တက္ကသိုလ်၊ ဒီဂရီကောလိပ်များကို နိုဝင်ဘာလ (၂၁) ရက်တွင် ဖွင့်လှစ်မည်

 

၂၀၂၄ - ၂၀၂၅ ပညာသင်နှစ်အတွက် တက္ကသိုလ်များ၊ ဒီဂရီကောလိပ်များ၏ နေ့သင်တန်းများကို နိုဝင်ဘာလ (၂၁) ရက်တွင် ပြန်လည်ဖွင့်လှစ်မည်ဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက ပြောကြားခဲ့သည်။ 

 

ပညာရေးဝန်ကြီးဌာနအောက်ရှိ ဦးစီးဌာနများ၊ တက္ကသိုလ်၊ ဒီဂရီကောလိပ်များမှ တာဝန်ရှိသူများ၊ တိုင်းဒေသကြီး၊ ပြည်နယ် ပညာရေးမှူးများ တက်ရောက်ခဲ့ကြသည့် စက်တင်ဘာလ (၂၄) ရက် အွန်လိုင်းအစည်းအဝေးပွဲတွင် တက္ကသိုလ်များ၏ နေ့သင်တန်းများ ဖွင့်လှစ်မည့်ရက်ကို ကြေညာခဲ့ခြင်းဖြစ်သည်။ 

 

အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးက နိုဝင်ဘာလ (၂၀) ရက်တွင် အဝေးသင်စာမေးပွဲများ ပြီးဆုံးမည်ဖြစ်သောကြောင့်  ၂၀၂၄ - ၂၀၂၅ ပညာသင်နှစ်အတွက် တက္ကသိုလ်များ၊ ဒီဂရီကောလိပ်များ၏ နေ့သင်တန်းများကို နိုဝင်ဘာလ (၂၁) ရက်တွင် ပြန်လည်ဖွင့်လှစ်မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ 

 

ထို့အပြင် ၂၀၂၄ - ၂၀၂၅ ပညာသင်နှစ်၊ စိုက်ပျိုးရေးနှင့် မွေးမြူရေး ပထမနှစ် ဒီပလိုမာသင်တန်းများကို နိုဝင်ဘာလ (၂၃) ရက်တွင် ဖွင့်လှစ်မည်ဖြစ်ကြောင်း စိုက်ပျိုးရေးဦးစီးဌာန ဝန်ထမ်းရွေးချယ် လေ့ကျင့်ရေးသင်တန်းကျောင်းနှင့် စိုက်ပျိုးရေး သိပ္ပံဌာနခွဲတို့ အောက်တိုဘာလ (၂၂) ရက်တွင် ပြုလုပ်ခဲ့သည့် အစည်းအဝေးပွဲမှ သိရသည်။ 

 

စိုက်ပျိုးရေးနှင့် မွေးမြူရေး ပထမနှစ်  ဒီပလိုမာသင်တန်းများကို နိုဝင်ဘာလ (၂၃) ရက်တွင် နိုင်ငံတစ်ဝန်းရှိ စိုက်ပျိုးရေးနှင့် မွေးမြူရေး သိပ္ပံကျောင်းများ၌ တစ်ပြိုင်တည်း ဖွင့်လှစ်သွားမည်ဖြစ်သည်။

 

သစ်တောနှင့်ပတ်ဝန်းကျင်ဆိုင်ရာတက္ကသိုလ် (ရေဆင်း) မှလည်း ၂၀၂၄ - ၂၀၂၅ ပညာသင်နှစ်အတွက် ဘွဲ့ကြို/ ဘွဲ့လွန်သင်တန်းများအားလုံးကို နိုဝင်ဘာလ (၂၁) ရက်တွင် စတင်ဖွင့်လှစ်မည်ဖြစ်ကြောင်းနှင့် နိုဝင်ဘာလ (၁၄) ရက် မှစ၍ ကျောင်းအပ်ခြင်း၊ သတင်းပို့ခြင်းများကို လက်ခံဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ၎င်း၏ ဝက်ဘ်ဆိုက်ဒ်တွင် ကြေညာထားသည်။ 

 

Latest Post Local News Read 8 times