ကျောင်းများ ပြန်ဖွင့်နိုင်ရန်အတွက် ကိုဗစ်ကူးစက်မှုအပေါ် မူတည်၍ စီစဉ်နေ

ပညာသင်နှစ် တစ်နှစ်အောက်မည် ဆိုသည်မှာ မဟုတ်မှန်ဘဲ ကျောင်းများပြန်ဖွင့်နိုင်ရန်အတွက် ကိုဗစ်ကူးစက်မှုအပေါ် မူတည်၍ စီစဉ်နေကြောင်း အခြေခံပညာဦးစီးဌာနမှ သိရသည်။

စာသင်ကျောင်းများပြန်ဖွင့်ရန် လောလောဆယ်တွင် အစီအစဉ်များကို ရေးဆွဲနေပြီး ပညာရေးဝန်ကြီးဌာနက အသိပေးသွားမည်ဖြစ်ကြောင်း၊ဖွင့်နိုင် မဖွင့်နိုင် ချက်ချင်းပြော၍ မရခြင်းမှာ ကိုဗစ်ကူးစက်မှုအပေါ် မူတည်နေပြီး ယခုလက်ရှိတွင် စောင့်ကြည့်ဆဲ ကာလဖြစ်နေသောကြောင့် လောလောဆယ် အစီအစဉ် ဆွဲခြင်းများပြုလုပ်နေကာ ထုတ်ပြန်မည့် အချိန်ကို အသိပေးမည်ဖြစ်ကြောင်း အခြေခံပညာဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးကပြောသည်။

ပညာရေးဝန်ကြီးဌာနသည် စာသင်ကျောင်းများ ပိတ်ထားရသောကြောင့် အခြေခံပညာအတန်းများ၏ သင်ရိုးညွှန်းတမ်းများကို ရုပ်သံလိုင်းများမှ တစ်ဆင့်ထုတ်လွှင့် ပြသရန် စီစဉ်နေပြီး Free to Air ရုပ်သံမီဒီယာများဖြစ်သည့် MRTV, MRTV-4, Sky Net, Myanmar Eduction Channel,MNTVနှင့် မြဝတီရုပ်သံမီဒီယာများတွင် အထက်တန်း၊ အလယ်တန်းနှင့် မူလတန်း များ၏ သင်ရိုးညွှန်းတမ်းများအား ထုတ်လွှင့်ပြသရန် စီစဉ်နေကြောင်း သိရသည်။ ထို့အပြင် လျှပ်စစ်မီးနှင့် တီဗီမရှိသည့် ဒေသများတွင် ရေဒီယိုများမှ တစ်ဆင့် ပို့ချပေးသွားမည်ဖြစ်သည်။

လက်ရှိတွင် MRTV နှင့် Myanmar Education Channel တို့တွင် ယခင်က ရေးဆွဲပြီးသားဖြစ်သည့် သင်ရိုးညွှန်းတမ်းများကို ထုတ်လွှင့်ပြသလျက်ရှိပြီး တစ်နိုင်ငံလုံးရှိ စာသင်ကျောင်းများ ကို ကိုဗစ်ကပ်ရောဂါပျံ့နှံ့မှုကြောင့် နှစ်လနီးပါး နောက်ကျပြီးမှ ဇူလိုင် ၂၁ ရက်တွင် အထက်တန်းများကို စတင်ဖွင့်လှစ်ခွင့်ပြုခဲ့သည်။

ထို့နောက် အထက်တန်းများ ဖွင့်လှစ်ပြီး ရက်သတ္တပတ်အကြာတွင် အလယ်တန်းနှင့် မူလတန်းများကို ဖွင့်လှစ်ရန် ကနဦးက စီစဉ်ထားခဲ့သော်လည်း သြဂုတ်လအတွင်း ရခိုင်ပြည်နယ်တွင် ကိုဗစ်ပြည်တွင်းကူးစက်မှုများ ပျံ့နှံ့လာခဲ့သောကြောင့် တစ်နိုင်ငံလုံးရှိ အထက်တန်းကျောင်းများ ပြန်လည်ပိတ်ခဲ့ရခြင်းဖြစ်ကြောင်း အခြေခံပညာဦးစီးဌာနမှ သိရသည်။

သြဂုတ် ၂၇ ရက်မှစတင်ပြီး တစ်နိုင်ငံလုံးတွင် ဖွင့်လှစ်ထားရှိသည့် အခြေခံပညာ အထက်တန်းကျောင်း၊ ဘုန်းတော်ကြီးသင် ကျောင်းပညာရေးကျောင်းနှင့် ပုဂ္ဂလိက ကျောင်း၊ စုစုပေါင်း ၆၅၂၆ ကျောင်းကို ပိတ်ရန် ကိုဗစ်ဗဟိုကော်မတီမှ ညွှန်ကြားခဲ့သည်။

၂၀၂၀-၂၀၂၁ ခုနှစ် ပညာသင်နှစ် နှစ်ဝက်ကျိုးသွားခဲ့သော်လည်း မြန်မာနိုင်ငံအတွင်း ကိုဗစ်ကပ်ရောဂါပျံ့နှံ့နေမှုများကြောင့် ကျောင်းသူကျောင်းသားများ စာသင်ခန်းထဲသို့ ရောက်ရှိနိုင်ခြင်း မရှိသေးကြောင်း သိရသည်။

Source: Transcom News Journal

Latest Post News Read 2053 times