မေဂျာပြောင်း၊ တက္ကသိုလ်ပြောင်း လုပ်ရင် ဘာတွေလိုအပ်လဲ?

 

တက္ကသိုလ်တွေ မဖွင့်ခင်မှာ အထူးပြုဘာသာရပ် ပြောင်းလဲခြင်း၊ တက္ကသိုလ် ပြောင်းလဲခြင်း၊ နေ့သင်တန်းမှ အဝေးသင် ပြောင်းလဲခြင်း၊ အဝေးသင်မှ နေ့သင်တန်း ပြောင်းလဲခြင်း ပြုလုပ်လိုတဲ့ ကျောင်းသား/သူများအတွက် လုပ်ဆောင်ရမယ့် အချက်တွေကို လေ့လာထားလို့ရအောင် ဖော်ပြလိုက်ပါတယ်။ 

 

အထူးပြုဘာသာရပ် ပြောင်းလဲခြင်း 

အထူးပြုဘာသာရပ် ပြောင်းလဲတဲ့အခါ သတိပြုရမှာက မိမိပြောင်းရွှေ့ချင်တဲ့ ဘာသာရပ်ရဲ့ အနိမ့်ဆုံး ဝင်ခွင့်အမှတ်နဲ့ ကိုက်ညီမှု ရှိရပါမယ်။ မိမိလျှောက်ထားတဲ့ တက္ကသိုလ်မှာ မူလဘာသာရပ်အတွက် အရင်ဆုံး ကျောင်းအပ် ငွေသွင်းရပါမယ်။ ပြီးရင် ဘာသာတွဲပြောင်း လျှောက်လွှာပုံစံကို ဖြည့်စွက်ရပါမယ်။ 


လျှောက်လွှာနဲ့အတူ ငွေသွင်းပြေစာမိတ္တူ၊ တက္ကသိုလ်ဝင်တန်းအောင်လက်မှတ် မိတ္တူ၊ တက္ကသိုလ်ဝင်တန်း အမှတ်စာရင်း မိတ္တူနဲ့ မှတ်ပုံတင် မိတ္တူတို့ကို ပူးတွဲတင်ပြရပါမယ်။ ပြောင်းရွှေ့လိုတဲ့ ဘာသာရပ်ကို ဦးစားပေးအစီအစဉ်မှာ အနည်းဆုံး (၃) ခုလောက် ဖြည့်သွင်းထားပါ။ 


ပြောင်းရွှေ့ထားတဲ့ ဘာသာရပ်ရဲ့ နောက်ဆက်တွဲ ဝင်ခွင့်စာရင်းတွေ ထွက်လာချိန်မှာ မိမိနာမည် ပါလာပြီဆိုရင် ပြောင်းထားတဲ့ ဘာသာရပ်အတွက် ကျောင်းပြန်အပ်ရပါမယ်။ ငွေထပ်သွင်းစရာ မလိုတော့ပါ။ 

 

တက္ကသိုလ်ပြောင်းခြင်း

မိမိ ဝင်ခွင့်ရရှိထားတဲ့ တက္ကသိုလ်မှာ ကျောင်းဝင်မှတ်ပုံတင်ထားခြင်း မရှိကြောင်း ထောက်ခံစာကို အဆိုပါတက္ကသိုလ်မှ ထုတ်ထားရပါမယ်။ ထိုထောက်ခံစာနဲ့အတူ တက္ကသိုလ်ဝင်တန်းအောင်လက်မှတ် မိတ္တူ၊ အမှတ်စာရင်း မိတ္တူ၊ အိမ်ထောင်စုစာရင်း မိတ္တူ၊ မှတ်ပုံတင် မိတ္တူ တို့လိုအပ်ပါတယ်။

 

