၂၀၂၅ ခုနှစ်၊ မတ်လတွင် ကျင်းပမည့် တက္ကသိုလ်ဝင်စာမေးပွဲအတွက် အချိန်စာရင်းကို ဒီဇင်ဘာလ (၄) ရက်နေ့တွင် မြန်မာနိုင်ငံစာစစ်ဦးစီးဌာနမှ နိုင်ငံပိုင်သတင်းစာများတွင် အသိပေး ထုတ်ပြန်လိုက်သည်။
၂၀၂၅ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲကို လာမည့် မတ်လ (၁၇) ရက်နေ့မှ မတ်လ (၂၂) ရက်နေ့အထိ မြန်မာစာ၊ အင်္ဂလိပ်စာ၊ သင်္ချာ၊ ဓာတုဗေဒ/ပထဝီဝင်၊ ရူပဗေဒ/သမိုင်း၊ ဇီ၀ဗေဒ/ဘောဂဗေဒတို့ကို တစ်ရက်တစ်ဘာနှုန်းဖြင့် နံနက် (၉) နာရီမှ (၁၂) နာရီအထိ ပိတ်ရက်မရှိ ဖြေဆိုရမည်ဖြစ်ကြောင်း သိရသည်။
၂၀၂၅ ခုနှစ်၌ ကျင်းပမည့် တက္ကသိုလ်ဝင်စာမေးပွဲအတွက် ဖြေဆိုခွင့်လျှောက်လွှာများကို ပြီးခဲ့သည့် စက်တင်ဘာလ (၁) ရက်နေ့မှ စတင်၍ ရောင်းချပေးခဲ့ပြီး စနစ်ဟောင်း န၀မတန်း အောင်မြင်ပြီးထားသူများ၊ စနစ်ဟောင်း တက္ကသိုလ်ဝင်စာမေးပွဲ ကျရှုံးထားသူများ၊ စနစ်သစ် တက္ကသိုလ်ဝင်စာမေးပွဲ ကျရှုံးထားသူများအား ပြင်ပဖြေအဖြစ် ဝင်ရောက် ဖြေဆိုခွင့်ပြုထားသည်။
၂၀၂၄ ခုနှစ်၊ မတ်လတွင် ဖြေဆိုခဲ့သည့် တက္ကသိုလ်ဝင်စာမေးပွဲနှင့် ဧပြီနှင့် မေလများတွင် အထူးအစီအစဉ်တစ်ရပ်အနေဖြင့် ကျင်းပခဲ့သည့် တက္ကသိုလ်ဝင်စာမေးပွဲများတွင် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် စာမေးပွဲဖြေဆိုသူဦးရေ စုစုပေါင်း ၁၂၈,၈၂၀ ဦးရှိသည့်အနက် ၇၄,၅၉၂ ဦး အောင်မြင်ခဲ့ပြီး အောင်ချက်ရာခိုင်နှုန်းမှာ ၅၈% နီးပါး ရှိခဲ့သည်။
=====================
ပညာရေးဆိုင်ရာ သတင်းအချက်အလက် အစုံအလင်ကို
Telegram နှင့် Viber မှာလည်း အလွယ်တကူ ဖတ်ရှုနိုင်ပါတယ်။
> https://t.me/eudcationguide (Telegram)
> https://invite.viber.com/? (Viber)
နှစ်ပတ်တစ်ကြိမ် ပေးပို့နေတဲ့ Education Bulletin ကို
ရယူဖို့လည်း Subscribe လုပ်ထားနိုင်ပါတယ်။