အမျိုးသားပညာရေးမဟာဗျူဟာစီမံကိန်း(၂၀၂၁-၂၀၃၀) ရေးဆွဲရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့ နံနက်၉း၃၀ နာရီတွင် Video Conferencing စနစ်ကိုအသုံးပြု၍ ကျင်းပရာ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မျိုးသိမ်းကြီး၊ ဒုတိယဝန်ကြီးဦးဝင်းမော်ထွန်း၊ တိုင်းဒေသကြီး ပြည်နယ်များမှ လူမှုရေးဝန်ကြီးများ၊ တိုင်းရင်းသားရေးရာဝန်ကြီးများ၊ အမြဲတမ်း အတွင်းဝန်၊ ပညာရေးဝန်ကြီးဌာနရှိ ဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များ၊ တက္ကသိုလ် ကောလိပ်များမှ ပါမောက္ခချုုပ်များ၊ ကျောင်းအုပ်ကြီးများ၊ တိုင်းဒေသကြီး ပြည်နယ် ပညာရေးမှူးများ၊ ခရိုင် မြို့နယ် ပညာရေးမှူးများနှင့် သက်ဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ကြသည်။
ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကားပြောကြားရာတွင် ပညာရေးဝန်ကြီးဌာန အနေဖြင့် အမျိုးသားပညာရေး မဟာဗျူဟာ စီမံကိန်း (၂၀၁၆-၂၀၂၁) အရ ပညာရေး ပြုပြင်ပြောင်းလဲမှုများကို အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် မည်သည့် ခွဲခြားမှုမျှမရှိရေး၊ မည်သူတစ်ဦးတစ်ယောက်မျှ မကျန်ရှိရေး၊ ကျောင်းထွက်သူ မရှိရေး၊ သင်ယူခွင့် မဆုံးရှုံးရေးတို့ကို အခြေခံ၍ ဆောင်ရွက်လျက်ရှိပါကြောင်း၊ ကျောင်းသား ကျောင်းသူ လူငယ်များအားလုံး လူသားကောင်းများ ဖြစ်လာစေရန်၊ ပူးပေါင်းဆောင်ရွက် တတ်သူများဖြစ်လာစေရန်၊ တာဝန်ယူတာဝန်ခံ ဆောင်ရွက် တတ်သူများဖြစ်လာစေရန်၊ ဆန်းသစ်တီထွင်ဖန်တီးနိုင်စွမ်းရှိသူများ ဖြစ်လာစေရန် စသည့် မျှော်မှန်းရလဒ်များဖြင့် ၂၁ ရာစု ပညာရေးအရည်အသွေးများ ပြည့်ဝစေရေး ဦးတည်ဆောင်ရွက် နေပါကြောင်း၊
နိုင်ငံတော်အစိုးရအနေဖြင့် ပညာရေးပြုပြင် ပြောင်းလဲမှုများဆောင်ရွက်ရာတွင် ဘဏ္ဍာရေး ရင်းနှီးမြုပ်နှံမှုများ ပိုမိုမြှင့်တင်ဆောင်ရွက်ပေးခြင်း၊ ဆရာဆရာမနှင့်ဝန်ထမ်းများ၏ စွမ်းဆောင်ရည်များ ပိုမိုမြှင့်တင်ရန်ဆောင်ရွက်ပေးခြင်း၊ နည်းပညာနှင့်အခြေခံအဆောက်အအုံများ ပိုမိုဖြည့်ဆည်း ဆောင်ရွက်ပေးခြင်း၊ တိုင်းရင်းသားဒေသများကို ပိုမိုဦးစားပေးဆောင်ရွက်ပေးခြင်းတို့ကြောင့် မူလတန်း၊ အလယ်တန်း၊ အထက်တန်းအဆင့် သင်ယူပြီးမြောက်မှုများ ပိုများလာသလို နည်းပညာနှင့်သက်မွေး သင်တန်းများ၊ တက္ကသိုလ်ပညာသင်ယူခွင့်ရရှိသူများလည်း ပိုမိုတိုးတက်များပြားလာပါကြောင်း၊
အရှေ့တောင်အာရှ မူလတန်းအဆင့် သင်ယူ တတ်မြောက်မှုစစ်တမ်း (၂၀၁၉) ရလဒ်များ ထုတ်ပြန်မှုတွင်လည်းမြန်မာကျောင်းသားများသည် စစ်တမ်းကောက်ယူခဲ့သည့် နိုင်ငံ ၆ ခုအနက် အခြားနိုင်ငံ ၃ ခုထက် စွမ်းဆောင်ရည်ပိုမိုမြင့်မားနေပါကြောင်း၊ ကျောင်းအရွယ်အစား၊ ကျောင်းပစ္စည်း၊ လူမှုစီးပွားအခြေအနေတို့ ကွဲပြားသော် လည်း သင်ယူတတ်မြောက်မှုစွမ်းရည် ကွာဟချက်နည်းပါး ပါကြောင်း၊ မြန်မာနိုင်ငံနှင့် မလေးရှားနိုင်ငံ သာလျှင် စစ်တမ်းကောက်ယူသော ၆ နိုင်ငံအနက် ကျောင်းသားတစ်ဦးလျှင် ကျောင်းသုံးဖတ် စာအုပ်တစ်စုံနှုန်း ထောက်ပံ့ပေးခြင်း၊ ကျောင်းသား ၃ ပုံ ၁ ပုံ၏ သင်္ချာတတ်မြောက်မှုစွမ်းရည်မှာ ပျမ်းမျှအထက်၌ရှိခြင်း၊ ကျောင်းသား ၄ ပုံ ၁ ပုံ၏ စာဖတ် စွမ်းရည်မှာ ပျမ်းမျှအထက်၌ရှိခြင်း၊ ကျောင်းသား ၅ ပုံ ၁ ပုံ၏ အရေး စွမ်းရည်မှာလည်း ပျမ်းမျှ အထက်၌ရှိခြင်းတို့ကို စစ်တမ်းများတွင် တွေ့ရှိရပါ ကြောင်း၊ ယခုလို အောင်မြင်မှုများသည် ဆရာဆရာမများ၊ ကျောင်းအုပ်များ၊ တာဝန်ရှိသူများနှင့်တိုင်းဒေသကြီး ပြည်နယ်လူမှုရေး ဝန်ကြီးများ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ မိဘအုပ်ထိန်းသူပြည်သူများ အားလုံး ညီညီညွတ်ညွတ်ပူးပေါင်း ဆောင်ရွက်မှုများကြောင့်ပင် ဖြစ်ပါကြောင်း၊
ပညာရေးပြုပြင် ပြောင်းလဲရေးဆောင်ရွက်ရာတွင်လည်း မည်သည့်လက်ဆောင်ကိုမှ ပေးခြင်း၊ ယူခြင်းခွင့်မပြုသလို ဘက်လိုက်မှုမရှိအောင်လည်း ပွင့်လင်းမြင်သာစွာ အဓိကထားဆောင်ရွက် နေပါကြောင်း၊ အရည်အသွေးရှိသော ပညာရေးစနစ်ဦးတည်ဆောင်ရွက်ရေးအတွက် တာဝန်ရှိသူများ အားလုံး ညီညီ ညွတ်ညွတ်ဖြင့် ဆက်လက် ပူးပေါင်းဆောင်ရွက်ပေးကြပါရန် မေတ္တာရပ်ခံပါကြောင်း စသည်ဖြင့်ပြောကြားသည်။
ထို့နောက် ပညာရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဒေါက်တာဇော်မြင့် က အမျိုးသား ပညာရေး မဟာဗျူဟာ စီမံကိန်း(၂၀၂၁-၂၀၃၀) ရေးဆွဲရေးလုပ်ငန်းများကို မိတ်ဆက်ရှင်းလင်း တင်ပြသည်။
ယင်းနောက်အခြေခံပညာ ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကိုလေးဝင်းက အမျိုးသားပညာရေး မဟာဗျူဟာ စီမံကိန်း(၂၀၂၁-၂၀၃၀) အခန်း(၅) အခြေခံပညာကဏ္ဍနှင့် ပတ်သက်၍ မိတ်ဆက်ရှင်းလင်းတင်ပြသည်။
ထို့နောက် အစည်းအဝေးတက်ရောက်လာကြသူများက Video Conferencing စနစ်ဖြင့် ချိတ်ဆက်၍ အခြေခံပညာ သင်ရိုးညွှန်းတမ်း ဆောင်ရွက်နေမှုအခြေအနေများ၊ ဆက်လက် ဆောင်ရွက်မည့် လုပ်ငန်းစဉ်များ၊ သိရှိလိုသည်များနှင့် ပတ်သက်၍ ညှိနှိုင်းဆွေးနွေးကြသည်။
ဆက်လက်၍ နည်းပညာ၊ သက်မွေးပညာနှင့်လေ့ကျင့်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာစိုင်းကျော်နိုင်ဦးက အမျိုးသားပညာရေး မဟာဗျူဟာ စီမံကိန်း(၂၀၂၁-၂၀၃၀) အခန်း(၆) နည်းပညာနှင့် သက်မွေးပညာကဏ္ဍနှင့်ပတ်သက်၍ လည်းကောင်း၊ အဆင့်မြင့်ပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသိန်းဝင်းက အမျိုးသားပညာရေး မဟာဗျူဟာ စီမံကိန်း(၂၀၂၁-၂၀၃၀) အခန်း(၇) အဆင့်မြင့်ပညာ၊ သုတေသနနှင့်တီထွင်ဆန်းသစ်မှုကဏ္ဍနှင့် ပတ်သက်၍ လည်းကောင်း အသီးသီး ရှင်းတင်ပြကြသည်။
ယင်းနောက် တက်ရောက်လာသူများက အမျိုးသားပညာရေး မဟာဗျူဟာ စီမံကိန်း(၂၀၂၁-၂၀၃၀) နှင့်စပ်လျဉ်း၍ ဆွေးနွေးကြကြောင်း သတင်းရရှိသည်။
Educational Information Department