လိုအပ်တဲ့ စာရွက်စာတမ်းတွေကို ယူဆောင်ပြီး အဆင့်မြင့်ပညာဦးစီးဌာန (သထုံလမ်း၊ ကမာရွတ်မြို့နယ်၊ ရန်ကုန်မြို့) မှာ မိမိတက်ရောက်လိုတဲ့ တက္ကသိုလ်ကို ပြောင်းရွှေ့ခွင့်‌ လျှောက်ထားနိုင်ပါတယ်။ ဌာနမှ ပြောင်းရွှေ့ခွင့်ကို လက်ခံပြီဆိုရင် မိမိပြောင်းရွှေ့ခွင့်ရတဲ့ တက္ကသိုလ်မှာ သွားရောက် ကျောင်းအပ်ရပါမယ်။  

 

နောက်တစ်နည်း

မိမိဝင်ခွင့်ရရှိထားတဲ့ ကျောင်းမှာ အရင်ဆုံး ကျောင်းဝင်မှတ်ပုံတင်လိုက်ပါ။ ပြီးရင် ကျောင်းပြောင်းရွှေ့ တက်ရောက်ခွင့် လျှောက်လွှာကို ဖြည့်ပါ။ လျှောက်လွှာနဲ့အတူ ပြောင်းရွှေ့လိုတဲ့ တက္ကသိုလ်/ ကောလိပ်ရှိ မြို့နယ်ရဲ့ အိမ်ထောင်စုစာရင်း မူရင်းနဲ့ မိတ္တူ၊ ရပ်ကွက်ထောက်ခံစာ မူရင်းနဲ့ မိတ္တူ၊ ကျောင်းဝင်မှတ်ပုံတင် ငွေသွင်းပြီးတဲ့ ပြေစာ မူရင်းနဲ့ မိတ္တူ၊ တက္ကသိုလ်ဝင်တန်း အောင်လက်မှတ် မူရင်းနဲ့ မိတ္တူ၊ တက္ကသိုလ်ဝင်တန်း အမှတ်စာရင်း မူရင်းနဲ့ မိတ္တူတို့ကို ပူးတွဲတင်ပြရပါမယ်။ နောက်ဆုံးမှာတော့ ကျောင်းသားကိုယ်တိုင် မော်ကွန်းထိန်း (ကျောင်းသားရေးရာ) နဲ့ ဝင်ရောက်တွေ့ဆုံရပါမယ်။

 

အဝေးသင်မှ နေ့သင်တန်းပြောင်းခြင်း

အဝေးသင်မှ နေ့သင်တန်း ပြောင်းလဲလိုသူတွေအတွက် တက္ကသိုလ်ဝင်တန်း အောင်လက်မှတ် မူရင်း/မိတ္တူ၊ အမှတ်စာရင်း မူရင်း/မိတ္တူ၊ အိမ်ထောင်စုစာရင်း မိတ္တူ၊ မှတ်ပုံတင် မိတ္တူ၊ လိုင်စင်ဓာတ်ပုံ (၆) ပုံ တို့လိုအပ်ပါတယ်။ 

 

အဝေးသင် ကျောင်းအပ်လက်ခံမယ့်အချိန်မှာ နေ့သင်တန်းကျောင်းပြောင်း လျှောက်လွှာ ထုတ်ယူရပါမယ်။ ဘဏ္ဍာရေးဌာနမှာ ပြောင်းရွေ့ကြေး သတ်မှတ်‌ငွေ တင်ရပါမယ်။ လျှောက်လွှာကို အဝေးသင်သင်တန်း (ကျောင်းသားရေးရာ) မှာ ပြန်တင်ခဲ့ရပါမယ်။ 

 

အထူးပြုဘာသာရပ်ပါ ပြောင်းလိုတယ်ဆိုရင် မိမိပြောင်းမယ့် ဘာသာရပ်ကို အမှတ်မီပါက လျှောက်လွှာမှာ တစ်ခါတည်း ဖြည့်စွက်ပြီး ပြောင်းနိုင်ပါတယ်။ လျှောက်လွှာပြန်ကျလာပြီဆိုရင် နေ့သင်တန်းအတွက် ကျောင်းအပ်ရပါမယ်။ 

 

