ကိုဗစ်အလွန်တွင် ပညာရေးပူးပေါင်းဆောင်ရွက်မှု အခွင့်အလမ်းများကို Virtual စနစ်ဖြင့် ဆွေးနွေး

ပညာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးသည် ယမန်နေ့ မွန်းလွဲ ၂ နာရီက မြန်မာနိုင်ငံဆိုင်ရာ ဖင်လန်နိုင်ငံ သံအမတ်ကြီး Ms Riikka Laatuနှင့် လက်ရှိဖင်လန်-မြန်မာ ပညာရေးပူးပေါင်းဆောင်ရွက်မှုများနှင့် ကိုဗစ်အလွန်တွင် ပူးပေါင်းဆောင်ရွက်မည့် အခွင့်အလမ်းများကို Virtual စနစ်ဖြင့် ဆွေးနွေးခဲ့ကြပါသည်။ 

ဆွေးနွေးပွဲ၌ ပညာရေးဝန်ကြီးက ဩစတြေးလျနိုင်ငံ၊ ယူကေအပြည်ပြည်ဆိုင်ရာ ဖွံ့ဖြိုးတိုးတတ်ရေးဌာန (DFID) နှင့် ဖင်လန်နိုင်ငံတို့၏ ပူးပေါင်းရန်ပုံငွေဖြင့် ယူနက်စကိုမှ ပံ့ပိုးလျက်ရှိသော Strengthening Pre-Service Teacher Education (STEM) Project နှင့် ဒိန်းမတ်၊ သြစတြေးလျ၊ ဖင်လန်နိုင်ငံတို့နှင့် ပူးပေါင်းလျက် ကမ္ဘာ့ဘဏ်မှ အဓိက ပံ့ပိုးသူအဖြစ် ထောက်ပံ့ပေးလျက်ရှိသော Decentralized Funding for School Program (DFSP) တို့အပြင် ဖင်လန်နိုင်ငံမှ ပူးပေါင်းထည့်ဝင်သော Inclusive Access and Quality Education (IAQE) Project တို့အတွက် ကျေးဇူးအထူးတင်ရှိပါကြောင်း ပြောကြားခဲ့ ပါသည်။ 

ထို့နောက်တွင် ဖင်လန်နိုင်ငံ သံအမတ်ကြီးက ၄နှစ်တာ ဖွံ့ဖြိုးတိုးတက်ရေးပူးပေါင်း ဆောင်ရွက်မှုအစီအစဉ် (၂၀၂၁-၂၀၂၄) ၏ရည်မှန်းချက်ဖြစ်သည့် ငြိမ်းချမ်း၍ သာယာ ဝပြောသော ဒီမိုကရေစီမြန်မာနိုင်ငံ ဖြစ်လာရေးကို အထောက်အကူပြုရန်အတွက် ဖင်လန်နိုင်ငံမှ ပူးပေါင်းဆောင်ရွက်မည် ဖြစ်ပါကြောင်း၊ ဖင်လန်နိုင်ငံမှ မြန်မာနိုင်ငံအတွက်ချမှတ်သော အစီအစဉ်များတွင် မြန်မာနိုင်ငံ၏ပညာရေးသည် အဓိကဦးစားပေး(၃)ခုအနက် ဦးစားပေးတစ်ခုအဖြစ် ပါဝင် ပါကြောင်း၊ ကလေးများအတွက် အရည်အသွေးရှိသောပညာရေးနှင့် ဆရာ/ဆရာမများ၏ စွမ်းဆောင်ရည် မြှင့်တင်ရေးကို အဓိကထားပါကြောင်း၊ ဦးစားပေးနယ်ပယ်များသည် မြန်မာနိုင်ငံတွင် ဦးစားပေးအကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသောစီမံကိန်းလုပ်ငန်းများနှင့် လိုအပ် ချက်များအပေါ် အခြေခံ၍ ရွေးချယ်ပါကြောင်းဖြင့် ဆွေးနွေးခဲ့ပါသည်။

 ဆွေးနွေးပွဲသို့ ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်းနှင့် ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယ အမြဲတမ်းအတွင်းဝန်နှင့် ဖင်လန်နိုင်ငံခြားရေးဝန်ကြီးဌာနနှင့် ဖင်လန်သံရုံးမှ တာဝန်ရှိသူ များတက်ရောက်ခဲ့ကြကြောင်း သတင်းရရှိပါသည်။

Educational Information Department

Latest Post Read 676 times