ရေဘေးကြောင့် နှစ်ဝက်စာမေးပွဲ မဖြေလိုက်ရသည့် ကျောင်းသားများကို အစားထိုးကျင်းပပေးမည်

 

ရေဘေးကြောင့် နှစ်ဝက်စာမေးပွဲတွင် ဝင်ရောက်ဖြေဆိုနိုင်ခြင်းမရှိသည့် ကျောင်းသား၊ ကျောင်းသူများကို အစားထိုးပြန်လည်ဖြေဆိုနိုင်ရေး စီစဉ်ပေးရန်နှင့် ရေဘေးသင့်ကျောင်းများကို အောက်တိုဘာလအတွင်း ပြန်လည်ဖွင့်လှစ်နိုင်ရန် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာနမှ သိရသည်။

 

ရေဘေးသင့်ကျောင်းများ အမြန်ဆုံးပြန်လည်ဖွင့်လှစ်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို စက်တင်ဘာလ (၂၃) ရက်နေ့တွင် ပညာရေးဝန်ကြီးဌာန ရုံးအမှတ်(၁၃)ရှိ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ပြီး ပညာရေးဝန်ကြီးများ၊ ညွှန်ကြားရေးမှူးချုပ်များ၊ ရေဘေးသင့်ခဲ့သော ဒေသများမှ ခရိုင်ပညာရေးမှူးများ၊ မြို့နယ်ပညာရေးမှူးများ၊ ကျောင်းအုပ်ကြီးများနှင့် ဆရာ၊ ဆရာမများ တက်ရောက်ခဲ့ကြသည်။

 

အဆိုပါအစည်းအဝေးတွင် ဌာနဆိုင်ရာ အကြီးအကဲများသည် ရေဘေးသင့်ကျောင်းများကို အမြန်ဆုံးပြင်ဆင် ထူထောင်ကာ အောက်တိုဘာလတွင် ပြန်လည်ဖွင့်လှစ်နိုင်ရေးဆောင်ရွက်ကြရန်၊ ကယ်ဆယ်ရေး စခန်းများတွင် ရောက်ရှိနေပြီး နှစ်ဝက်စာမေးပွဲတွင် ဝင်ရောက်ဖြေဆိုနိုင်ခြင်းမရှိသည့် ကျောင်းသား၊ကျောင်းသူများကို အစားထိုးပြန်လည်ဖြေဆိုနိုင်ရေး စီစဉ်ပေးရန်၊ ကျောင်းဆောင်နှင့် စာသင်ခန်းများ သန့်ရှင်းရေး၊ နုန်းများဆေးကြောရေး၊ သောက်ရေ၊ သုံးရေရရှိရေး၊ သန့်စင်ခန်းများ သန့်ရှင်းရေးနှင့် ကျောင်းသား ကျောင်းသူများ ပြန်လည်ကျောင်းတက်ရောက်နိုင်ရေး ဝိုင်းဝန်း ကူညီဆောင်ရွက်ပေးကြရန် ပြောကြားသည်။

 

ထို့နောက် ရေဝင်ရောက်မှုကြောင့် ကျောင်းပိတ်ထားခဲ့ရသည့်ရက်များကို စနေ၊ တနင်္ဂနွေနေ့များတွင် အစားထိုးသင်ကြားရေးဆိုင်ရာ ကိစ္စရပ်များကိုလည်းကောင်း၊ ရေဝင်ရောက်မှုကြောင့် ပျက်စီးခဲ့ရသည့် ကျောင်းဆောင်များနှင့် ပရိဘောဂများ ပြန်လည်ပြုပြင်ရေးဆိုင်ရာကိစ္စရပ်များကိုလည်းကောင်း လုပ်ဆောင်ရန် သတိပေးခဲ့သည်။ 

 

အခြေခံပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်မှလည်း ကျောင်းဆောင်၊ စာသင်ခန်း၊ သန့်စင်ခန်းများ သန့်ရှင်းရေးအတွက် သုံးရေ၊ သောက်ရေ လုံလောက်စွာရရှိရေး ဆောင်ရွက်ပေးသွားမည်ဖြစ်ပြီး ကျောင်းသား၊ ကျောင်းသူများအတွက် လိုအပ်သည့် စာအုပ်စာတမ်းများနှင့် စာရေးကိရိယာများ ထောက်ပံ့ပေးသွားမည့် အခြေအနေများကို ပြောကြားခဲ့သည်။

 

ပွဲကို တက်ရောက်လာသော ကျောင်းအုပ်ကြီးနှင့် ဆရာ၊ ဆရာမများသည်လည်း ကျောင်းအလိုက် လိုအပ်သည်များကို တင်ပြကြပြီး ဝိုင်းဝန်းဆွေးနွေးခဲ့ကြကြောင်း သိရသည်။ 

 

Source - ပညာရေးဝန်ကြီးဌာန 

 

Latest Post Local News Read 342 times