အထူးသတိပြုရမှာက ပထမနှစ်မှာ အဝေးသင်လျှောက်ထားတဲ့ ကျောင်းသားတွေသာ နေ့သင်တန်းကို ပြောင်းလဲခွင့်ပြုပါတယ်။ ထိုကျောင်းသားတွေဟာ နေ့သင်တန်းကို ပြောင်းပြီးရင် အဝေးသင်သင်တန်းကို ထပ်မံ ပြောင်းလဲခွင့် မရှိတော့ပါ။ ကျောင်းသားတစ်ဦးကို နေ့သင်တန်းမှ အဝေးသင် / အဝေးသင်မှ နေ့သင်တန်းကို တစ်ကြိမ်သာ ပြောင်းလဲခွင့်ရှိပါတယ်။

 

နေ့သင်တန်းမှ အဝေးသင် ပြောင်းလဲခြင်း

နေ့သင်တန်းမှ အဝေးသင် ပြောင်းလဲလိုသူတွေအတွက် တက္ကသိုလ်ဝင်တန်း အောင်လက်မှတ် မူရင်း/မိတ္တူ၊ အမှတ်စာရင်း မူရင်း/မိတ္တူ၊ အိမ်ထောင်စုစာရင်း မိတ္တူ၊ မှတ်ပုံတင် မိတ္တူ၊ လိုင်စင်ဓာတ်ပုံ (၆) ပုံ တို့လိုအပ်ပါတယ်။

 

နေ့သင်တန်းများ ကျောင်းအပ်လက်ခံမယ့်အချိန်မှာ အဝေးသင်သင်တန်း ကျောင်းပြောင်းလျှောက်လွှာ တင်ရပါမယ်။ ဘဏ္ဍာရေးဌာနမှာ ပြောင်းရွေ့ကြေး သတ်မှတ်‌ငွေ ပေးသွင်းရပါမယ်။ လျှောက်လွှာကို နေ့သင်တန်း (ကျောင်းသားရေးရာ) မှာ ပြန်တင်ခဲ့ရပါမယ်။ 
 

အထူးပြုဘာသာရပ်ပါ ပြောင်းလိုတယ်ဆိုရင် မိမိပြောင်းမယ့် ဘာသာရပ်ကို အမှတ်မီပါက လျှောက်လွှာမှာ တစ်ခါတည်း ဖြည့်စွက်ပြီး ပြောင်းနိုင်ပါတယ်။ အဝေးသင်ဌာနဝင်ခွင့်မှာ မိမိနာမည် ပါလာပြီဆိုရင် အဝေးသင်သင်တန်းအတွက် ကျောင်းအပ်ရပါမယ်။ 

 

ဒီလို အပြောင်းအရွှေ့အမျိုးမျိုးအတွက် တက္ကသိုလ် ဖွင့်ရက်မှ စပြီး ရက် (၃၀) အတွင်း ဆောင်ရွက်နိုင်ပါတယ်။ အကြုံပြုချင်တာကတော့ ကျောင်းနဲ့ ပတ်သက်တဲ့ ဘယ်လိုကိစ္စမျိုးကိုမဆို ဆောင်ရွက်ချင်တယ်ဆိုရင် ကိုယ်တိုင်စုံစမ်းမေးမြန်း လုပ်ဆောင်ပါ။ မရှင်းလင်းတာများရှိပါက ကိုယ်တိုင်သွားရောက် စုံစမ်းပါ။ လိုအပ်တဲ့ စာရွက်စာတမ်းတွေကို ပြည့်ပြည့်စုံစုံ ယူဆာင်သွားပါ။ 

=============================

ပညာရေးဆိုင်ရာ သတင်းအချက်အလက်များကို
Telegram မှာလည်း အလွယ်တကူ ဖတ်ရှုနိုင်ပါတယ်။

https://t.me/eudcationguide

နှစ်ပတ်တစ်ကြိမ် ပေးပို့နေတဲ့ Education Bulletin ကို
ရယူဖို့လည်း Subscribe လုပ်ထားနိုင်ပါတယ်။

https://shorturl.at/ktCaP

Latest Post University / College Read 1150 times