MIT သည် ငွေကြေးခက်ခဲသည့် ကျောင်းသားများကို အခမဲ့ ကျောင်းတက်ခွင့်ပေးမည်

Massachusetts Institute of Technology (MIT) သည် လာမည့် ၂၀၂၅ ပညာသင်နှစ်မှစ၍ တစ်နှစ်ကို ဒေါ်လာ (၂) သိန်းအောက် ဝင်ငွေရှိသော မိသားစုများမှ ဘွဲ့ကြိုကျောင်းသားအားလုံးအတွက် ကျူရှင်စရိတ်များကို ကင်းလွတ်ခွင့်ပေးမည်ဖြစ်ကြောင်း ထုတ်ပြန်ကြေညာခဲ့သည်။

တစ်နှစ်လျှင် ဒေါ်လာ (၁) သိန်းအောက် ဝင်ငွေရှိသော မိသားစုများမှ ကျောင်းသားများအတွက် တက္ကသိုလ်သည် ကျူရှင်စရိတ်အပြင် နေစရိတ်၊ စားစရိတ်၊ စာအုပ်ကြေးနှင့် ကိုယ်ရေးကိုယ်တာ ကုန်ကျစရိတ်များကိုပါ ထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

Cambridge အခြေစိုက် ပုဂ္ဂလိက သုတေသန တက္ကသိုလ် M.I.T. သည် ကမ္ဘာ့အကောင်းဆုံး တက္ကသိုလ်အဖြစ် အဆင့်သတ်မှတ်ခံထားရသည့်ကျောင်းဖြစ်သည်။

၂၀၂၄ - ၂၀၂၅ စာသင်နှစ်အတွက် ကျူရှင်စရိတ်မှာ အကြမ်းဖျင်း ဒေါ်လာ (၆၂,၀၀၀) ရှိကြောင်း MIT ၏ ဝက်ဘ်ဆိုက်ဒ်တွင် ဖော်ပြထားသည်။ အိမ်ရာနှင့် အခြားအခကြေးငွေများ အပါအဝင် ကုန်ကျစရိတ် အပြည့်အစုံမှာ တစ်နှစ်လျှင် ဒေါ်လာ (၈၆,၀၀၀) အောက် ရှိသည်။

M.I.T. ဥက္ကဋ္ဌ Sally Kornbluth က "တက္ကသိုလ်ကုန်ကျစရိတ်သည် နိုင်ငံတစ်ဝန်းရှိ မိသားစုများအတွက် အမှန်တကယ် စိုးရိမ်စရာဖြစ်သည်" ဟု ပြောကြားခဲ့သည်။ "သူတို့ရဲ့ ငွေကြေးအခြေအနေ ဘယ်လိုပဲဖြစ်နေပါစေ အရည်အချင်းရှိတဲ့ ကျောင်းသားတွေအတွက် ဒီအသွင်ပြောင်း ပညာရေးအတွေ့အကြုံကို ရရှိအောင်လုပ်ဖို့ ကျွန်တော်တို့ စိတ်ပိုင်းဖြတ်ထားပါတယ်" ဟု ဒေါက်တာ Kornbluth က ပြောကြားခဲ့သည်။

တစ်နှစ်လျှင် ဒေါ်လာ (၁၄၀,၀၀၀) အထိ ဝင်ငွေရှိသော မိသားစုများသည် ကျောင်းလခပေးရန် မလိုအပ်ပါ။ တစ်နှစ်လျှင် ဒေါ်လာ (၇၅,၀၀၀) အထိသာ ဝင်ငွေရှိသော မိသားစုများသည် ကျောင်းလခ၊ နေစရိတ်၊ စားစရိတ်တို့ ဘာမှ ပေးဆောင်ရမည် မဟုတ်ပါ။

MIT သည် ငွေကြေးလိုအပ်နေသော ကျောင်းသားများကို ထောက်ပံ့နိုင်ရေးအတွက် ယခုနှစ်တွင် လွန်ခဲ့သည့် ဆယ်စုနှစ်များထက် (၇၀%) ပိုများသော ဒေါ်လာ (၁၆၇.၃) သန်း သုံးစွဲရန် လျာထားကြောင်း သိရသည်။

တစ်နှစ်လျှင် ဒေါ်လာ (၁) သိန်းမှ (၂) သိန်းအတွင်း ဝင်ငွေရှိသော မိသားစုများအတွက် ပညာသင်စရိတ် လျှော့ချပေးထားပြီး တစ်နှစ်ကိုမှ အများဆုံး ဒေါ်လာ (၂၄,၀၀၀) သာ ပေးဆောင်ရန် လိုအပ်သည်။

တစ်နှစ်ဝင်ငွေ ဒေါ်လာ (၂) သိန်း အထက်ရှိသော မိသားစုများသည်လည်း ငွေကြေးအကူအညီအတွက် အရည်အချင်း ပြည့်မီဆဲဖြစ်ကြောင်း ကျောင်းက ပြောကြားခဲ့သည်။

ကျောင်းသားများသည် M.I.T. ၏ ငွေကြေးထောက်ပံ့မှု လျှောက်လွှာကို ဖြည့်စွက်နိုင်ပြီး ကျောင်းတွင် လျှောက်လွှာတင်ခြင်း လုပ်ငန်းစဉ်တစ်လျှောက် ကျောင်းသားများအား ကူညီရန် ငွေကြေးအကူအညီပေးရေး အကြံပေးများလည်း ရှိကြောင်း M.I.T ၏ ပြောရေးဆိုခွင့်ရှိသူ အမျိုးသမီးတစ်ဦးက ပြောသည်။

တက္ကသိုလ်၏အဆိုအရ ၂၀၂၃ - ၂၀၂၄ ပညာသင်နှစ်အတွက် ငွေကြေး အကူအညီ ရရှိထားသော ဘွဲ့ကြိုကျောင်းသားများသည် တစ်ယောက်ကို ပျမ်းမျှ ဒေါ်လာ (၁၂,၉၃၈)⁠ ရရှိခဲ့ကြောင်း သိရသည်။

Source - MIT News , The New York Times

 

International News Latest Post Read 185 times