၂၀၂၄-၂၀၂၅ ပညာသင်နှစ်တွင် စာမေးပွဲဖြေဆိုပြီးထားသည့် အခြေခံပညာ ကျောင်းသား၊ ကျောင်းသူများ နွေရာသီကျောင်းပိတ်ရက်တွင် ရက် (၂၀) ကျောင်းပြန်တက်ရန် ညွှန်ကြားထားသည်ဟု အခြေခံပညာဦးစီးဌာနမှ သိရသည်။
နွေရာသီပိတ်ရက်အတွင်း ကျောင်းတက်ရမည့်ရက်ကို ဧပြီလ (၁) ရက်နေ့ကနေ မေလ (၉) ရက်နေ့အတွင်း ဧပြီလတွင် (၁၅) ရက်နှင့် မေလတွင် (၅) ရက်ဖြင့် စုစုပေါင်း ရက် (၂၀) တိတိကို ကျောင်းပြန်တက်ရန် သတ်မှတ်ထားပါသည်။
စာသင်ချိန်မှာ တစ်ရက်ကို တစ်နာရီ (သို့) နှစ်နာရီလောက်ကို သက်ဆိုင်ရာ စာသင်ကျောင်းအလိုက် ရာသီဥတုအခြေအနေပေါ် မူတည်ပြီး အဆင်ပြေသည့် ကျောင်းအချိန်ကို သတ်မှတ်ပြီး ခေါ်ယူသင်ကြားနိုင်ကြောင်း သိရသည်။
သင်ကြားပေးမည့် ဘာသာရပ်များမှာလည်း ကွန်ပျူတာနှင့် အင်္ဂလိပ်ဘာသာစကားတို့အပြင် ကျောင်းသား၊ ကျောင်းသူများ၏ လိုအပ်ချက်အလိုက် ကျောင်းသင်ခန်းစာများကို သင်ကြားနိုင်သည်။
ဒီအစီအစဉ်မှာ Grade 4 မှ Grade 12 အထိ ကျောင်းသား၊ ကျောင်းသူများသာ ကျောင်းပြန်တက်ရမည်ဖြစ်ပြီး သင်တန်းအတွက် အခကြေးငွေကိုလည်း ကောက်ခံမည်မဟုတ်ကြောင်း သိရသည်။
လတ်တလော လူမှုကွန်ရက်ပေါ်တွင် ပျံ့နှံ့နေသည့် "ကျောင်းမတက်ရင် အတန်းတင်မပေး၊ အောင်စာရင်း ထုတ်မပေးဘူး" စသည့် ပြောဆိုချက်များသည် သတင်းအမှားများသာဖြစ်သည်။
ယခုလို နွေရာသီမှာ ကျောင်းပြန်တက်ရခြင်းအပေါ် မိဘတချို့က "အရမ်းပူတဲ့ ကာလဖြစ်တော့ ကျောင်းပို့၊ ကျောင်းကြိုရတာ မလွယ်ဘူး။ ကလေးလည်း ပင်ပန်းတယ်။" လို့ပြောပြီး ကန့်ကွက်သလို တချို့မိဘတွေကတော့ "အိမ်မှာနေလည်း အလကားပဲ၊ ကျောင်းတက်ခိုင်းထားတာ အကျိုးရှိတယ်" လို့ယူဆပြီး ထောက်ခံကြသည်။
ပုဂ္ဂလိကကျောင်းများသည် ပညာရေးဝန်ကြီးဌာန၏ ညွှန်ကြားချက်များဖြင့် လည်ပတ်နေရသောကြောင့် ပုဂ္ဂလိကကျောင်းများပါ ဖွင့်ရန် အကျုံးဝင်နိုင်သော်လည်း တိတိကျကျ ညွှန်ကြားချက်မရသေးကြောင်း VOA သတင်းဌာန၏ မေးမြန်းထားချက်အရ သိရသည်။
နွေရာသီမှာ ကျောင်းများဖွင့်ပြီး သင်ခန်းစာ အဟောင်းများ ပြန်လည် သင်ကြားပေးရန်၊ အကျိုးပြု သင်တန်းများဖြစ်သည့် အင်္ဂလိပ်စာ၊ ကွန်ပျူတာတို့လို ဘာသာရပ်များ သင်ကြားပေးရန် စကစဥက္ကဋ္ဌက ပြီးခဲ့သည့် ဖေဖော်ဝါရီလ (၁၀) ရက်နေ့ နေပြည်တော်တွင် ပြုလုပ်သည့် MSME ထုတ်ကုန်ပြပွဲ၊ ဖွင့်ပွဲမှာ ထည့်သွင်း ပြောကြားခဲ့ပြီးနောက် ပညာရေးဌာနက ယခုလို စီစဉ်လာခြင်း ဖြစ်သည်။
Source - VOA , DVB
========================
ပညာရေးဆိုင်ရာ သတင်းအချက်အလက် အစုံအလင်ကို
Telegram နှင့် Viber မှာလည်း အလွယ်တကူ ဖတ်ရှုနိုင်ပါတယ်။
> https://t.me/eudcationguide (Telegram)
> https://invite.viber.com/? (Viber)
နှစ်ပတ်တစ်ကြိမ် ပေးပို့နေတဲ့ Education Bulletin ကို
ရယူဖို့လည်း Subscribe လုပ်ထားနိုင်ပါတယ်။