဆုကို နိုင်ငံတော်ပညာသင်ဆုအဖြစ် အမည်ပြောင်းလဲ၊ အဆင့်မြင့် ပညာရေး ကဏ္ဍလိုအပ်ချက်ကိုသာ အဓိကထားပေးအပ်မည်ဟု ပြော

အောက်တိုဘာလ ၂၀ ရက် ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာလှမိုးက နိုင်ငံတော်သမ္မတ၏ ပညာသင်ဆုနှင့် ပတ်သက်သည့် လုပ်ငန်းစဉ်များအား စီမံခန့်ခွဲ၍ အများပြည်သူသိရှိအောင် ဆောင်ရွက်ရန် မေးမြန်းမှုအပေါ် ဒုတိယ၀န်ကြီးက ပြောကြားခဲ့သည်။

နိုင်ငံတော်သမ္မတပညာသင်ဆုကို ယခင်အစိုးရလက်ထက်တွင် စတင်ဆောင်ရွက်ခဲ့ပြီး ယနေ့အချိန်ထိ မည်သည်မျှမသိရကြောင်း ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်တွင် ၁၁ ဒသမ ၆ ဘီလီယံ ချီးမြှင့်ရန် ဘတ်ဂျက်တွင် ပါဝင်သော်လည်း ကျန်အချက်များကို မသိရဖြစ်နေကြောင်း ပြောသည်။

“ပညာသင်ဆုအသုံးစရိတ်အဖြစ် နိုင်ငံတော်ပညာသင်ဆု ၁၁ ဒသမ ၆ ဘီလီယံနဲ့ ပတ်သက်ပြီး ပညာသင်ဆု ပေးတဲ့နေရာမှာ အမြောက်အမြား အသုံးပြုပြီး အဟောသိကံဖြစ်သွားမှာလည်း စိုးရိမ်ပါတယ်။ ပညာသင်ဆုကို လိုလားနေတဲ့သူတိုင်း အမှန်တကယ် ရစေချင်ပါတယ်” ဟု ဆိုသည်။

READ - မြန်မာကျောင်းသားများအတွက် နိုင်ငံတကာပညာသင်ဆု အခွင့်အရေး

ပညာရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီးက နိုင်ငံတော်သမ္မတပညာသင်ဆုကို ၂၀၁၅-၂၀၁၆ ဘဏ္ဍာရေးနှစ်တွင် စတင်ပေးအပ်ခဲ့ပြီး ပညာသင်ဆုရရှိသူ ၁၁၇ ဦးရှိကာ ၄င်းတို့အနက် သင်တန်းမပြီး ပြတ်သူများကို ဆက်လက်ထောက်ပံ့ခြင်း၊ ဘွဲ့လွန်၊ မဟာတန်း၊ ပါရဂူတန်းတို့မှ ထူးချွန်ဝန်ထမ်းများကို ပညာသင်ဆုပေးအပ်ခဲ့သည်ဟု ဆိုသည်။

ယခုအခါ နိုင်ငံတော်သမ္မတပညာသင်ဆုကို နိုင်ငံတော်ပညာသင်ဆုအဖြစ် ပြောင်းလဲသတ်မှတ်ပြီး စိစစ်ရေကော်မတီကို ပြင်ဆင်ဖွဲ့စည်းကာ ပညာရေးဝန်ကြီးဌာနက ဥက္ကဌအဖြစ် ဆောင်ရွက်ခြင်းနှင့် လုပ်ငန်းအဖွဲ့ကိုလည်း သီးသန့်ဖွဲ့စည်းဆောင်ရွက်နေကြောင်း ဒုဝန်ကြီးက ပြောသည်။

“အဓိက ကွာခြားချက်ကတော့ အရင်တုန်းကတော့ ဘယ်သူမဆို ဘယ်လိုအစီစဉ် ဖြစ်ဖြစ် ဘယ်တက္ကသိုလ်မဆို ပညာသင်ထောက်ပံ့ရန် စီစဉ်ဆောင်ရွက်ခဲ့ပေမယ့် ယခုအခါမှာ ပညာသင်ဆုအနေနဲ့ လိုအပ်ချက်တဲ့ရှိတဲ့ ဆေးတက္ကသိုလ်များ၊ တိရစ္ဆာန်မွေးမြူရေးတက္ကသိုလ်များ၊ စိုက်ပျိုးရေးတက္ကသိုလ်များ၊ နိုင်ငံတော်ရဲ့ အဆင့်မြင့်ပညာရေးကဏ္ဍလိုအပ်ချက်ကိုသာ ဦးစားပေးပြီး နိုင်ငံတော်ပညာသင်ဆုအဖြစ် ပေးအပ်ရန် ဆောင်ရွက်လျက်ရှိပါတယ်” ဟု ပြောသည်။

လက်ရှိအချိန်တွင် နိုင်ငံတော်ပညာသင်ဆုရွေးချယ်ရေး လုပ်ငန်းအဖွဲ့က နိုင်ငံတော်ပညာသင်ဆု ရွေးချယ်ရေး စီမံချက်ပြုစုနေပြီး နိုင်ငံတော်သမ္မတရုံးသို့ တင်ပြဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။

ပညာသင်များ သင်ကြားရေးတွင် စနစ်ကျစေရန် ပညာသင်လက်ခံမည့် နိုင်ငံများနှင့် MoU ရေးထိုးမှုကို ဦးစွာ လုပ်ဆောင်ပြီး နိုင်ငံတော်အတွက် လိုအပ်နေသည့် လုပ်ငန်းနယ်ပယ်များအတွက် နိုင်ငံတော်ပညာသင်ဆုအဖြစ် မဟာတန်း၊ ပါရဂူတန်းများကို စာချုပ်ချုပ်ဆိုစေလွှတ်မည်ဟု ဒုဝန်ကြီး၏ ပြောကြားချက်အရ သိရသည်။

ယခု ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်ဘတ်ဂျက်တွင် နိုင်ငံတော်သမ္မတပညာသင်ဆုအဖြစ် ၁၁ ဒသမ ၆ ဘီလီယံ၊ အဆင့်မြင့်ပညာအတွက် ပညာသင်ဆု ၉ ဒသမ ၇ ဘီလီယံ၊ အခြေခံပညာအတွက် ပညာသင်ဆု နှစ်ဘီလီယံ လျာထားကြောင်း သိရသည်။

မိမိတို့ တက်ရောက်လိုသည့် သင်တန်းကျောင်းများနှင့် ပုဂ္ဂလိက တက္ကသိုလ်များကို ရှာဖွေလိုပါက ဒီ Link မှာရှာဖွေနိုင်ပါသည်။

Source: democracy today

Local Read 2948 times