မဲရုံတာဝန်ကျ ဆရာ၊ ဆရာမများအရေးနှင့် ပတ်သက်၍ သဘောထား ကြေညာချက် ထုတ်ပြန်ခြင်း

၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ (၈) ရက်၊ တနင်္ဂနွေနေ့တွင် တိုင်းပြည်၏ အနာဂတ်ကံကြမ္မာ အတွက် အလွန်အရေးကြီးသည့် အထွေထွေ ရွေးကောက်ပွဲကြီး ကျင်းပတော့မည် ဖြစ်ပါသည်။ သို့ပါ၍ နိုင်ငံတစ်ဝန်းရှိ မဲရုံများတွင် မဲရုံမှူးများ၊ ဒုမဲရုံမှူးများ၊ မဲလက်မှတ် ထုတ်ပေးသူများ၊ မဲစာရင်းစစ်ဆေးသူများအဖြစ် ထမ်းဆောင်ရန် အခြေခံပညားစီးဌာနမှ ဆရာ၊ ဆရာမများ အများစုကို တာဝန်များ ပေးအပ်ထားကြောင်း သိရှိရပါသည်။ 

အထွေထွေရွေးကောက်ပွဲများသည် ဒီမိုကရေစီစနစ်အတွက် အသက်တစ်မျှ အရေးကြီးလှသည်ဖြစ်ရာ နိုင်ငံတစ်ဝန်းရှိ မဲရုံအသီးသီး၌ တာဝန်ပေးအပ်ခြင်းခံရသော ဆရာ၊ ဆရာမများသည် သမိုင်းပေး တာဝန်တစ်ရပ်ကို ထမ်းဆောင် နေသည်ဟု ခံယူကာ၊ ပြည်သူလူထု၏ အကျိုးကိုသာ ရှေးရှုလျှက် ပြည်သူလူထု၏ဆန္ဒကို အမှန်တကယ် ထင်ဟပ်စေမည့် ရွေးကောက်ပွဲရလဒ်များ ပေါ်ထွန်းလာစေရန် အနှောင်အဖွဲ့ကင်းစွာ၊ အကြောက်တရားကင်းစွာ၊ သမာသမတ်ကျစွာဖြင့် မဲရုံတာဝန်များကို အထူးအလေးထား ဆောင်ရွက်ပေးကြ မည်ဟု မိမိတို့ အဖွဲ့ချုပ်မှ မမှိတ်မသုံ ယုံကြည်ပါသည်။ 

ပြီးခဲ့သည့် ၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲတွင် မဲရုံတာဝန်ကျ ဆရာမတစ်ဦးအား မဲရှုံးပါတီတစ်ခုမှ လီဆယ် တိုင်တန်း တရားစွဲဆိုမှုတစ်ခု ရှိခဲ့သည့်အပြင် မဲရုံတာဝန်ကျ ဆရာ၊ ဆရာမများအား အနှောက်အယှက်ပြုမှုများလည်း ကြုံတွေ့ခဲ့ရပါသည်။ ၎င်းဖြစ်စဉ်များအတွက် မိမိတို့ အဖွဲ့ချုပ်မှ တတ်စွမ်းသမျှ ကူညီဖြေရှင်းခဲ့ပါသည်။ ၄။ ထို့ကြောင့် သက်ဆိုင်ရာ အဖွဲ့အစည်းများနှင့် နိုင်ငံရေးအင်အားစုများအနေဖြင့် မဲရုံတာဝန်ကျ ဆရာ၊ ဆရာမများအပေါ် မလျော်သြဇာ အသုံးပြုကာ ဖိအားပေးခြင်း၊ အကြပ်ကိုင်ခြင်း၊ ခြိမ်းခြောက်ခြင်းများကို ရှောင်ရှားပြီး တာဝန်ကျ ဆရာ၊ ဆရာမများ၏ လိုအပ်ချက်များကို ကူညီဖြည့်ဆည်း ပေးကြပါရန် မိမိတို့ အဖွဲ့ချုပ်မှ အလေးအနက်ထား တိုက်တွန်း အပ်ပါသည်။ 

မဲရုံတာဝန်ကျ ဆရာ၊ ဆရာမများအနေဖြင့် မိမိတို့တာဝန်များကို ထမ်းဆောင်ရာတွင် မလိုလားအပ်သော ခြိမ်းခြောက်မှုများ၊ ဖိအားပေးမှုများ၊ အကြပ်ကိုင်မှုများ ကြုံတွေ့ခံစားလာပါက လိုအပ်သည့် သက်သေအထောက်အထားများ စုဆောင်း ပြီး ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် အဆင့်အဆင့်ထံသို့ တိုင်ကြားသွားရန် အကြံပြုအပ်ပါသည်။ မိမိတို့ အဖွဲ့ချုပ်အား ဆက်သွယ် အကူအညီ တောင်းခံလာပါကလည်း ဥပဒေဘောင်အတွင်းမှ ထိရောက်စွာ ကူညီဖြေရှင်းသွား မည် ဖြစ်ကြောင်း မဲရုံတာဝန်ကျ ဆရာ၊ ဆရာမများ အား လေးစားစွာ တင်ပြအပ်ပါသည်။

By Myanmar Education Guide - EDGE
 

Latest Post Read 2846 times